သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသမှာ ပိုလီယိုကာကွယ်ဆေး တိုက်ကြွေးတဲ့အစီအစဉ် စတင်


ဂါဇာဒေသ စစ်ပွဲတွေကြား ရောဂါကူးစက်မှုတွေ မပေါ်ပေါက်စေဖို့ ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး အများအပြား တိုက်ကျွေးတဲ့ အစီအစဉ်ကြီးတခုကို ပါလက်စတိုင်းကျန်းမာရေး တာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေက စတင်လိုက်ပါတယ်။ တာဝန်ရှိသူတွေဘက်က ဂါဇာဒေသအလယ်ပိုင်းမှာရှိတဲ့ ကလေးတွေကို လာမယ့် ဗုဒ္ဓဟူးနေ့အထိ ကာကွယ်ဆေးတိုက်ကျွေးသွားဖို့ စီစဉ်နေပြီး၊ အဲဒီနောက်မှာတော့ စစ်ပွဲဒဏ် ပိုပြီးတော့ခံနေရတဲ့ ဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ဆက်လုပ်ဖို့လည်း စီစဉ်ထားပါတယ်။

မနေ့စနေနေ့ကတော့ ကာကွယ်ဆေးအနည်းငယ် တိုက်ကျွေးပြီး ဒီလှုပ်ရှားမှုကို စတင်ခဲ့ပြီး၊ ဒီအစီအစဉ်ကနေ ဂါဇာမှာရှိတဲ့ ကလေး ၆ သိန်း ၄ သောင်းလောက်ကို ဆေးတိုက်သွားနိုင်ဖို့ မျှော်လင့်နေပါတယ်။

ကာကွယ်ဆေး တိုက်တာတွေကို ဒီနေ့ အစောပိုင်းမှာ စတင်လိုက်တယ်ဆိုတာကို Deir al-Balah နဲ့ Nuseirat ဒေသက ဆေးရုံတွေက အတည်ပြုလိုက်ပြီး လာမယ့် စက်တင်ဘာ ၉ ရက်နေ့အထိ လုပ်သွားမှာဖြစ်တယ်လို့ အစ္စရေးက မနေ့က ပြောပါတယ်။ ဂါဇာမှာရှိတဲ့ ၁၀ လသား ကလေးတဦးမှာ ပိုလီယိုရောဂါဖြစ်နေတာကို တွေ့ရှိခဲ့ရပြီး ဒါဟာ ၂၅ နှစ်အတွင်း ဂါဇာဒေသမှာ ပိုလီယိုရောဂါကို ပထမဆုံးအကြိမ် ပြန်တွေ့ရတာ ဖြစ်ပါတယ်။
ကာကွယ်ဆေး တိုက်နိုင်အောင် ကူညီတဲ့အနေနဲ့ တိုက်ပွဲတွေကို အတိုင်းအတာတခုအထိ အကန့်အသတ်ထားပြီး ရပ်ဆိုင်းသွားဖို့ အစ္စရေးဘက်က သဘောတူထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကပြောပါတယ်

ဒီနေ့ အစောပိုင်းကတော့ ဂါဇာဒေသအလယ်ပိုင်းမှာ အစ္စရေးဘက်က တိုက်ခိုက်မှုတွေ ရှိတယ်လို့ ကနဦးသတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်၊ ထိခိုက်သေဆုံးမှုရှိ၊ မရှိ ဆိုတာတော့ အခုလောလောဆယ်မှာ မသိရသေးပါဘူး။

Forum

XS
SM
MD
LG