သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးထောင်ပေါက်၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်လွတ်မြောက်ဟု သတင်းထွက်ပေါ်


ဦးထွန်းထွန်းဟိန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ NLD အစိုးရလက်ထက် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ)
ဦးထွန်းထွန်းဟိန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ NLD အစိုးရလက်ထက် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ)

လားရှိုးမြို့ အကျဉ်းထောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို MNDAA ကိုးကန့်ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဇူလိုင်လ ၂၈ ရက်နေ့က တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေ လွတ်မြောက်လာခဲ့ကြတယ်လို့သိရပါတယ်။

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်ဟိန် ပါဝင်တယ်လို့ ဒေသတွင်းသတင်းတွေနဲ့ မြန်မာမီဒီယာတချို့က ဖော်ပြနေပါတယ်။ လားရှိုးမြို့ကို ဆက်သွယ်စုံစမ်းဖို့ အခက်အခဲကြောင့် ဦးထွန်းထွန်းဟိန်လွတ်မြောက်လာတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ VOA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လားရှိုးတိုက်ပွဲမှာပါဝင်တဲ့ မဟာမိတ်တပ်ဖွဲ့တခုဖြစ်တဲ့ BPLA တပ်ခေါင်းဆောင် ကိုဆောင်းခကတော့ တိုက်ပွဲဖြစ်ရင်း ထောင်ပွင့်သွားပြီး ဦးထွန်းထွန်းဟိန်နဲ့နိုင်ကျဉ်းတချို့ကို ရှာဖွေနေပါတယ်လို့ သူ့လူမှုမီဒီယာမှာ ရေးသားပါတယ်။ ထောင်ထဲမှာတော့ မရှိတော့ပေမယ့် အခုအချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တဦးကတော့ VOA ကို ပြောပါတယ်။

ဦးထွန်းထွန်ဟိန်ဟာ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ရဲ့ ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားသူလည်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ဖမ်းဆီးချုပ်နှောင်ခံရပြီး ပုဒ်မ ၁၂၂ အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတာပါ။ သူ့ကို လားရှိုးအကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

လားရှိုးမြို့ နေရာအတော်များများကိုတော့ MNDAA ကိုးကန့်တပ်က ထိန်းချုပ်ထားပြီး တချို့နေရာတွေမှာ တိုက်ပွဲတွေ ရှိနေတုန်းလို့သိရပါတယ်။ လားရှိုးမြို့ကို သိမ်းယူနိုင်ပြီလို့ MNDAA က ကြေညာထားပေမယ့် စစ်ကောင်စီက်ကတော့ ဒါကို ငြင်းပယ်ထားပါတယ်။ ဇူလိုင်လ ၂၈ရက်နေ့မှာပဲ UWSA ဝ တပ်ဖွဲ့တချို့ လားရှိုးမြို့ကို ဝင်ရောက်လာတာရှိပေမယ့် ဝ ဆက်ဆံရေးရုံးနဲ့လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ ဝင်ရောက်လာတာဖြစ်တယ်လို့ UWSA ဘက်က ဗွီအိုအေကို ပြောပါတယ်။ MNDAA ဘက်ကတော့ လားရှိုးမြို့အတွင်း ကင်းလှည့်နေတဲ့ ဗွီဒီယိုဖိုင်တွေနဲ့ မြို့ရဲ့ အထင်ကရနေရာတွေကို သိမ်းပိုက်ရရှိထားတဲ့ ဓါတ်ပုံတွေကို ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG