သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးဇွဲထက်ရွှေဆိုင်ရှေ့ ဗုံးကွဲမှု ၁၀ ဦးကျော်ဒဏ်ရာရ


Credit: ဇွဲထက်ရွှေဆိုင် Facebook
Credit: ဇွဲထက်ရွှေဆိုင် Facebook

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မြို့မဈေးက ရွှေဆိုင်တစ်ဆိုင်ရှေ့မှာ ဒီကနေ့ စနေနေ့ မနက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ဆိုင်ဝန်ထမ်း ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဆိုင်ကယ်မှာ ဗုံးတပ်ဆင်ထားပြီး ဖောက်ခွဲတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို အခြေခံပြီး အလိမ္မာက တင်ပြပါမယ်။

လားရှိုးမြို့ မြို့မဈေးမှာရှိတဲ့ ဇွဲထက်ရွှေဆိုင်ရှေ့မှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာပါ။ လားရှိုးမြို့ခံတစ်ဦးက ဒီပေါက်မှုမှာ အနည်းဆုံး လူ၁၀ ဦးလောက် ထိခိုက်ခဲ့ကြောင်း VOA ကို ပြောပါတယ်။

“၇ နာရီကျော်လောက်တုန်းက ဇွဲထက်ရွှေဆိုင်မှာ ပေါက်တယ်လို့တော့ ပြောတယ်။ ဇွဲထက်ရွှေဆိုင်က လားရှိုးမြို့မဈေးထဲမှာ ရှိတာ။ မြို့မဈေးအလယ်လောက်မှာ။ ဒဏ်ရာရကြတယ်။ ဆယ်ယောက်ကျော်ကျော် ဒဏ်ရာရကြတယ်လို့ ပြောတယ်။ အသေကတော့ မကြားရသေးဘူး။ သေတာတော့။”

အခြားမြို့ခံ အမျိုးသားတစ်ဦးကတော့ ဇွဲထက်ရွှေဆိုင်က ဝန်ထမ်းတွေ ဆိုင်ဖွင့်ဖို့ ရောက်လာပြီးတဲ့နောက် ဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးကို နေရာရွှေ့ဖို့ လုပ်ဆောင်စဉ်မှာ ပေါက်ကွဲတာဖြစ်ကြောင်း ပြောပါတယ်။

“၇ နာရီ ၄၅ လောက်မှာ ဖြစ်သွားတာ။ ဖြစ်စဉ်ကတော့ ချိန်ကိုက်ဗုံးကို ဆိုင်ကယ် Tool Box ထဲကို ထည့်ပြီးတော့ ဆိုင်ရှေ့မှာ ဘယ်အချိန်တည်းက ရပ်ထားလည်းတော့ မသိဘူးပေါ့။ အဲဒီ ဆိုင်ရှေ့ကို ရပ်ထားလိုက်တယ်။ ရွှေဆိုင်ရဲ့ ဝန်ထမ်းလေးတွေက ဖယ်ရီကားနဲ့ ရောက်လာတာပေါ့။ ရောက်လာတော့ ကောင်လေးတစ်ယောက်က ဒီဆိုင်ကယ်ကို ရွှေ့ဖို့ဆိုပြီးတော့ ကားပေါ်ကနေ ဆင်းလိုက်တယ်။ ဆင်းပြီးတော့ ဆိုင်ကယ်ကို ရွှေ့တယ်။ ရွှေ့တဲ့အချိန်မှာ မိုင်းက ကွဲတယ်။ ခွဲတဲ့လူက ဘယ်အဖွဲ့အစည်းရယ်လို့တော့ မသိဘူးပေါ့။”

မိုင်းပေါက်ကွဲချိန်မှာ ဝန်ထမ်းအမျိုးသမီးတွေလည်း ဖယ်ရီကားပေါ်က ဆင်းလာနေချိန် ဖြစ်တာကြောင်း အားလုံး ထိခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ လက်သည်တရားခံကို ဖမ်းဆီးနိုင်တာ မရှိသေးကြောင်း ပြောပါတယ်။

လားရှိုးမြို့က လူမှုကူညီရေးအသင်းဝင်တစ်ဦးကတော့ သူသိရသလောက် ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးရှိပြီး ၂ ဦးက စိုးရိမ်ရကြောင်း ပြောပါတယ်။

“၁၂ ဦးပါခင်ဗျာ။ အသေအပျောက်တော့ မရှိပါဘူး။ စိုးရိမ်ရတာ ၂ ဦးပါခင်ဗျ။ ”

ဇွဲထက်ရွှေဆိုင်ဟာ စစ်မှုထမ်းဟောင်းတစ်ဦးပိုင်ဆိုင်ပြီး စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ နီးစပ်မှု ရှိကြောင်းနဲ့ လက်ရှိ ပေါက်ကွဲမှုဟာ အခွန်ကောက်ယူတာနဲ့ သက်ဆိုင်နိုင်ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ကလည်း တစ်ရက်တည်းမှာ မန္တလေးမြို့ ၈၄လမ်းနဲ့ လမ်း၃၀ ထောင့်မှာရှိတဲ့ ဇွဲထက်ရွှေဆိုင်နဲ့ ၆၂လမ်းရှိ ဇွဲထက်ရွှေဆိုင် ၂ဆိုင်မှာ ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။

လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက Fully Light ဟိုတယ်မှာ ဗုံး၂ ကြိမ်၊ Golden Hill ဟိုတယ်နဲ့ အသောက စက်သုံးဆီအရောင်းဆိုင်မှာ တစ်ကြိမ်စီ နဲ့ အနည်းဆုံး၄ ကြိမ် ပေါက်ကွဲခဲ့ပါတယ်။ ဒီ ပေါက်ကွဲမှုတွေမှာလည်း လက်သည်တရားခံ ဖော်ထုတ်နိုင်တာ မရှိသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၃ ဖွဲ့လောက်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားနေတဲ့ နယ်မြေ ဖြစ်ပါတယ်။

XS
SM
MD
LG