သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုး ရိုးမဘဏ် ဗုံးပေါက်ကွဲမှု ဒေသခံတွေ လုံခြုံရေးစိုးရိမ်


ဗုံးပေါက်ကွဲပြီးမြင်ကွင်း။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)
ဗုံးပေါက်ကွဲပြီးမြင်ကွင်း။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ဗုဒ္ဓဟူး နေ့ညနေပိုင်းက လားရှိုးမြို့နယ်၊ ရိုးမဘဏ်ခွဲမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် လုံခြုံရေးပိုင်းတင်းကျပ်ထားပြီး မြို့ခံတွေကြားမှာတော့ စိုးရိမ်မှုတွေရှိနေကြတယ်လို့ မြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒီပေါက်ကွဲမှုမှာ လူနှစ်ဦးသေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အင်္ဂါနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဘဏ်ခွဲတွေလုံခြုံရေး ပိုစိတ်ချရဖို့ အထူးအားစိုက်ပြီး လုပ်သွားမယ်လို့ ရိုးမဘဏ်အမှုဆောင်ဥက္ကဌ ဦးသိမ်းဝေရဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

လားရှိုးမြို့မှာ နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးလို့ပြောရမယ့် ဗုဒ္ဓဟူး နေ့ညနေပိုင်း ၄ နာရီ ၄၇ မိနစ်အချိန် ဗုံးပေါက်ကွဲမှု ဟာ ရိုးမဘဏ်ရဲ့ လားရှိုးဘဏ်ခွဲ (၁)၊ မြေညီထပ်မှာဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ်မှာ ဒဏ်ရာရသူ ၂၄ ဦးထက်မနည်းရှိခဲ့ပြီး သူတို့အားလုံး ကို ဆေးရုံပို့ပြီးတဲ့နောက် အဲဒီထဲက ဘဏ်ဝန်ထမ်း အမျိုးသမီးနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။ ကျန်တဲ့ဒဏ်ရာရသူ ၂၂ ဦးကတော့ ဆေးရုံမှာ ဆေးကုသမှုခံ ယူနေပြီး သူတို့အခြေအနေအသေးစိတ်ကို အတိအကျ မသိရသေးပါဘူး။ ဒဏ်ရာရသူတွေထဲက ၆ ဦး ဟာ ဘဏ်ဝန်ထမ်းတွေဖြစ်တယ်လို့ ရိုးမဘဏ်ရဲ့ ဗုဒ္ဓဟူး နေ့ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။ ဗွီအိုအေက လားရှိုးဆေးရုံကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

ရှမ်းပြည်ဆိုတာက ဗုံးသံ၊ သေနတ်သံနဲ့ စိမ်းတဲ့ဒေသမဟုတ်ပေမယ့် အခုဖြစ်ရပ်ကတော့ လားရှိုးမှာ အကြီးမားဆုံးဖြစ်တဲ့ ဖြစ်ရပ်ပဲ လို့ အခင်းဖြစ်နေ့က ကိုယ်တိုင်သွားပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူ လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ဥက္ကဌ ကိုထွန်းမြင့်က ဗွီအိုအေကိုပြောပါတယ်။

“ရှမ်းပြည်ဘက်က အမြဲတမ်းတော့ အသံလေးတွေ ကြားနေရတာတော့ရှိတာပေါ့။ ဒါတော့ နည်းနည်းကြီးကြီးမားမား ဖြစ်တာပေါ့။ သေနတ်ပစ်တာတို့ ဘာတို့တော့ ရှိတာပေါ့ခင်ဗျာ။ လမ်းသွားလမ်းလာတွေ ရှိနေတာဆိုတော့ ဒီမှာတော့ မြို့ထဲမှာတော့ ဒါကြီးတာ ပေါ့။ ဒီ့ထက်ကြီးတာတော့ ဘာမှမရှိတော့ဘူးဗျ။ ဗုံးသံကလည်း တော်တော်လေးကြီးတာကိုး။ ဒါက အကြီးမားဆုံးပဲ။ အဆုံးဆုံးပဲ ပြောရမှာပေါ့။ မြို့ထဲမှာတော့ အဆိုးဆုံးပေါ့ဗျာ။ နောက် ရဲစခန်းနီးတယ်ဗျာ၊ ဆေးရုံနီးတယ်ဗျာ၊ ကျောင်းတွေနီးတယ်ဗျာ၊ ဘုရား တွေနီးတယ်၊ အဆိုးဆုံးအခြေအနေပေါ့ဗျာ၊ ဒါကတော့။ ခါတိုင်း ကျနော်တို့မြို့မှာ ဒီလိုအဆိုးဆုံး မဖြစ်မှမဖြစ်တာ။”

၂၀၁၄ ခုနှစ်၊ မေလလည်ပိုင်း လင်းအားကြီးအချိန်တုန်းကလည်း လားရှိုးက ကမ္ဘောဇဘဏ်နဲ့ သမဝါယမဘဏ်တွေနားမှာ ရှေ့ဆင့် နောက်ဆင့်ဆိုသလို ပေါက်ကွဲမှုနှစ်ခုဖြစ်ခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ ထိခိုက် သေဆုံးတာတွေ မရှိခဲ့သလို အပျက် အစီးလည်း အခုလောက် မကြီးခဲ့ပါဘူး။

ဗုဒ္ဓဟူး နေ့ညနေ ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း စုံစမ်းစစ်ဆေးမှုအခြေအနေနဲ့ လုံခြုံရေးဆောင်ရွက်နေမှုအခြေအနေတွေကို သိရဖို့ လားရှိုးရဲတပ်ဖွဲ့ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း အဆက်အသွယ်မရခဲ့ပါဘူး။

ပေါက်ကွဲမှုဖြစ်တဲ့အချိန်ဟာ ညနေ ၅ နာရီနီးပါးအချိန် ဖြစ်တာကြောင့် ညနေပိုင်းနဲ့ညပိုင်း ပုံမှန်အရောင်းအဝယ် အသွားအလာ တွေနဲ့ စပြီး စည်ကားစအချိန်လို့ဆိုရမှာပါ။ ဒါပေမဲ့လည်း ပေါက်ကွဲမှုကြောင့် လူတွေ သေဆုံး ဒဏ်ရာရတဲ့ထိ ဖြစ်ပြီးတဲ့နောက် မြို့ရဲ့ပုံမှန်စည်ကားမှု ပျောက်သွားတယ်လို့ မြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“စိုးရိမ်ထိတ်လန့်ပြီးတော့ မနေ့ကတော့ တိတ်ဆိပ် ခြောက်ကပ်နေတာပဲ၊ တမြို့လုံးကတော့။ ခါတိုင်းဆိုလို့ရှိရင် ၁၀ နာရီ၊ ၁၂ နာရီလောက်အထိ ကားတွေ၊ ဆိုင်ကယ်တွေ သွားလာနေကြတာပေါ့။ မနေ့ကတော့ တော်တော်လေးကို တိတ်ဆိတ်သွားတယ်ဗျ။ ၈ နာရီနောက်ပိုင်းကို လူမရှိတော့ဘူး။ ညဈေးလည်း သိမ်းကုန်ကြတာပေါ့၊ အားလုံးကြောက်လန့်ပြီးတော့။ ညဈေးမှာဆိုလို့ရှိရင် လည်း ဆိုင် ၃၀၀ လောက်ရှိတဲ့ထဲမှာ ၂၀၀ ကျော်လောက်တော့ သိမ်းကုန်ကြတာပေါ့။ သိမ်းတဲ့အချိန်မှာ နောက်ကျန်တဲ့ ဆိုင်တွေ လည်း အားလုံးသိမ်းပြီးတော့ ပြန်ကုန်ကြတယ်။ မနေ့က သူတို့ တမြို့လုံး လုံခြုံရေး လှည့်ကင်း ဆောင်ရွက်နေတယ်။”

ရိုးမဘဏ်ရဲ့ အမှုဆောင်ဥက္ကဌ ဦးသိမ်းဝေ (ခ) မစ္စတာ Serge Pun က အခင်းဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာပဲ သတင်း ထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့ပြီး အခုလို ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်လုပ်ရပ်အတွက် များစွာတုန်လှုပ်မိပြီး ဝမ်းနည်းမိပါ တယ်၊ ဒီလို လူမဆန်တဲ့လုပ်ရပ်အတွက် အကြောင်းပြချက်တွေ မပေးနိုင်ပါဘူး၊ အကြမ်းဖက်မှုတွေကို တိုက်ဖျက်နိုင်ဖို့၊ ဘဏ်ခွဲ တွေမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ Customer တွေရဲ့လုံခြုံရေးကို ပိုမိုစိတ်ချရမှုရှိစေဖို့ အထူးအားစိုက်ပြီး အလေးအနက်ထား ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ပြောထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဗုဒ္ဓဟူး နေ့ည နောက်ဆုံးထုတ်ပြန်ချက်မှာ “အကြမ်းဖက်သောင်းကျန်းသူ စိစစ်ဆဲအဖွဲ့ ထောင်ထားတဲ့ ဒေသန္တရ မိုင်းတလုံး” ပေါက်ကွဲတယ်လို့ ဖော်ပြထားပါတယ်။ အခုချိန်ထိတော့ ဘယ်အဖွဲ့ဆိုတာ အတိအကျ ထွက်မလာသေးပါဘူး။ မြန်မာ့တပ်မတော်ကတော့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကို “အကြမ်းဖက်သောင်းကျန်းသူ” အဖြစ် မကြာခနဆိုသလို ခေါ်ဆို သုံးနှုန်းလေ့ရှိပါတယ်။

ရိုးမဘဏ်ကို ၁၉၉၃ ခုနှစ်က စတင်ထူထောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ ဘဏ်တွေထဲမှာ နံပါတ် ၄ အဆင့် အကြီးဆုံးဘဏ်ဖြစ်ပြီး ဝန်ထမ်းပေါင်း ၃,၀၀၀ ကျော်၊ ဘဏ်ခွဲပေါင်း ၇၄ ခု ဖွင့်လှစ်ထားတယ်လို့ ရိုးမဘဏ်ရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG