သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းသပိတ် ဖြိုခွဲခံရမှု ၂ လပြည့် ဆန္ဒပြ


လက်ပံတောင်းဒေသခံတွေ ဆန္ဒပြ
လက်ပံတောင်းဒေသခံတွေ ဆန္ဒပြ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းဖို့အတွက် ဆန္ဒပြခဲ့တဲ့ သံဃာတော်တွေကို အကြမ်းဖက် နှိမ်နင်းခဲ့တာဟာ အခုဆိုရင် (၂) လပြည့်ခဲ့ပါပြီ။ အကြမ်းဖက်သူတွေကို အရေးယူပေးဖို့အတွက် ဝိုင်းဝန်းတောင်းဆိုနေပေမဲ့ (၂) လပြည့်ချိန်အထိ ထိထိရောက်ရောက် အရေးယူတာ မရှိသေးသလို၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ပစ်ဖို့ ဒီကနေ့မှာပဲ ဆန္ဒပြသူတွေ၊ ဒေသခံတွေ ထောင်ဂဏန်းချီ ပူးပေါင်းဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က တင်ပြထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အပါအဝင် ပြီးခဲ့တဲ့ (၂) လက သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲခံရမူကို အရေးယူ ဆောင်ရွက်ပေးခြင်း မရှိတာကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဦးဆောင်သံဃာတပါးဖြစ်တဲ့ စမ်းမြဝတီ ကျောင်းတိုက်က ဆရာတော် ဦးစန္ဒာသီရိ ကပြောပါတယ်။

“လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွဲတဲ့နေ့၊ သပိတ်ဖြိုခွဲတဲ့နေ့၊ သံဃာတွေ ဒဏ်ရာရတဲ့နေ့ (၂) လပြည့်ပါ။ လူအင်အားကတော့ ၂ ထောင်ကျော်ကျော် ရှိမယ် ထင်ပါတယ်။ ကြွေးကြော်သံ တိုင်နေတာကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံး၀ ဖျက်သိမ်းရေးလေ။ နောက်ပြီး သပိတ်စခန်း နှိမ်နင်းမှုမှာ ပတ်သက်သူတွေ၊ ပါဝင်သူတွေကို အမြန်ဆုံး ထိရောက်စွာ အရေးယူပေးဖို့ အရေးဆိုပြီးတော့ ကြွေးကြော်သံတွေနဲ့ပါ။ နောက်ပြီး လက်ပံတောင်းတောင်အရေးကြောင့် ဖမ်းဆီးထားသူများကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေးပေါ့။ လူထုဆန္ဒ ကို ဖော်ဆောင်ပေးရေး၊ နောက်ပြီးတော့ ပြည်သူ့အစိုးရ ပြည်သူ့ဘက်က ရပ်တည်ပေးရေး ဆိုပြီးတော့ ကြွေးကြော်ချီတက်လာကြတာပါ။ ဒေသခံတွေ အားနည်းတာကြောင့် ရဟန်းသံဃာတွေက လိုက်ပါ စောင့်ကြည့်ပေးရုံပါပဲ ဦးဇင်းတို့ကတော့။ ငြိမ်းချမ်းရေး အကြမ်းမဖက်ရေးတွေနဲ့ ဦးဇင်းတို့ ရဟန်းတွေက လိုက်ပါစောင့်ကြပ်နေပါတယ်။”

မကြာခင်မှာပဲ လက်ပံတောင်း ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်က အစီရင်ခံစာ ထွက်လာဖို့ ရှိပေမဲ့ ဒေသခံတွေကတော့ ကော်မရှင်က ဘာပဲဆုံးဖြတ်ဆုံးဖြတ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးကိုသာ လုပ်ဆောင်သွားမယ်လို့ ဆန္ဒပြသူ အမျိုးသမီးတဦးက ဆိုပါတယ်။

“စုံစမ်းရေးအဖွဲ့အနေနဲ့ ကျမတို့ ပြည်သူတွေဘက်ကနေပြီးတော့ ရပ်တည်မပေးဘူးလို့ ကျမတို့ ယုံကြည်ပါတယ်။ အဲ့ဒီလိုပဲ အကောင်းဆုံး အဖြေထွက်မလာဘူး ဆိုရင်လည်း ကျမတို့အနေနဲ့ လုံးဝရပ်တန့်တဲ့အထိ တောင်းဆို ဆန္ဒပြသွားမှာပါ။”

ဆန္ဒပြရာမှာ မြန်မာဝိဇ္ဇာသိပ္ပ ံကျောင်းသားများ ကွန်ယက်အပါအဝင် တခြားအဖွဲ့အစည်း အသီးသီးက ကျောင်းသား လူငယ်တွေလည်း ပါဝင်ကြပါတယ်။ ကျောင်းသားတွေကလည်း သူတို့သဘောထားကို အခုလို ပြောပါတယ်။

“နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ကွန်ယက်အသီးသီးတွေ အဖမ်းခံရပြီး ဒီသပိတ်စခန်းကို အကြမ်းဖက်တဲ့ လူတွေကိုကျတော့ အခုထက်ထိ စုံစမ်းစစ်ဆေးမှုတွေ မလုပ်သေးတဲ့အတွက်ကြောင့် ဆန္ဒဖော်ထုတ်ရတာလည်း ဖြစ်ပါတယ်။”

စမ်းမြဝတီ ကျောင်းတိုက်က ဆရာတော် ဦးစန္ဒာသီရိကတော့ အာဏာပိုင်တွေ စောင့်ကြည့်နေတဲ့ကြားကပဲ ဆန္ဒပြမှုတွေ ဆက်လုပ်ခဲ့တဲ့အကြောင်းနဲ့ လုံခြုံရေးတွေ အများအပြားကတော့ လိုက်လံစောင့်ကြည့်မှုတွေ မပြတ်လုပ်နေတယ်လို့ ဆိုပါတယ်။

“အခုအချိန်မှာတော့ ဦးဇင်းတို့ ကြွေးကြော်သံတွေလည်း ကြွေးကြော်ပြီးတော့ တနာရီတိတိမှာ တုံရွာထိပ် သပိတ်စခန်းကနေပြီး လမ်းလျှောက်ချီတက် ဆန္ဒပြလာတဲ့အချိန်မှာ SB လို့ခေါ်တဲ့ ရဲသတင်းတပ်ဖွဲ့တွေ၊ အဲ့ဒီအရပ်ဝတ် ရဲတွေ အများအပြား စောင့်ကြည့်နေပါတယ်။”

နောက်ဆုံးသတင်းတွေအရ တုံရွာသပိတ်စခန်းက လက်ပံတာင်းတောင်ခြေ ဝမ်ဘောင်ကုမ္ပဏီ ရှိတဲ့နေရာကို ဆန္ဒပြသူူတွေ ရောက်လာချိန်မှာတော့ ပုသိမ်မုံရွာ ကားလမ်းမကြီးကို အာဏာပိုင်တွေက ပိတ်ဆို့ပြီး ဟန့်တားမူတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို မြန်မာဝမ်ဘောင် ကုမ္ပဏီနဲ့ မြန်မာ့စီးပွာရေး ဦးပိုင်ကုမ္ပဏီ လီမီတက်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း (၇၈၀၀) ကျော် သိမ်းယူခဲ့သလို ရွာ (၄) ရွာကိုလည်း နေရာပြောင်းရွေ့ခိုင်းခဲ့ပါတယ်။

ကုမ္ပဏီဘက်ကတော့ ဒေသခံတွေကို နစ်နာကြေးပေးပြီးသား ဖြစ်တာကြောင့် စီမံကိန်းကို ရပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒေသခံတွေကတော့ စီမံကိန်းကာလအတွင်းမှာ ကုမ္ပဏီက ကားတွေဟာ လယ်ယာတွေကို ဖြတ်သန်းမောင်းနှင်တဲ့အတွက် သီးနှံပျက်ဆီးခ (၃) နှစ်စာ လျော်ကြေးကိုသာ ပေးခြင်းဖြစ်ကြောင်း၊ စာချုုပ်တွေထဲမှာ အဲဒီလိုပဲ ရေးသားထားကြောင်း၊ လယ်သမားတွေကို အနည်းငယ်သာရှိတဲ့ နစ်နာကြေးပေးပြီး သိမ်းတာမျိုးကို လက်မခံနိုင်ကြောင်း၊ ဒီအတွက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးကိုသာ လိုလားတဲ့ အကြောင်း ပြောဆိုခဲ့ကြပါတယ်။

မကြာသေးခင်တုန်းကတော့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ဘောင်ကုမ္ပဏီ တာဝန်ရှိသူတယောက်က စီမံကိန်း ရပ်တန့်ရမယ်ဆိုရင် ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းမှာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်ရှင်။
XS
SM
MD
LG