သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းစီမံကိန်း ဆန္ဒပြသူများ တားဆီးထိန်းသိမ်းခံရ


လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အင်အားသုံးဖမ်းဆီးနေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း) ၁၃ သြဂုတ် ၂၀၁၃။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အင်အားသုံးဖမ်းဆီးနေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း) ၁၃ သြဂုတ် ၂၀၁၃။
မြန်မာနိုင်ငံ အထက်ပိုင်း မုံရွာမြို့မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ဆန္ဒပြမှု ဖြစ်ခဲ့ရာမှာ ခွင့်ပြုချက်မရပဲ ဆန္ဒပြလို့ဆိုပြီး လုံခြုံရေး အာဏာပိုင်တွေက ဝင်ရောက်တားဆီး၊ ဖမ်းဆီးရာမှာ ၂ ဘက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ ဒီနောက် ဦးဆောင်သူ အမျိုးသမီး (၁၀) ဦးကို လုံခြုံရေး အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပြီး ညနေပိုင်းမှာတော့ အဲဒီအထဲက (၉) ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဆန္ဒပြသူတွေဘက်ကတော့ ကြေးနီတောင်စီမံကိန်း ရပ်တန့်ဖို့၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဖျက်သိမ်းဖို့ စတဲ့ တောင်းဆိုချက်တွေကို ကြွေးကြော်တောင်းဆို ခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ က တင်ပြထားပါတယ်။

ခွင့်ပြုမိန့်တွေ တင်ပြတောင်းဆိုခဲ့ရာမှာ ပယ်ချခံခဲ့ရတဲ့အတွက် ဆန္ဒပြဖို့ ကြိုစားရင်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်က တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ အပါအဝင် လက်ပံတောင်းဒေသခံ တောင်သူအမျိုးသမီး (၁၀) ဦး ဖမ်းဆီခံခဲ့ရတာပါ။

ညနေပိုင်းကစပြီး ဒေသခံတောင်သူ အမျိုးသမီး (၆၀) ခန့်ဟာ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့အတွက် ထိုင်သပိတ်လုပ်ပြီး တောင်းဆိုခဲ့ပါ တယ်။

ည (၇) နာရီကျော် အချိန်လောက်မှာတော့ မနော်အုန်းလှ ကလွဲပြီး ဒေသခံ အားလုံးကို ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း မျိုးဆက်သစ် လူငယ်အဖွဲ့က ကိုကျော်သူက ပြောပါတယ်။

“ရွာသားတွေ(၉) ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်ပေါ့နော်။ ပြန်လွှတ်ပေးပြီးတော့ ကျနော်တို့ သပိတ်စခန်းကို လှန်ပေးလိုက်တယ်ခင်ဗျ။ သပိတ်စခန်းကို ပြန်လှန်လိုက်ပြီ။ ရွာသားတွေ ပြန်လွှတ်ပေးတယ်။
ဒေါ်နော်အုန်းလှ တစ်ယောက်ပဲ ကျန်ခဲ့တယ်ပေါ့နော်။ ကျန်တဲ့လူတွေ အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီ။”

ဒီနောက်မှာတော့ ထိုင်သပိတ်လုပ်နေတဲ့ နေရာဟာ ရဲစခခန်းရှေ့ လမ်းမနဲ့ ဘုန်းကြီးကျောင်းဝင်း အတွင်းမှာဖြစ်နေတဲ့အတွက် ဆရာတော်ရဲ့ မေတ္တာ ရပ်ခံချက်နဲ့ ထိုင်သပိတ် ဆင်နွဲှနေမှုတွေကို ဒေသခံတောင်သူတွေက ရုပ်သိမ်းပေးလိုက်ရတယ်လို့ ဆိုပါတယ်။

“လက်ရှိအခြေအနေက ကျနော်တို့ ရဲစခန်းရှေ့က လမ်းတဝက်က ဟိုဟာထဲမှာ ပါသွားတယ်လေ။ ဘုန်းကြီးကျောင်း အပေါက်ဝမှာ အဆုံးသတ်သလို ဖြစ်သွား တယ်။ ဆရာတော်က ဘာပြောလဲဆိုတော့ လက်ရှိရွာသားတွေ၊ နယ်ခံတွေ ပြန်လွှတ်ပေးတဲ့အတွက် ဒါကို ပြန်လှန်ပေးဖို့၊ သူ့ကျောင်းမှာ လက်ရှိ ရုတ်ရုတ်သဲသဲ မဖြစ်ချင်ဘူးတဲ့။ အဲဒီအတွက်ကို ကြွေးကြော်တာတွေလည်း မလုပ်ဖို့ အဲလိုတွေ ကျနော်တို့ကို ပြောတယ်လေ။ ကြွေးကြော်တာတွေ၊
အော်ဟစ်တာတွေ မလုပ်ဖို့ ကျနော်တို့ကိုပြောတယ်။ ပြီးတော့ စခန်း ပြန်ရုပ်ပေးဖို့၊ တကယ်လို့ ဆက်ပြီး ဆန္ဒပြချင်တယ်ဆိုရင် မနက်ဖြန်မှလာခဲ့ပေါ့နော်၊ အဲဒီလိုမျိုးတွေ ပြောတာခင်ဗျ။ သူ့ကိုလည်း ဟိုဘက်က ရဲတွေက အကြောင်းကြားတယ်ပေါ့လေ။ အဲဒီလိုပြောတယ် ကျနော်တို့ကို။”

လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ မနော်အုန်းလှဟာ ခွင်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ (၁၈) အပါအဝင် အမှုများစွာနဲ့ စွဲချက်တင်ခံထားရသူ ဖြစ်ပါတယ်။ မနော်အုန်းလှနဲ့ လက်ပံတောင်းဒေသခံတွေ ဖမ်းဆီးခံရမှု ဖြစ်တဲ့အချိန်ဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေးကင်တားနား (Mr. Thomas Ojae Quintana) မြန်မာနိုင်ငံကို ရောက်နေချိန်လည်း ဖြစ်ပါတယ်။

နေ့လည် ၂ နာရီကျော် အချိန်လောက် ကတည်းကစပြီး ဆန္ဒပြဖု့ိ ကြိုးစားသူတွေနဲ့ ဖမ်းဆီးဖ့ို ကြိုးစားခဲ့တဲ့ ရဲဝန်ထမ်းတွေကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ရတယ်လို့လည်း မျက်မြင်တွေခဲ့ရသူ ကိုကျော်သူက ဆိုပါတယ်။

“အောင်မင်္ဂလာရပ်ကွက်က ဒေသန္တရဆေးခန်းရှေ့မှာ အဲ့လို အခင်းဖြစ်သွားတာပေါ့နော်။ ရဲအင်အားက ၁၅၀ လောက်ရှိပါတယ်။ ၃ ထပ်ပိတ်တယ်။ ၁ ထပ်တည်းမဟုတ်ဘူး။ ၁ ထပ်၊ ၂ ထပ်၊ ၃ ထပ် ရဲအင်အား ၃ ထပ် တားပြီးတော့မှ ဖမ်းတာခင်ဗျ။ ရဲတပ်ဖွဲ့ဝင် အမျိုးသမီးရဲမေတွေက လူဖမ်း ဖမ်းတာမဟုတ်ဘူးဗျ။ သူခိုး၊ ဓားပြကို ဖမ်းတဲ့နည်းထက်ကို အဆပေါင်းများစွာ အကြမ်းပတမ်းနည်းကို သုံးတာ။ ဒေါ်နော်အုံးလှကို ဆွဲတာကို ဒေသခံတွေက ဝိုင်းရံထားတာကို လက်ဆွဲ ခြေထောက်ဆွဲပြီး ကြုံသလို ပစ်တင်လိုက်တာခင်ဗျ။ ကြုံသလို ပစ်တင်လိုက်ပြီးတော့ ဒီ ထမီကျွတ်ကျတဲ့ အမျိုးသမီးတွေတောင် ရှိတယ်ဗျ။”

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ ပူပေါင်းပြီး အကောင်အထည် ဖော်နေခဲ့တာပါ။ ဒီ့အတွက် ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ၇၈၀၀ ကျော်ကို သိမ်းယူခဲ့ပြီး ရွာပေါင်း ၄ ရွာကို ဖယ်ရှားခိုင်းခဲ့ပါတယ်။

စီမံကိန်းရပ်တန့်ရေး တောင်းဆိုဆန္ဒပြတဲ့ သူတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မီးလောင်ဗုံးနဲ့ ဖြိုခွဲခဲ့တဲ့အတွက် သံဃာ အတော်များများ မီးလောင်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ဒီ့နောက် စီမံကိန်းကို ဆက် လုပ်သင့် - မသင့် စုံစမ်းစစ်ေဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးခဲ့ပြီး ကော်မရှင်က စီမံကိန်း ဆက်လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

အကြံပြုထားချက်တွေကို အကောင်အထည် ဖော်ဖို့အတွက် ကော်မတီတရပ် ဖွဲ့စည်းပြီး လုပ်ဆောင်ခဲ့တာပါ။ ဒေသခံအများစုကတော့ မြေယာလျော်ကြေးတွေ ကိုလည်း လက်မခံသလို၊ စီမံကိန်း ရပ်တန့်ရေးကို တောင်းဆိုခဲ့ပြီး ဆန္ဒပြခွင့်တွေ ရဖို့အတွက်သာ ကြိုးစားခဲ့ကြပါတယ်။
XS
SM
MD
LG