သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူဝန်ကြီးချုပ်ဟောင်း ဈာပန တနင်္ဂနွေနေ့ကျင်းပမည်


စင်္ကာပူနိုင်ငံတည်ထောင်ခဲ့သူ ခေါင်းဆောင်ဟောင်း လီကွမ်ယု ကွယ်လွန်သွားကြောင်းသိရချိန် ဆေးရုံရှေ့မှာ စောင့်ဆိုင်းနေသူတွေနဲ့ ဝမ်းနည်းမျက်ရည်ကျနေတဲ့ ပြည်သူများကို တွေ့ရစဉ်။ (မတ် ၂၃၊ ၂၀၁၅)
စင်္ကာပူနိုင်ငံတည်ထောင်ခဲ့သူ ခေါင်းဆောင်ဟောင်း လီကွမ်ယု ကွယ်လွန်သွားကြောင်းသိရချိန် ဆေးရုံရှေ့မှာ စောင့်ဆိုင်းနေသူတွေနဲ့ ဝမ်းနည်းမျက်ရည်ကျနေတဲ့ ပြည်သူများကို တွေ့ရစဉ်။ (မတ် ၂၃၊ ၂၀၁၅)

စင်္ကာပူနိုင်ငံကိုတည်ထောင်သူ ဝန်ကြီးချုပ်ဟောင်းလီကွမ်ယု တနင်္လာနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တဲ့အတွက် ဝမ်းနည်းပူဆွေး နေသူတွေဟာ ဝန်ကြီးချုပ်နေအိမ်ရှေ့မှာ ပန်းတွေလာချပြီး ဂါရဝပြုနေကြပါတယ်။ သူကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။

ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုဟာ ပြင်းထန်တဲ့ အဆုတ်အအေးမိရောဂါနဲ့ ဖေဖေါ်ဝါရီလအစောပိုင်းကတည်းက စင်္ကာပူ အထွေထွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး တနင်္လာနေ့အစောပိုင်းကတော့ ညင်ညင်သာသာပဲ ကွယ်လွန်သွားတယ်လို့ ဝန်ကြီးချုပ် Lee Hsien Loong- ရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ မစ္စတာလီအတွက် နိုင်ငံတော်အခမ်းအနားနဲ့ ဈာပနကျင်းပမယ့်အချိန်အထိ စင်္ကာပူနိုင်ငံကို ၇ ရက်ကြာ နိုင်ငံတော် ဝမ်းနည်းကြေကွဲဖွယ် ကာလအဖြစ် စင်္ကာပူအစိုးရက ကြေညာလိုက်ပါတယ်။ တနင်္လာနဲ့အင်္ဂါနေ့တွေကို မိသားစုတွေအတွက် သီးသန့်ထားပြီး ဗုဒ္ဓဟူးနေ့မှာတော့ ကြွင်းကျန်တဲ့ရုပ်ကလာပ်ကို လွှတ်တော်ဆီ သယ်ယူသွားမှာဖြစ်ပါတယ်။ ဈာပနအခမ်းအနားနဲ့ မီးမသင်္ဂြိုဟ်ခင်အချိန်အထိ အဲဒီမှာ အများပြည်သူ လာရောက် ဂါရဝပြုခွင့်ပေးထားမှာလည်း ဖြစ်ပါတယ်။

‘သူက ကျနော်တို့ကို အားကျစေသလို ရဲစွမ်းသတ္တိနဲ့ ဆက်လက်ရှင်သန်စေပြီး ခုလက်ရှိအခြေနေကို ရောက်စေခဲ့သူပါ။ သူက ကျနော်တို့ရဲ့ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ပြီး စင်္ကာပူဆိုတဲ့နိုင်ငံကိုတည်ထောင်ခဲ့သလို ကျနော်တို့ စင်္ကာပူနိုင်ငံသား ဖြစ်ရတာကိုပါ ဂုဏ်တက်စေခဲ့သူပါ။ သူလိုလူ မရှိနိုင်သလို စင်္ကာပူနိုင်ငံသားတွေအတွက်တင်မက တခြားလူတွေအတွက်ဆိုရင်လည်း လီကွမ်ယုဟာ စင်္ကာပူပါပဲ’ လို့

စင်္ကာပူဝန်ကြီးချုပ်ဟောင်း ကွယ်လွန်သူ လီကွမ်ယုရဲ့သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် Lee Hsien Loong
စင်္ကာပူဝန်ကြီးချုပ်ဟောင်း ကွယ်လွန်သူ လီကွမ်ယုရဲ့သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် Lee Hsien Loong

သူ့ရဲ့သားဖြစ်သူ ဝန်ကြီးချုပ် Lee Hsien Loong က နိုင်ငံတော်ကို ရုပ်သံမိန့်ခွန်းပြောကြားခဲ့တာပါ။

မစ္စတာလီဟာ ၁၉၅၉ ခုနှစ်မှာ ဗြိတိသျှကိုလိုနီအဖြစ်ကနေ ရုန်းထွက်ပြီး ပေါ်ပေါက်လာတဲ့ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာပြီး ၁၉၉ဝ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံ-မြန်မာညီလာခံဖွင့်ပွဲမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ မစ္စတာလီကွမ်ယုကို ဂုဏ်ပြုတဲ့အနေနဲ့ တမိနစ်ကြာ ငြိမ်သက်ပြီး ဂါရဝပြုခဲ့ကြပါတယ်။ သူ့ရဲ့အမြင်က ဝိဝါဒပွါးဖွယ်ဖြစ်ချင်ဖြစ်နေပေမယ့် သူဟာ ဘယ်တော့မှ သွယ်ဝိုက်မနေဘဲ ပြတ်ပြတ်သားသား ပြောဆိုတတ်သူလို့ ညီလာခံကို ကမကထလုပ်တဲ့ စင်္ကာပူ နိုင်ငံတကာရေးရာသိပ္ပံက ပါမောက္ခ Simon Tay က ပြောပါတယ်။

မစ္စတာလီဟာ စင်္ကာပူကို အာရှမှာ စီးပွားရေး အင်းအားကြီးဖြစ်လာအောင်ဦးဆောင်ခဲ့ရုံမက နိုင်ငံရဲ့ အခြေခံအဆောက်အဦးတွေ ခိုင်မာခေတ်မီအောင်နဲ့ ပညာရေးစနစ်ကိုကမ္ဘာမှာ ရင်ဘောင်တန်းနိုင်တဲ့အဆင့်ထိ ရောက်အောင်လုပ်ဆောင်ခဲ့သူပါ။ ဒါပေမယ့် နှစ်ပေါင်း ၃ဝ ကျော် သူအုပ်ချုပ်ခဲ့တဲ့ကာလမှာ နိုင်ငံရေးအတိုက်အခံတွေအပေါ် ဖိနှိပ်တဲ့လုပ်ရပ်တွေကြောင့် အာဏာရှင်ဆန်တယ်လို့ ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။

မစ္စတာလီဟာ Cambridge တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရခဲ့သူဖြစ်ပြီး လန်ဒန်မှာပဲ စီးပွားရေးပညာရပ်ကို ဆည်းပူးခဲ့သူဖြစ်ပါတယ်။

XS
SM
MD
LG