သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကောက်နှံများဖြတ်သန်းတင်ပို့ခွင့်သဘောတူညီချက် ရုရှားပယ်ဖျက်


Izmail မှာကုန်တင်နေတဲ့ ယူကရိန်း ကောက်နှံများ၊ ဧပြီ ၂၆၊ ၂၀၂၃
Izmail မှာကုန်တင်နေတဲ့ ယူကရိန်း ကောက်နှံများ၊ ဧပြီ ၂၆၊ ၂၀၂၃

ယူကရိန်းကကောက်နှံတွေကို ပြည်ပတင်ပို့နိုင်ဖို့ ယူကရိန်းဆိပ်ကမ်းသုံးခုကနေ ပင်လယ်နက်အတွင်း ရုရှားစစ်သင်္ဘောတွေကို ဖြတ်ကျော်ခွင့်ပြုတဲ့ တနှစ်နီးပါးကြာ သဘောတူညီချက်ကို ပယ်ဖျက်လိုက်ပြီလို့ ရုရှားက တနင်္လာနေ့မှာ ကြေညာပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းဖြစ်နေတဲ့အချိန် ပင်လယ် နက်ထဲယူကရိန်းကောက်နှံတွေ ဖြတ်သန်းခွင့်ရဖို့ ဒီသဘောတူညီချက်ကို ကုလသမဂ္ဂနဲ့ တူရကီနိုင်ငံတို့က ကြားဝင်ညှိုနှိုင်းပေးခဲ့တာပါ။

အဲဒီက ဖြတ်သန်းတဲ့ကောက်နှံအများအပြားကို သင်္ဘောနဲ့ အာဖရိက အရှေ့အလယ်ပိုင်းနဲ့ အာရှက ဆင်းရဲတဲ့တိုင်းပြည်တွေကို ပို့ပေးနိုင်ခဲ့ပါတယ်။ အခုလို ရုရှားလုပ်ရပ်ကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ကန့်ကွက်ပါတယ်။ ပင်လယ်နက်ဖြတ်သန်းတဲ့ ဒီပို့ကုန်တွေဟာ ဒုက္ခတွေ့နေတဲ့ ကမ္ဘာအတွက် မျှော်လင့်ချက်ဖြစ်ပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက်လည်း အသက်တမျှ အရေးပါတယ်လို့ ပြောပါတယ်။

“ပဋိပက္ခ၊ ဥတုရာသီဖောက်ပြန်မှု၊ စွမ်းအင်ဈေးနှုန်းနဲ့ တခြားကိစ္စတွေကြောင့် စားနပ်ရိက္ခာ ထုတ်လုပ်မှုနဲ့ ရရှိနိုင်မှု အနှောက်အတားတွေရှိနေချိန်မှာ ဒီသဘောတူညီချက်ကြောင့် ပြီးခဲ့တဲ့နှစ်မတ်လကစလို့ စားနိပ်ရိက္ခာဈေးနှုန်း၂၃ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့ပါတယ်။ ဒီကနေ့ ရုရှားဆုံးဖြတ်ချက်ဟာ နေရာတိုင်းက လိုအပ်ချက်ရှိနေသူတွေကို ထိုးနှက်မှုဖြစ်ပါလိမ့်မယ်လို့ ကုလ အတွင်းရေးမှုးချုပ်က ပြောပါတယ်။

ကောက်နှံသင်္ဘောသွားလာမှုတွေကို ဖြတ်တောက်လိုက်တဲ့ အခုရုရှားလုပ်ရပ်ဟာ နောက်ထပ် ရက်စက် ကြမ်းကြုတ်မှုတခုပါပဲလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကလည်း ဝေဖန်တုန့်ပြန်ပါတယ်။ “ရုရှားရဲ့ နိုင်ငံရေးကစားမှုဟာ အာဖရိကဦးချိုဒေသက အဟာရဓါတ် မပြည့်ဝတဲ့ကလေးတွေ၊ ကလေးမိခင်တွေ စသဖြင့်လူသားတွေ ထိခိုက်ခံစားရလိမ့်မယ်”လို့ အမေရိကန် သံအမတ်ကြီးကပြောပါတယ်။

ယူကရိန်းကောက်နှံသင်္ဘောတွေ သွားလာခွင့်ကို ရုရှားအနေနဲ့ ဖြစ်နိုင်သမျှမြန်မြန် ပြန်ခွင့်ပြုသင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း သတင်းထောက်တွေကို ပြောပါတယ်။ ယူကရိန်းနဲ့ရုရှားဟာ ဂျုံ၊ ဘာလီ၊ နေကြာဆီနဲ့ တခြားဈေးနှုန်းသင့်စားနပ်ရိက္ခာတွေကို ကမ္ဘာမှာ အဓိက တင်ပို့နေတဲ့နိုင်တွေဖြစ်ပါတယ်။

ယူကရိန်းက ကောက်နှံတွေကို ပင်လယ်ကတင်ပို့မှုဟာ အကောင်းဆုံးလမ်းဖြစ်တာမို့ အခု ရုရှားရဲ့ဆုံး ဖြတ်ချက်ကြောင့် စားနပ်ရိက္ခာဈေးနှုန်းတွေ မြင့်တက်လာပြီး ကမ္ဘာ့ဆင်းရဲသားတွေအတွက် ငတ်မွတ် ခေါင်းပါးမှုဖြစ်လာစေမယ်လို့ ယူကရိန်းရဲ့ စိုက်ပျိုးရေးမူဝါဒဝန်ကြီးကဗွီအိုအေကို မှတ်ချက်စကား ပြောပါတယ်။ ယူကရိန်းကောက်နှံတွေကို တင်ပို့နိုင်ဖို့ တခြားနည်းလမ်းအားလုံး အသုံးပြုသွားမယ် လို့လည်းပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG