သုံးရလွယ်ကူစေသည့် Link များ

လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်ကို အာဏာပိုင်တွေဘက်က ရဲအင်အားသုံး အကြမ်းဖက် ဖြိုခွင်းပြီးတဲ့နောက် သာယာဝတီအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲက အရပ်သားအယောက် ၂၀ ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ပြစ်မှုဆိုင်ရာဥပဒေ ကျင့်ထုံးပုဒ်မ ၁၆၉ အရ အမှုမခိုင်လုံတဲ့အတွက် သူတို့ကို ပြန်လွှတ်ပေးလိုက်တာလို့ ရှေ့နေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့မှာ ဖမ်းဆီးထိန်းသိမ်းထားရတဲ့ ကျောင်းသားနဲ့ အရပ်သား ၁၀၀ ကျော်ကို အစိုးရက ထိန်းသိမ်းထားရာကနေ ပြီးခဲ့တဲ့အပတ်တုန်းက မီဒီယာသမားတွေ အပါအ၀င် ကျောင်းသား ၃၀ ခန့်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အခုအခါမှာတော့ အရပ်သား ၂၀ ကို ပြန်လွှတ်ပေးခဲ့ကြောင်း လွတ်မြောက်လာသူတွေကို အကူညီပေးနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့ကို မိဘတွေခေါ်လိုက်တယ်၊ ပြန်လွှတ်ပေးမယ်ဆိုပြီးတော့ ခေါ်လိုက်တော့ မိဘတွေက ထောင်ကိုလာတယ်၊ ထောင်ကိုလာတော့ လူ ၂၀ လို့ပြောတယ်။ လက်ပံတန်းဒေသခံ အမျိုးသားက ၁၉ ယောက်နဲ့ အမျိုးသမီးက ၁ ယောက်။ အဲ့ဒီမှာ အသက်မတူတာလည်း တယောက်ပါတယ်။ အဲ့ဒီဟာက သူတို့က ရုံးထုတ်လာတယ်။ သူတို့ ကားနဲ့ထုတ်လာတယ်ပေါ့။ ခရိုင်ရဲရုံးကိုရောက်သွားတယ်လေ။ ခရိုင်ရဲရုံးက အခမ်းအနားနဲ့ သူတို့ကို စကားပြောပြီး လွှတ်တယ်ပေါ့။ ရဲလုပ်ထုံးလုပ်နည်းအရ ၁၆၉ ကို လက်မှတ်ထိုးပြီးတော့ လွှတ်လိုက်တယ်။”

ပြန်လည်လွတ်မြောက်လာသူတွေကို ပြစ်မှုဆိုင်ရာကျင်ထုံးဥပဒေပုဒ်မ ၁၆၉ အရ ပြန်လွှတ်ပေးခဲ့တာဟာ အမှုစွဲတင်ဖို့အတွက် ခိုင်လုံတဲ့အချက်အလက်တွေ မရှိတာကြောင့် ပြန်လွှတ်ပေးတာဖြစ်ကြောင်း ဒီပုဒ်မအရ ကျောင်းသားအားလုံးကို ပြန်လွှတ်ပေးချင်ရင်လည်း ပြန်လွှတ်ပေးလို့ရနိုင်ကြောင်း ပြည်မြို့က လူအခွင့်အရေးရှေ့နေ ဦးမြင့်အေးကလည်း ဆိုပါတယ်။

“စစ်ဆေးပြီးတော့ အမှုမတင်နိုင်တဲ့အတွက် ရဲကနေ လွှတ်ပေးလိုက်တာ။ စစ်ဆေးပေမဲ့လို့ မခိုင်လုံဘူးဆိုပြီးတော့ လွှတ်လိုက်တာ။ ကျန်တဲ့သူအားလုံးကတော့ မနက်ဖြန် ကျနော်လည်း သွားရမှာကိုး။ ကျန်တဲ့သူအားလုံးကတော့ အမှုဆက်စွဲသွားမယ်လို့ ယူဆရတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မအရ စစ်ဆေးတယ်၊ မခိုင်လုံဘူးဆိုရင် အကုန်လုံးကို လွှတ်လို့ရတယ် ဥပဒေအရ။ ဒီအမှုမှမဟုတ်ဘူး။ တခြားအမှု လူသတ်မှု၊ ဘာအမှု အားလုံးလည်း စစ်ဆေးလို့ မခိုင်လုံဘူးဆိုရင် ယမန်ကြီး ၂ ပတ်ပေါ့၊ ၇ ရက် ၂ ပတ် နောက်ပိုင်းမှာ လွှတ်လို့ရတယ်။”

ကျန်တဲ့ကျောင်းသားနဲ့ အရပ်သားတွေကို ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတဲ့အတွက် မတ်လ ၂၅ ရက်နေ့မှာတော့ ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။ ကျောင်းသားတွေကို အာဏာပိုင်တွေက အကြမ်းဖက် ရိုက်နှက်ခဲ့မှုတွေအတွက် ကျောင်းသားနဲ့ ၀န်းရံအင်အားစုတွေဘက်ကနေ အမှုဖွင့် လိုက်ပါဆောင်ရွက်မယ့် ရှေ့နေများလည်း မနက်ဖြန်မှာ တရားရုံးကို သွားရောက်ကြမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ယမန်ယူထားတဲ့ကာလဖြစ်ပြီး ရှေ့နေများနဲ့ စွပ်စွဲခံထားရတဲ့ ကျောင်းသားတွေကတော့ တွေ့ဆုံခွင့် မရသေးပါဘူး။

မနက်ဖြန်မှာ လက်ပံတန်းတရားရုံးကို ရုံးထုတ်စစ်ဆေးမယ်လို့ သိရှိရပေမဲ့ မိသားစုတွေကိုတော့ အကြောင်းကြားတာမျိုးတွေ မရှိဘူးလို့ မိသားစုဝင်တချို့က ဆိုပါတယ်။ ဖမ်းဆီးခံထားရတဲ့ သူတွေထဲကတချို့ဟာ ရိုက်နှက်ခံထားရတဲ့ ဒဏ်တွေကြောင့် ဦးခေါင်းနဲ့ မျက်စိများ ထိခိုက်ထားပြီး အပြင်မှာ ဆေးကုသခွင့် ရနိုင်ဖို့အတွက် မိသားစုကတော့ မျှော်လင့်နေကြပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြန်လည် ပြင်ဆင်နိုင်ရေး တောင်းဆိုနေကြတဲ့ ကျောင်းသားတွေနဲ့ အစိုးရကြားမှာ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲတွေဖြစ်လာခဲ့ပေမဲ့ ဆွေးနွေးပွဲက သဘောတူညီချက်တွေကို အစိုးရဘက်က ချိုးဖောက်ပြီး အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တာလို့ ကျောင်းသားတွေဘက်က ဆိုပါတယ်။ အစိုးရတော့ သပိတ်မှောက်ကျောင်းသားတွေကို သပိတ်လှန်ပေးဖို့ တောင်းဆိုခဲ့ပြီး ရန်ကုန်ကို ၀င်ရောက်မယ်ဆိုရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့ ပြောဆိုခဲ့ပါတယ်။

ရန်ကုန်ကိုမ၀င်ခင် လက်ပံတန်းမြို့မှာ ရောက်နေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို တပတ်ကျော်ကြာ တားဆီးခဲ့တာပါ။ ဒီနောက်မှာတော့ ဆွေးနွေးညှိနှိုင်းနေတဲ့အချိန်မှာပဲ ကျောင်းသားနဲ့ ၀န်းရံအင်အားစုတွေ၊ ဒေသခံတွေ၊ သတင်းသမားတွေကိုပါ အာဏာပိုင်တွေက ရိုက်နှက်ဖမ်းဆီးခဲ့တာကြောင့် ပြည်တွင်းအင်အားစုတွေ နိုင်ငံတကာအစိုးရတွေနဲ့ လူအခွင့်အရေး လှုပ်ရှားသူတွေက မြန်မာအစိုးရကို ပြစ်တင်ဝေဖန်နေကြပါတယ်။

XS
SM
MD
LG