သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းအရေးအခင်းက သံဃာတွေကို အစိုးရ ဝန်ချတောင်းပန်


Gov't apology to Latpadaung crackdown.
Gov't apology to Latpadaung crackdown.
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးတောင်းဆိုတဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်ပြီးတော့ သံဃာတော်တွေကို ဝန်ချတောင်းပန်တဲ့ အခမ်းအနား ဒီကနေ့ မန္တလေးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို နှိမ်နင်းမှုအတွင်း ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေ အပါအဝင် မန္တလေး၊ မုံရွာ၊ ပခုက္ကူ အစရှိတဲ့ ဒေသတွေက ဆရာတော်ကြီးတွေ ကိုယ်တိုင် ကြွရောက် ခဲ့တာပါ။ ဒီဝန်ချတောင်းပန်မှုကို လက်ခံတဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေကို လည်း လောလောဆယ် ရပ်ဆိုင်းထားမယ်လို့ သံဃာတော်တွေဘက်က သဘောတူခဲ့ပါတယ်။ ဒီအခြေအနေတွေကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

နှစ်ဘက် ကြိုတင်ညှိနှိုင်းပြီးတော့မှ ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက် စနေနေ့ နေ့ခင်းက မန္တလေးမြို့ မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးမှာ သံဃာတော်တွေ တောင်းဆိုထားတဲ့အတိုင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ဦးဆောင်ပြီး ကျန်းမာရေးဝန်ကြီး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံ ရဲချုပ် ဦးကျော်ကျော်ထွန်း တို့ကနေ ဝန်ချတောင်းပန်တဲ့ အခမ်းအနား ပြုလုပ်ခဲ့တာပါ။ ဒီတောင်းပန်ပွဲကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆို သပိတ်စခန်းတွေကို အာဏာပိုင်တွေက နှိမ်နင်းမှုအတွင်း ဒဏ်ရာရရှိခဲ့ကြတဲ့ သံဃာတော်တွေအပါအဝင် မုံရွာမြို့ ဇောတိကာရုံကျောင်းတိုက်က သံဃာတော်တွေ၊ မန္တလေးမြို့က ဘဝအလင်းဆရာတော်၊ ဂဠုန်နီဆရာတော်၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝီရသူ နဲ့ တိုင်းသံဃာနာယက ဆရာတော်ကြီးတွေပါ စုစုပေါင်း သံဃာအပါး ၁၀၀ ကျော် ကြွရောက်ပြီး သြဝါဒ ပေးခဲ့တာဖြစ်ပါတယ်။ သံဃာတော်တွေဘက်ကလည်း အခုတခေါက် တောင်းပန်မှုကိုတော့ လက်ခံခဲ့ပါတယ်လို့ ဘဝအလင်း ဆရာတော် ဦးဥတ္တမသာရ က ဗွီအိုအေကို အခုလို မိန့်ကြားခဲ့ပါတယ်။

“ဦးပဉ္စင်းတို့ ကြိုပြီးတော့ ညှိနှိုင်းထားပြီးတော့မှ ဒီပွဲဖြစ်အောင်လို့ လုပ်တာပေါ့။ ပြည်ထောင်စုအဆင့် ဝန်ကြီး နှစ်ယောက် အစိုးရကိုယ်စား လာပြီးတော့ တောင်းပန်ဖို့ရယ်၊ သူတို့က အဲဒီလို တောင်းပန်လို့ ဖြစ်မလားလို့ မေးတယ်လေ။ ဦးပဉ္စင်းတို့ကတော့ သမ္မတ လို့ ပြောထားတာကိုး အရင်တုန်းက။ အဲဒီလို ပြောလာလို့ ဦးပဉ္စင်းတို့ကတော့ အခုဟာက အကျယ်အကျယ်လည်း မဖြစ်ချင်လို့ တခြားအချက်တွေရော အဆင်ပြေရင် လက်ခံပေးမယ်လို့၊ အဲဒီလို လုပ်တာ။ လာပြီးတော့ တောင်းပန်တဲ့ ကိစ္စမှာတော့ ဦးပဉ္စင်းတို့က ကျေနပ်မှု ရှိပါတယ်။ အခုက လောလောဆယ် ဆန္ဒပြပွဲတွေ လုပ်တာကို ရပ်ထားပေးတယ်။ ဒါမှ နောက် ကျန်တဲ့နှစ်ချက်ကိုလည်း အမြန်ဆုံး လုပ်ပေးဖို့ အဲဒါကိုလည်း ဦးပဉ္စင်းတို့က တောင်းဆိုချင်ပါတယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးဆန္ဒပြမှုတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့မှုအပေါ် မကျေနပ်လို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ သံဃာတော်တွေကနေ အချက် (၃) ချက်ကို အဓိကတောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ ဒီတောင်းဆိုချက်ထဲမှာ ဒဏ်ရာရသံဃာတော်တွေကို သမ္မတကိုယ်တိုင်ကနေ ဝန်ချတောင်းပန်ပေးဖို့၊ အဲ့ဒီဖြိုခွင်းမှာ တာဝန်ရှိသူတွေကို အရေးယူ ပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ပြန်လွှတ်ပေးဖို့တွေ ပါဝင်ပါတယ်။ အခု အဲ့ဒီထဲက ကျန်နေတဲ့ ၂ ချက်နဲ့ပတ်သက်ပြီး အစိုးရနဲ့ကြားမှာ ဘယ်လို သဘောတူမှု ရထားသလဲဆိုတာကိုတော့ ဘဝအလင်းဆရာတော် ဦးဥတ္တမသာရ က အခုလို ဆက်လက် မိန့်ကြားခဲ့ပါတယ်။

“သူတို့ကို ဖမ်းတာက ဦးပဉ္စင်းတို့ကို ဖမ်းတာနဲ့ အတူတူပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ သူတို့က ဦးပဉ္စင်းတို့ လုပ်တဲ့ကိစ္စတွေမှာ ဝိုင်းပြီးတော့ ကူညီပေးတာလေ။ သံဃာတွေ ဦးဆောင်တဲ့ နောက်ကနေပဲ လိုက်တာ။ အဲဒါကို ဖမ်းတယ်ဆိုတော့ ဒါ သံဃာတွေကို ဖမ်းတာနဲ့ ဘာမှမထူးဘူး။ အဲဒီလိုမျိုးဆိုတော့ ဒီဟာကို အဆင်ပြေအောင် သူတို့ လုပ်ပေးရမယ်။ ပြန်လွှတ်ပေးဖို့ လည်း ဦးပဉ္စင်းတို့က တောင်းဆိုသွားမှာပါ။ မနေ့ကလည်း အဲဒါကို ပြောထားတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို အရေးယူပေးဖို့၊ အဲဒါတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ကနေမှ ဒီလူ ဒီလူ အပြစ်ရှိတယ်ဆိုရင် အဲဒီလူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့။ အဲဒီတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဖြေကို စောင့်သွားမှာပါ။ စောင့်သွားတဲ့အခါမှာ ဒီလူ ဒီလူ အပြစ်ရှိတယ်လို့ သူတို့က စုံစမ်း ဖော်ထုတ်လို့ရတဲ့ဟာကို နိုင်ငံတော် အစိုးရကလည်း တကယ် ထိထိရောက်ရောက် အရေးယူလား မယူလား၊ နောက် ဒေသခံပြည်သူတွေ အပေါ် ကျေနပ်အောင် လုပ်ပေးသလား မလုပ်ပေးဘူးလား။ အဲဒါတွေ အပေါ်မှာ မူတည်တယ်။ အဲဒီလို သဘောတူညီချက် ရအောင်တော့ ပြောတော့ပြောထားတယ်။”

ဘဝအလင်းဆရာတော် ဦးဥတ္တမသာရ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း သံဃာတော်တွေ တောင်းဆိုထားတဲ့အတိုင်း ဒီအမှုမှာ တာဝန်ရှိသူတွေကို အစိုးရအနေနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“အရေးယူတာတွေက လုပ်မယ်။ အရေးယူတာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရှိတယ်။ စစ်ဆေးမှုတွေ ထွက်လာမယ်။ အဲဒီအခါမှာ အရေးယူတာတွေ ရှိပါမယ်။”

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့ မနက်ပိုင်းက လက်ပံတောင်းတောင် ဒေသမှာရှိတဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းတွေကို အာဏာပိုင်တွေက မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးတွေ အသုံးပြု ဖြိုခွင်းခဲ့တာကြောင့် မီးလောင်ဒဏ်ရာ ရရှိလို့ ဆေးကုခံယူနေတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၈၄ ဦး ရှိပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ကိုလည်း အစိုးရက ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီအဖွဲ့အနေနဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး သမ္မတဆီကို အစီရင်ခံစာတင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ကြာသပတေးနေ့ညကလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး သံဃာတော်တွေရဲ့ တောင်းဆိုမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ မန္တလေးနဲ့ မြင်းခြံမြို့တွေက အနည်းဆုံး လှုပ်ရှားသူ ၅ ဦးကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး ဆန္ဒထုတ်ဖော်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ ဒီလူတွေကိုလည်း ပြန်လွှတ်ပေးဖို့ ဘဝအလင်း ဆရာတော် ဦးဥတ္တမ သာရ က တောင်းဆိုသွားခဲ့ပါတယ်။
XS
SM
MD
LG