သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း ကြေးနီစီမံကိန်း ကန့်ကွက်မှု ဦးဆောင်လှုပ်ရှားသူတချို့ ဖမ်းခံရ


Latpadaung
Latpadaung
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်ထဲမှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန်ကျင်ကန့်ကွက်မှုတွေ လုပ်ခဲ့ကြတဲ့ လက်ပံတောင်းဒေသခံတွေ နေထိုင်ရာ ဇီးတောရွာက စန်းမြဝတီကျောင်းတိုက်ကို ဒီနေ့မနက် ၂ နာရီခန့်မှာ အရပ်ဝတ်တွေနဲ့ အာဏာပိုင်တွေက ဝင်ရောက်ပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ အဲ့ဒီလို ဝင်ရောက်ဖမ်းဆီးချိန်မှာ ဘုန်းကြီးကျောင်းအတွင်း ပျက်စီးသွားတာ ရှိခဲ့သလို ဘုန်းကြီးကျောင်းသားတွေလည်း ရိုက်နှက်ခံခဲ့ရတာတွေ ရှိတဲ့အကြောင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင် ဇီးတောရွာက စန်းမြဝတီကျောင်းတိုက်ကို သြဂုတ်လ ၆ ရက်နေ့ မနက်ပိုင်းမှာပဲ အရပ်ဝတ်နဲ့ လက်နက်ကိုင် အင်အား ၃၀ လောက်က ဝင်ရောက်စီးနင်းမှုတွေ လုပ်ခဲ့ကြောင်း စန်းမြဝတီကျောင်းတိုက်က ဆရာတော် ဦးအာလောက က မိန့်ကြားခဲ့ပါတယ်။

“၂ နာရီလောက်မှာ ဦးဇင်းတို့ စန်းမြဝတီကျောင်းတိုက်ကို ဝင်ရောက်ပြီးတော့ စီးနင်းကြတယ်လေ။ ကျောင်းမှာစောင့်နေတဲ့ ကျောင်းသားလေးပေါ့ ဦးဇင်းရဲ့ ဆိုင်ကယ်လ်သမားကို ရန်ကုန်မြို့ကနေ လာရောက်ပြီးတော့ ကူညီနေတဲ့ ကိုဟန်ဝင်းအောင်တို့၊ ကိုဘထူးတို့ ကိုထက်တို့ကို မေးတယ်ပေါ့ဗျာ။ အဲ့ဒီလို မေးတဲ့အချိန်မှာ ရှိတဲ့ကျောင်းသားလေးက မသိဘူး။ မရှိဘူး လို့ ပြောတဲ့အချိန်မှာ သူ့ကို ပါးတွေ နားတွေ ပိတ်ရိုက်တယ်ပေါ့ဗျာ။ ပါးရင်းနားရင်း ပိတ်ရိုက်ပြီးတော့ နောက် ကုတ်ကိုလည်း ခြေထောက်တွေနဲ့ ပိတ်ကန်တယ်။ ကျောကုန်းကိုလည်း ဖိနပ်တွေနဲ့ ပိတ်ကန်တယ်ပေါ့ဗျာ။ အင်အားက အနည်းဆုံး ၃၀ လောက်ပါတယ်။ ကျောက်တိုင်ရွာထဲမှာလည်း ကားနှစ်စီးလည်းပဲ ထားခဲ့တယ်လို့ ဦးဇင်းတို့ ကြားရတယ်။”

စန်းမြဝတီဘုန်းကြီးကျောင်းမှာ အလှူလာလုပ်နေတဲ့ ရွာသားတွေကိုလည်း ဖမ်းဆီးရာမှာ နှစ်ဦးကို ဖမ်းမိပြီး ၂ ဦးကတော့ နောက်က ရွာသားတွေက အုပ်စုနဲ့ ပြန်လိုက်တဲ့အတွက် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွာသား ၄ ယောက်ကို ကျောင်းရဲ့ တောင်ဘက် ကျောက်တိုင်ရွာ အထိ ခေါ်သွားတယ်ဗျ။ လက်ထိပ်ခတ်ထားတဲ့အတွက် ဆိုင်ကယ်လ်ပေါ်တင်ပြီး ခေါ်သွားတယ်ဗျ။ ဒီ ဦးမောင်သူ တို့ ဦးတင်လင်း တို့ဆိုတာ ဒီနေ့ လကွယ်နေ့ ဥပုပ်နေ့မှာ ဦးမောင်သူက ဒီစန်းမြဝတီကျောင်းကို လာတဲ့ ဧည့်သည်တွေကို ကြက်သားဆန်ပြုတ်တိုက်တယ်ပေါ့ဗျာ။ ဘုန်းကြီးကိုလည်း သင်္ကန်းဆက်ကပ်မှာ ဖြစ်တဲ့အတွက် စောစောစီးစီး လာရောက်ပြီးတော့ ချက်ပြုတ်ဖို့အတွက် ညအိပ် ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ကျန်တဲ့နှစ်ယောက်ကတော့ နှစ်ယောက်တွဲ လက်ထိပ်ခတ်ထားတာ ဖြစ်တဲ့အတွက် သူတို့ ကားနဲ့လည်း ဝေးနေတာက တပိုင်း ဖြစ်နေတဲ့အတွက်ကြောင့်မို့ ဒီနောက်က လူထုကလည်းပဲ မိုက်တွေနဲ့အော်၊ သံချောင်းတွေခေါက်၊ ဖုန်းတွေ ဆက်ပြီးတော့ ညာသံပေးအော်ပြီး လိုက်တာဖြစ်တဲ့အတွက် ဒီလူတွေကလည်း ရုန်းကန်ပြီးတော့ နှစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်လာတယ်ပေါ့ဗျာ။ အထူးသဖြင့်တော့ အခုညက ဖမ်းဆီးသွားတဲ့ ဦးမောင်သူနဲ့ ဦးတင်လင်းကိုတော့ သူ့ရဲ့ မိသားစုဝင်တွေကနေ အထူးစိုးရိမ်စရာရှိတယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ညကြီးမင်းကြီး ခေါ်သွားတယ်။ သူတို့ ဘယ်မှာချုပ်ထားတယ်။ ဘယ်မှာလှောင်ထားတယ်။ ဘယ်မှာ ဖမ်းဆီးထားတယ် ဆိုတာလည်း မသိရဘူး။ အသက်အန္တရာယ်ဘေးက လွတ်မြောက်ရဲ့လား ဆိုတာလည်း မသိကြရသေးတဲ့အတွက်ကြောင့် သူ့ရဲ့ မိသားစုတွေက စိုးရိမ်ပြီးတော့ နေကြပါတယ်။”

စန်းမြဝတီကျောင်းတိုက်ကို ဝင်ရောက်စီးနင်းပြီး ရွာသားတွေကို ဖမ်းဆီးသွားမှုနဲ့ ပတ်သက်လို့ ဒေသခံအာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က ပူးပေါင်းပြီး အကောင်အထည်ဖော် လုပ်ဆောင်နေခဲ့တာ
ဖြစ်ပါတယ်။

ဒီ့အတွက် ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ၇ ထောင့် ၈ ရာကျော်ကို သိမ်းယူခဲ့ပြီး ရွာပေါင်း ၄ ရွာကို ဖယ်ရှားခိုင်းခဲ့ပါတယ်။ စီမံကိန်းရပ်တန့်ရေး တောင်းဆိုဆန္ဒပြကြတဲ့ သူတွေကိုလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မီးလောင်ဗုံးနဲ့ ဖြိုခွင်းခဲ့တဲ့အတွက် သံဃာအတော်များများ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ဒီ့နောက် စီမံကိန်းကို ဆက်လုပ်သင့် မသင့် စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးခဲ့ပြီး ကော်မရှင်က စီမံကိန်းကို ဆက်လုပ်သင့်ကြောင်း အကြံပြုထားတာဖြစ်ပါတယ်။ အကြံပြုထားချက်တွေကိုလည်း အကောင်အထည်ဖော်ဖို့အတွက် ကော်မတီတရပ် ဖွဲ့စည်းပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတွေကတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့အတွက် သိမ်းဆည်းခံထားရတဲ့ သူတို့ လယ်ယာမြေတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးပြီး စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှုတွေ ဆက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီ့အတွက် ဒေသခံ လယ်သမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူတာတွေ လုပ်ခဲ့ရာမှာ အခုတကြိမ်ကလည်း တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးရမိဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းနဲ့ပြည်နယ်တချို့မှာရှိတဲ့ လက်ပံတောင်းအရေးမှာ ကူညီပါဝင်ပတ်သက်တဲ့ ကွန်ယက်အသီးသီးက လူငယ်တွေ၊ ကျောင်းသားတွေ၊ လယ်သမားတွေနဲ့ အမျိုသမီးတွေကိုလည်း တရားစွဲဆိုထားတာတွေ ရှိနေတာပါ။ ဒါ့အပြင် ဖမ်းဝရမ်းတွေလည်း ထုတ်ထားပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရက အကျိုးခံစားခွင့် ၅၁ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း အကျိုးခံစားဖို့ အတွက် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက စာချုပ်အသစ် ချုပ်ဆိုပြီးတဲ့နောက် မှာတော့ ဒေသခံပြည်သူ ၅၀၀ ခန့်ဟာ ဆန္ဒပြ တောင်းဆိုမှုကို ဆက်လုပ်ခဲ့ပါတယ်ရှင်။
XS
SM
MD
LG