သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီးနှံလျော်ကြေးပေးဖို့ မြန်မာဝမ်ပေါင်ကိုယ်စား နယ်လုံဝန်ကြီးငြင်းဆို


ဆာလင်းကြီးမြို့နယ် ဒေသခံများ
ဆာလင်းကြီးမြို့နယ် ဒေသခံများ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ မြေယာနစ်နာကြေး မယူထားတဲ့ လယ်တွေအတွက် သီးနှံလျော်ကြေးပေးဖို့ တောင်းဆိုတဲ့ဒေသခံတွေနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုထားပေမဲ့ စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီးနဲ့သာ တွေ့ဆုံခဲ့ရပြီး သီးနှံလျော်ကြေး မပေးနိုင်ဘူးဆိုတာ ပြောဆိုတဲ့အတွက် ဒေသခံတွေနဲ့ တင်းမာမှုဖြစ်ပြီး ဆွေးနွေးပွဲ ပျက်ခဲ့ရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆာလင်းကြီးမြို့နယ် ဆည်တဲရွာက ဆက်ဆံရေရုံးမှာ ဒေသခံတွေကို မြန်မာဝမ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေက တွေ့ဆုံပေးပါမယ်လို့ တနင်္လာနေ့က ဆာလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ဆန္ဒြ့ပနေတဲ့ တောင်သူတွေကို ကတိပေးခဲ့ပေမဲ့ အင်္ဂါနေ့မှာတော့ စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီးနဲ့သာ တွေ့ခွင့်ရခဲ့ပြီး သီးနှံလျော်ကြေး မပေးနိုင်ဘူးဆိုတာ ပြောဆိုတဲ့အတွက် တင်းမာမှုဖြစ်ပြီး ဆွေးနွေးပွဲပျက်ခဲ့ရကြောင်း ဆွေးေးနွးပွဲတက်ရောက်ခဲ့တဲ့ တောင်သူတဦးက ပြောပါတယ်။

“သူတို့ဘက်က နစ်နာလျော်ကြေး မပေးနိုင်ပါဘူး ဆိုပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်လာတာပေါ့။ လျော်ကြေးယူမထားတဲ့ မြေယာပိုင်ရှင်တွေပါတဲ့။ ဒီနှစ် စားဝတ်နေရေး ကျပ်တည်းတဲ့အတွက် သီးနှံလျော်ကြေး လာတောင်းတာပါလို့ ကျမတို့ဘက်က စပြီး အခြေခံလိုက်တော့ သူ့အနေနဲ့ ဘယ်လိုပြောသလဲဆိုတော့ နယ်လုံဝန်ကြီး လူထုအပေါ်ကတော့ တင်းတင်းမာမာနဲ့ အမိန့်အာဏာတွေနဲ့ ဆက်ဆံတာပဲ။ ဆက်မပြောနဲ့ ငါပြောတာ နားထောင်၊ နင်တို့ ပြောစရာ မလိုဘူး။ စိုက်ပျိုးတဲ့သီးနှံမချဘဲနဲ့ သီးနှံလျော်ကြေး လိုချင်နေလို့ ထုံးစံမရှိဘူး။ မပေးဘူးပေါ့။ ခင်ဗျားတို့ မြေလျော်ကြေး လိုချင်ရင်တော့ စကားပြောလို့ အဲ့လိုတော့ အော်လား ငေါက်လားနဲ့ သူက တမိန့်အာဏာနဲ့ပဲ ဆက်ဆံလိုက်တော့တာ။ ကိုယ်တောင်းဆိုတာ မရတဲ့အတွက် ဆန္ဒပြပြီးတော့ ပြန်လာခဲ့ကြတာ။”

မြန်မာဝမ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ နယ်လုံဝန်ကြီးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကြေးနီစီမံကိန်းအတွက် သိမ်းယူထားတဲ့မြေယာတွေက သီးနှံလျော်ကြေး ရဖို့အတွေက် မြန်မာဝမ်ပေါင်ကုမ္ပဏီကို အကြိမ်ကြိမ် စာတင်ပြီး ဆွေးနွေးခဲ့ပေမဲ့ အကြောင်းပြန်မှု မရှိဘူးလို့ ဆိုပါတယ်။ ဒေသခံတွေက ဇန်နဝါရီလ ၁၄ ရက်ကစပြီး မြန်မာဝမ်ပေါင်ကုမ္ပဏီကို သွားရောက်ပြီး တောင်းဆိုဖို့ လုပ်ဆောင်ခဲ့တာပါ။ အာဏာပိုင်တွေကတော့ ဒေသခံတောင်သူတွေ သွားရာလမ်းဖြစ်တဲ့ ပုသိမ်-မုံရွာ ကားလမ်း ပိတ်ဆို့တားဆီးထားတဲ့အတွက် ဒေသခံတွေက ပိတ်ဆို့ထားတဲ့ နေရာတွေ ဖယ်ရှားပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ ဒီအတွက် မကြာခဏဆိုသလို ပုသိမ်-မုံရွာကားလမ်း ပိတ်ထားရပြီး ကုန်သည်တွေနဲ့ ခရီးသွားပြည်သူတွေပါ အခက်အခဲ ဖြစ်နေရတာပါ။ တနင်္လာနေ့တုန်းကတော့ ဆန္ဒပြသူတွေရှိရာကို ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး လာရောက်ခဲ့ပြီး မြန်မာဝမ်ပေါင်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ ဆွေးနွေးပွဲကို သွားတဲ့အခါမှာတော့ နယ်လုံဝန်ကြီးနဲ့သာ တွေ့ဆုံခဲ့ပြီး ဒေသခံတွေ တောင်းဆိုချက် မရတဲ့အတွက် ဆွေးနွေးပွဲ ပျက်ခဲ့ရပါတယ်။

ဒေသခံတွေက သီးနှံလျော်ကြေး တောင်းဆိုတာတွေ လုပ်တဲ့အတွက် ဒေသခံတောင်သူ ၆၆ ဦးကို ဆာလင်းကြီးမြို့နယ် အာဏာပိုင်တွေက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကုမ္ပဏီတွေက မြေယာသိမ်းပြီး လုပ်ဆောင်ခဲ့တယ်ဆိုပြီး စီမံကိန်း ဖျက်သိမ်းပေးရေးအတွေက် ဒေသခံတွေက လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက အကြိမ်ပေါင်း ၂၈၀ ကျော် ဆန္ဒပြခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ဒီစီမံကိန်း နယ်မြေမှာရှိတဲ့ ကျေးရွာတွေကို လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကစပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။

ဆန္ဒပြနေတဲ့ ကျေးရွာတွေကတော့ နစ်နာကြေး မယူထားတဲ့ ကျေးရွာတွေဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းကလည်း ကန့်ကွက် ဆန္ဒပြတာကြောင့် လုံခြုံရေးဝန်ထမ်းတွေက သေနတ်နဲ့ပစ်ခတ်ခံရလို့ တောင်သူ ၁ ဦးသေဆုံးပြီး ဒေသခံ ၁ ဒါဇင်လောက်လည်း သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

XS
SM
MD
LG