သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးနီစီမံကိန်းတောင်ယာရှိ ရဲကင်းတွေ အာဏာပိုင်ဖယ်ရှားပေး


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တာဝန်ယူနေတဲ့ ရဲတွေနဲ့ ဒေသခံတွေကြား ပစ်ခတ်မှုတွေ ဖြစ်တဲ့အထိ အခြေအနေတင်းမာခဲ့ပြီးတဲ့နောက် တောင်ယာတွေအပေါ်မှာ ရဲကင်းတွေချထားတာကို ဒီညအတွင်း ဖယ်ရှားပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ည ၁၀ နာရီကျော်အချိန်လောက်ကစပြီး ရဲကင်းဆောက်ထားတာတွေကို ဖယ်ရှားပေးလိုက်ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဆက်ရှိနေတုန်းပဲလို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက လယ်တီဆရာတော် ဘုရားကြီးရဲ့ သာသာနာ့မြေမှာ ကြေးနီစီမံကိန်းကနေ မိုင်းခွဲနေတာကို ကာကွယ်တားဆီးဖို့အတွက် ဒေသခံ သံဃာတွေနဲ့ ဒေသခံလူထုတွေ စုပေါင်းပြီး အင်ကြင်းတောင်မှာ သပိတ်စခန်းဖွင့်ခဲ့ပါတယ်။ ဒီနောက် အင်ကြင်းတောင်ဘက် ကို သွားတဲ့လမ်းတွေကို ပိတ်ဆို့နိုင်ဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး လက်ပံတောင်းဒေသ၊ မိုးကြိုးပြင်ရွာရဲ့တောင်ထိပ်မှာ အာဏာပိုင်တွေဘက်က ရဲကင်းတွေ လာရောက် တည်ဆောက်ထားတာပါ။ ဒေသခံတွေက ရဲကင်းတွေကို ဖယ်ရှားပေးဖို့အတွက် ၆ ရက်ကြာ ဆန္ဒပြပြီးတဲ့နောက်မှာတော့ အာဏာပိုင်တွေဘက်က ၁၈ ရက်နေ့ည ၁၀ နာရီကျော်မှာ ဖယ်ရှားပေးလိုက်ပါတယ်။ ဒေသခံတစ်ဦး ပြောပြတာကတော့ -

“အခုချိန်အထိတော့ ရဲတွေ ရုပ်သိမ်းတာတော့ မရှိသေးဘူး။ ရဲအင်အားတွေတော့ ရှိသေးတယ်။ လမ်းတောက်လျှောက်တော့ လုံခြုံရေးတွေတော့ ချထားတယ်။ ဒါပေမဲ့ လုံခြုံရေး ရုပ်သိမ်းတာတွေလည်း မရှိဘူး၊ နောက်ပြီးတော့ ပြည်သူတွေကို လွတ်ကင်းတဲ့နေရာလောက်အထိတော့ မရွှေ့ဘူး၊ အဓိက-ကတော့ ရဲတွေရှိတဲ့ အတွက် ကျနော်တို့ ရပ်ရွာနဲ့ ဘေးပတ်ချာလည်မှာ လုံခြုံမှုမရှိဘူးလို့ ကျနော်တို့ ခံစားရတယ်။ ဘာလို့ လုံခြုံမှု မရှိဘူးလဲဆိုရင် တော သွားတာ လာတာကျလို့ရှိရင် သူတို့က အခုချိန်မှာတော့ ရွှေ့သွားပီ။ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေကြောင့် မဖြစ်သာလို့ ရွှေ့သွားတာဖြစ်လိမ့်မယ်။ ဒါပေမယ့် ရွာနဲ့လွတ်လွတ်ကင်းကင်းမှာ ရွှေ့သွားတာမဟုတ်ဘူး။ အနီးနားဝန်းကျင်မှာ ရွှေ့ထားတာ၊ နောင်တချိန်ကျလို့ ရှိရင် ဘယ်လို ထပ်ဖြစ်လာမလဲ၊ ခြံစည်းရိုးတွေ ခတ်လာမလားဆိုတဲ့ စိုးရိမ်စိတ်တွေတော့ ရှိတယ်။”

ကြာသာပတေးနေ့ကတော့ လက်ပံတောင်းတောင်၊ မိုးကြိုးပြင်ရွာမှာ ဒေသခံတွေနဲ့ ရဲတွေကြား ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ပြီး ရဲတွေဘက်က လောက်လေးခွဒဏ်ရာနဲ့ ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒေသခံ ၇ ဦး ကတော့ သေနတ်ဒဏ်ရာ ရခဲ့ကြပါတယ်။ ဒေသခံတွေဘက်ကတော့ ရဲကင်းတွေ ရွာထိပ်ကနေ ဖယ်ရှားပေးခဲ့ပေမယ့် ယုံကြည်မှု မရှိသေးတဲ့အတွက် ရွာထိပ်မှာ လူထုအင်အား ၃၀ ခန့်နဲ့ ကင်းစောင့်ပြီး ရွာလုံခြုံရေး ယူနေကြတယ်လို့ ဆိုပါတယ်။

“ဘယ်လိုဆိုရမလဲဆိုတော့ သဘောရိုးနဲ့တော့ မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ဒေသခံတွေက တောင်းဆိုလို့သာ ဒီကနေပြီးတော့ ရွှေ့ပေးလိုက်ပေမဲ့ ရွာနဲ့တော့ အဝေးကြီးမှာ ရှိတာမဟုတ်ဘူး။ မလှမ်းမကမ်းမှာ ရှိထားတာဆိုတော့ကျ အခြေအနေ အချိန်အခါကတော့ သိပ်မသိသေးဘူးပေါ့နော်။ ဘယ်လိုလာမလဲ၊ ဘာလို့လဲဆိုတော့ သူတို့က ရွာကို သံဆူးကြိုးခတ်ချင်လို့လား၊ သူတို့နယ်မြေပိုင် လိုချင်လို့လား၊ သူတို့ပြောတာ တစ်ခုတော့ ရှိတယ်။ ဦးကြည်နိုင်ပြောခဲ့တယ်။ ဘာပြောတုန်းဆိုလို့ရှိရင် ဒီ အင်ကြင်းတောင် သပိတ်စခန်းရှိနေသရွေ့ - ရှိနေတဲ့ အတွက်ကြောင့် သူတို့ ကင်းတဲ့ဆောက်ရတာ ဖြစ်တယ်။ အင်ကြင်းတောင် သပိတ်စခန်း ဖျက်သိမ်းပေးလို့ရှိရင် ကင်းတဲကို သူတို့ ဖျက်သိမ်းပေးမယ်လို့တော့ ပြောတယ်။ အင်ကြင်းတောင် သပိတ်စခန်းကို သွားပြီးတော့ အကြမ်းဖက်ချင်တာလား။ အဲဒီတစ်ခုတော့ ရှိတာပေါ့။”

ဒေသခံတွေဘက်ကနေ ဦးဆောင်ဖြေရှင်းပေးနေတဲ့ မန္တလေးက ဆရာတော် ဦးဝိမလကတော့ ပြဿနာတွေကို ပြေလည်အောင် မရှင်းနိုင်သရွေ့ အင်ကြင်းတောင်သပိတ်စခန်းကို ဆက်ဖွင့်ထားမယ်လို့ မိန့်ပါတယ်။

“အင်ကြင်းတောင် သပိတ်စခန်းကတော့ ယနေ့အချိန်အထိလည်း ဆက်လက် ဖွင့်ထားဆဲပါ။”

ပြီးခဲ့တဲ့သီတင်းပတ်ထဲက ရုန်းရင်းဆန်ခတ်မှုတွေအတွင်း ဒေသခံအင်အား ၁၅၀ ကို တရားစွဲဆိုထားတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပေမဲ့ ဒေသခံတွေကိုတော့ အကြောင်းကြားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ တရားစွဲဆိုမှု ရှိမရှိဆိုတာသိရဖို့ ဆားလင်းကြီးရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာစီးပွားရေးဦးပိုင် ကုမ္ပဏီ လိမိတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ လယ်ယာမြေတွေကို သိမ်းယူပြီး ခြံခတ်ခဲ့သလို ရွာတွေထိပ်မှာ လုံခြုံရေးရဲကင်းတွေချပြီး လက်မှတ်ထိုးပြီး အပြင်ထွက်ခိုင်းတဲ့ ကိစ္စတွေအပြင် သီးနှံစိုက်ခင်းတွေကို ဖျက်ဆီးပြီး စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်နေတဲ့အပေါ်မှာ ဒေသခံတွေနဲ့ အာဏာပိုင်တွေကြား ပစ်ခတ်တဲ့အထိ အခြေအနေ တင်းမာခဲ့ရပါတယ်ရှင်။
XS
SM
MD
LG