သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းမှာ ရဲနဲ့ရွာသား ဆက်လက်တင်းမာ


လက်ပံတောင်းတောင်တွင် ဖမ်းဆီးထားသူ သုံးဦးအား ပြန်လွှတ်ပေးရေး တောင်းဆိုသူများ ရှေ့မဆက်အောင် ဟန့်တားထားသည့် ရဲတပ်ဖွဲ့ဝင်များ။ (၀၄၊ ၂၆၊ ၁၃)။
လက်ပံတောင်းတောင်တွင် ဖမ်းဆီးထားသူ သုံးဦးအား ပြန်လွှတ်ပေးရေး တောင်းဆိုသူများ ရှေ့မဆက်အောင် ဟန့်တားထားသည့် ရဲတပ်ဖွဲ့ဝင်များ။ (၀၄၊ ၂၆၊ ၁၃)။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းထားတဲ့မြေယာတွေ မှာ ပြန်ပြီး ထွန်ယက်စိုက်ပျိုးဖို့ လုပ်တဲ့ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား တင်းမာမှုတွေ ဖြစ်ခဲ့ပြီး သေနတ်နဲ့ပစ်ခတ်တာ၊ ရိုက်နှက်ဖမ်းဆီး တာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီလိုဖြစ်ပြီးနောက်တစ်နေ့ ဧပြီလ ၂၆ ရက်နေ့မှာတော့ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်း ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒေသခံလယ်သမားတွေကို အကူအညီပေးနေတဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုး အပါအဝင် လယ်သမား ၂ ဦးနဲ့ ပေါင်း ၃ ဦးကို လယ်ထွန်နေတဲ့ နေရာကနေ ရဲတွေက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တာပါ။ တခြား တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တွေကိုလည်း ဖမ်းဆီးဖို့ ကြိုးစားခဲ့ရာမှာ ဒေသခံတွေက ပြန်လည် ခုခံပြီး မနေ့က ရာဘာကျည်တွေနဲ့ ပစ်ခတ်တဲ့အထိ အခြေအနေတွေ တင်းမာ ခဲ့ပါတယ်။ သောကြာနေ့မှာတော့ အဖမ်းခံရတဲ့သုံးဦး ပြန်လည်လွတ်မြောက်ရေး တောင်းဆိုနေတဲ့ ဆန္ဒပြ လူအုပ်ကြီးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ကြောင်း ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုဗထူးက ပြောပါတယ်။

“သုံးယောက်ကို ဖမ်းဆီးသွားလို့ ဒီကနေ့ ညောင်ပင်ကြီးရဲစခန်းရှေ့မှာ သူတို့ကို လွှတ်ပေးဖို့ သွားရောက် တောင်းဆိုခဲ့ကြတာပါ။ ဝက်မှေးရွာသစ် အရှေ့ကို လည်းရောက်ရော တစ်ခါတည်းတန်းပြီးတော့ လမ်းတွေ ပိတ်ထားလိုက် ပါတယ်။ ရှေ့ဆက်သွားလို့မရဘူး၊ သွားရင် သေနတ်နဲ့ပစ်ဆိုတဲ့ ပုံစံမျိုးတွေ ဆိုင်းဘုတ်တွေ ချပြီး ကျနော်တို့ကို ဟန့်တားထားပါတယ်။ အဲဒီစည်းနားအထိကို ကျနော်တို့သွားတယ်။ အဲဒီစည်းတွေကို ကျော်ရင် သူတို့က ပစ်မယ်ဆိုတော့ ကျနော်တို့ ဒေသခံတွေက အဲဒီနားမှာ ငြိမ်ငြိမ်ဆိန်ဆိန်နဲ့ နာရီဝက် တစ်နာ ရီလောက် ထိုင်ပြီးတော့ လမ်းဖွင့်ပေးဖို့ တောင်းဆိုကြပါတယ်။ လုံးဝ မဖွင့်ပေးပါဘူး။ ဖမ်းထားတဲ့ လူတွေကို လွှတ်ပေးဖို့ သွားပြီးတော့ တောင်း ဆိုတာကို လမ်းမှာ အပိတ်ခံထားရတာပါ။ ကျနော်တို့နဲ့ ထိပ်တိုက် ရင်ဆိုင်ထားတာက အင်အား ၂၀၀ ပါ။ ကားပေါ်မှာထိုင်နေတာလည်း အများကြီး ရှိပါတယ်။ အမျိုးသမီး ရဲမေတွေလည်း အများကြီး သုံးထားတာ တွေ့ရပါတယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဒေသခံတွေရဲ့ လယ်မြေ ဧကပေါင်း ၇၈၀၀ ကျော်ကို ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က သိမ်းယူခဲ့ပြီး ရွာ ၄ ရွာကို ဖယ်ရှားခိုင်းခဲ့ပါတယ်။ ဒေသခံအများစု ကတော့ သူတို့ လယ်မြေတွေကို နစ်နာကြေးမယူဘဲ စီမံကိန်းရပ်တန့်ရေးကို သာ တောင်းဆိုခဲ့ကြတာပါ။

အခုဖြစ်တဲ့ တင်းမာမှုက စီမံကိန်းကြောင့် သိမ်းယူထားတဲ့ လယ်မြေတွေမှာ အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ထုတ်ပြီး တားမြစ်ထားပါတယ်။ ဒါကြောင့် လူစုလူဝေးနဲ့ မနေကြဖို့၊ ဖယ်ရှားပေးဖို့ သတိပေးခဲ့ပါတယ်။
ဒေသခံ လယ်သမားတွေကလည်း ကုမ္ပဏီက အတင်းအဓမ္မ သိမ်းယူထားတာသာ ဖြစ်တယ်၊ သူတို့ ရောင်းချထားတဲ့နေရာ မဟုတ်ဘူးဆိုပြီး သူတို့ပိုင်လယ်တွေမှာ ထွန်ယက်စိုက်ပျိုးဖို့ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လယ်သူမကြီးတစ်ဦးကတော့-

“ကျမတို့ကတော့ ကိုယ့်မြေ ကိုယ့်ယာကိုတော့ မရ ရတဲ့နည်းနဲ့ တိုက်ရမှာပဲ။ ကျမတို့တောင်တန်းတွေ၊ ကျမတို့ လယ်ယာမြေတွေ၊ ကျမတို့ ဘိုးဘွား စဉ် ဆက်ကတည်းက ဘယ်တိုင်းတပါးသားကိုမှလည်း ရောင်းမစားခဲ့ဘူး။ ကိုယ့်မြေ၊ ကိုယ့်ယာ၊ ကိုယ့်တောင်တန်းကို စောင့်ရှောက်ကာကွယ်သွားမယ်။ အသက်ပေး ရင် ပေးရပလေ့စေ။”

လက်ပံတောင်းမှာ ဖြစ်နေတဲ့ လယ်ယာမြေ ပြဿနာနဲ့ပတ်သက်လို့ မြန်မာနိုင် ငံ ရှေ့နေများကွန်ယက်က ရှေ့နေကြီး ဦးအောင်သိန်းက ပြောပြတာကတော့ -

“အမှန်ကတော သူတို့လယ်သမားတွေ တကယ်နစ်နာတာတော့ အမှန်ပဲ။ အစဉ် အဆက် လယ်မြေပေါ်မှာ ရပ်တည်လုပ်ကိုင်လာခဲ့တာမှာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို သိမ်းပြီးတော့ ကြေးနီစီမံကိန်းအတွက် လယ်ယာ မြေကို သိမ်းယူတယ်ဆိုတဲ့ သဘောမျိုးဖြစ်တာ။ အဲဒီလို သိမ်းယူတဲ့နေရာမှာလည်း ညှိနှိုင်းပြီးတော့ ထိုက်တန်တဲ့လျော်ကြေး ပေးချင်လည်း ပေးပေါ့ဗျာ။ လျော်ကြေးမယူဘူးဆိုလည်း သူတို့စိုက်ပျိုးသီးနှံငန်း လုပ်မဲ့အပေါ်မှာ အစိုးရကပဲဖြစ်ဖြစ်၊ ဝမ်ပေါင်ကပဲဖြစ်ဖြစ် ညှိနှိုင်းပြီး ဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါတယ်။”

ဧပြီလ ၂၆ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာမှာောတ့ ဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေ အတွင်းမှာ ရန်လိုတဲ့ သူတွေကို ဖမ်းဖို့ ကြိုးစားရာမှာ ရွာသားတွေက ပြန်လည်တုံ့ပြန်တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့် ဒဏ်ရာ ရခဲ့တယ်လို့ ရေးသားပြီး ရွာသားတွေဘက်က ၃ ဦး ဒဏ်ရာရတယ်လို့ ရေးသား ထားပါတယ်။ ဒီကနေ့ တင်းမာမှုတွေနဲ့ပတ်သက်လို့ ဆားလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့မှူးကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်၊ သမ္မတရဲ့ ပြောခွင့်ရသူ လည်းဖြစ်တဲ့ ဦးရဲထွဋ်ကတော့ နောက်ဆုံးအခြေအနေကို အတိအကျ မသိရပေမဲ့ တင်းမာမှုတွေ ဒီကနေ့အထိ ဆက်ဖြစ်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“မနေ့က ဖမ်းထားတဲ့သူတွေကို ထုတ်ပေးဖို့ဆိုပြီးတော့ လာပြီးတော့ ဝိုင်းတယ် ဘာညာတော့ ဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ ထုတ်ထားတဲ့ ဥပဒေနဲ့အညီပဲ ဘယ်နေရာကို မကျော်သွားနဲ့ ဆိုတာမျိုး လောလောဆယ်ပြော ထားတဲ့ အဆင့်ပဲ ရှိသေးတယ်။ ဒါလောက်ပဲ အကြမ်းဖျင်းသိပါတယ်။ နောက်ဆုံး အခြေအနေကိုတော့ ကျနော်တို့လည်း မရသေးပါဘူး။ လိုအပ်ရင်တော့ ဆက်သွယ်ပြီး သတင်းထုတ်ပြန်ပေးသွားပါမယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးခဲ့တဲ့ အကြောင်း ဆောင်ရွက် သင့်တဲ့၊ ဆောင်ရွက်ရမယ့် အချက်တွေကိုလည်း မတ်လ ၁၁ ရက်နေ့မှာ အပြီးသတ် အစီရင်ခံစာ ရေးသားထားပြီးဖြစ်တယ်လို့ မြန်မာအစိုးရထုတ် သတင်းစာမှာတော့ ဖော်ပြပါရှိပါတယ်။
XS
SM
MD
LG