သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝမ်ပေါင် တရုတ်အလုပ်သမားနှစ်ဦးကို ဒေသခံအချို့ ဖမ်းဆီး


မုံရွာမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသမှာ လယ်သမားအရေး လှုပ်ရှားသူတစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီးတဲ့နောက်မှာ လယ်သမားတွေဘက်ကလည်း ဝမ်ပေါင်ကြေးနီလုပ်ငန်းက တရုတ်ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးထားလိုက်ပါတယ်။ ဒီအခြေအနေကြောင့် မနေ့က ညပိုင်းနဲ့ အခု ဒီကနေ့ မနက် စောစောပိုင်း အချိန်အထိ လုံခြုံရေးရဲတွေနဲ့ ဒေသခံတွေကြားမှာ တင်းမာမှုတွေ ဖြစ်နေပါတယ်။ မနေ့က ည ၁၁ နာရီလောက်မှာစပြီးတော့ လုံခြုံရေးအာဏာပိုင်တွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး ရွာထဲကို ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင်းတောင် ဒေသခံတွေကို အကူအညီပေးနေတဲ့ ကိုအောင်စိုးကို ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက် သိမ်းဆည်းထားတဲ့ လယ်ယာ မြေတွေအပေါ်မှာ တိုင်တွေ စိုက်ထူဖို့ လက်ပန်းတောင်တောင်၊ ဆည်တဲရွာကို တရုတ်လူမျိုးတွေ ပါတဲ့ ကားတစ်စီး ရောက်လာခဲ့ပါတယ်။ အဲဒီကားမှာ လိုက်ပါလာတဲ့ တရုတ်ဝန်ထမ်း ၂ ဦးကို လယ်သမားတွေက ထွက်ခွာခွင့်မပေးတဲ့အတွက် နှစ်ဘက်ကြားမှာ အခြေအနေ တင်းမာလာခဲ့ပါတယ်။ ည ၈ နာရီခန့်ကစပြီး ရဲအင်အားအလုံးအရင်းနဲ့ လက်ပန်းတောင်းတောင်တဝိုက်မှာ နေရာယူထားပါတယ်။ ည ၁၁ နာရီအချိန်လောက်မှာတော့ ဇီးတော စမ်းမြဝတီကျောင်းတိုက်ဖက်ကို စတင်ပစ်ခတ်ခဲ့ကြောင်း စမ်းမြဝတီကျောင်းတိုက်က ဆရာတော် ဦးအာလောက က မိန့်ပါတယ်။

“ဇီးတောကျောင်းက အင်မတန် အင်အားနည်းတယ်။ ရွာလည်း သိပ်မရှိတော့ဘူး။ အဲဒီ အားနည်းချက်ကို အရင်ဝင်ဖြိုတဲ့သဘောပေါ့ဗျာ။ အကြိမ်ရေတော်တော်များတယ်၊ မမှတ်မိလောက်အောင်ကို ပစ်တယ်။ အခုတော့ ပြန်ဆုတ်သွားပြီ။ ဆုတ်တယ်၊ ဒါပေမယ့် ပြန်ပြီးတော့ တက်ဖို့ရန်အတွက် အခု ဇီးတော၊ ဆည်တဲရွာရဲ့အနောက်ဘက်မှာ ကား ၂ စီးက အနောက်ဘက်ကို ဦးတည်ပြီးတော့ စက်နှိုးထားတဲ့အနေအထားနဲ့ တွေ့နေရတယ်။ ကျောက်ဖြူတိုင်ကျေးရွာထဲမှာ ကားနဲ့တစ်စီးပြီးတစ်စီး ရဲတွေကို လာပြီးတော့ ချနေတယ်။ ဆက်လက်ပြီးတော့ ဝမ်ပေါင်ဘက်ကနေ ယူနီဖောင်းတွေ ဝတ်ပြီးတော့ ဒီဘက်ကိုလာဖို့ ပြင်ဆင်နေတယ်။ ဆည်တဲရွာအနောက်ဘက်ကိုလည်း ရဲတွေ အလုံးအရင်းနဲ့ ရောက်ရှိပြီးတော့ နေတယ်။”

ကျောက်ဖြူတိုင်၊ ဇီးတော၊ ဆည်တဲ စတဲ့ရွာတွေဟာ ရွားနားနီးချင်းတွေဖြစ်ပြီး ကျောက်ဖြူတိုင်ရွာဘက်ကနေ ရဲအင်အားတွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံ ကျေးရွာသူတစ်ဦးက ပြောပါတယ်။

“ပစ်ခတ်တာတွေ လုပ်နေပါတယ်ရှင့်။ သေနတ်ပစ်တာကတော့ အသံတွေကတော့ ဆူလို့ပဲ။ မျက်ရည်ယိုဗုံးနဲ့လည်း ပစ်လို့ရှင်။”

တားဆီးခံထားရတဲ့ တရုတ်ဝန်ထမ်းတွေနဲ့ ရွာသားတွေကြားမှာ တင်းမာမှုမရှိသလို တရုတ်ဝန်ထမ်းတွေကို ကောင်းမွန်စွာထားတယ်လို့ ရွာသားတွေဘက်က ပြောပါတယ်။ ညနေပိုင်းမှာ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင် အုပ်ချုပ်ရေးမှူးတွေလည်း လာရောက် ညှိနှိုင်းကြတယ်လို့ ဆိုပါတယ်။ တရုတ်ဝန်ထမ်းတွေကို တားဆီးပြီး ညှိနှိုင်းမှုတွေ လုပ်ခဲ့ရကြောင်းကိုလည်း ဆရာတော် ဦးအာလောက က မိန့်ပါတယ်။

“အဓိကခေါ်ထားရတဲ့အကြောင်းရင်းက ဒီကနေ့ အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းလည်း လာတယ်။ ခရိုင်မှူးလည်း လာတယ်ပေါ့နော်။ အဓိက ကတော့ ဒီရွာသားတွေက သူတို့ဖြစ်စေချင်တာ ခြံဝန်းထဲမှာ သံဆူးကြိုးအခတ်ခံလိုက်ရတဲ့ ဧက ၂၅၀ ကျော်ကို ပြန်လည်ပြီးတော့ လုပ်စားချင်ကြတယ်။ အဲဒီအတွက် ဆွေးနွေးချင်တာ။ အဲဒါကို သူတို့ဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ တကယ် ဆုံးဖြတ်ချက်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေ မလာဘဲနဲ့ အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်မှူးသာ လာခဲ့ပြီးတော့ အဖြေတစုံတရာ မပေးနိုင်ကြဘူး၊ အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်မှူးကတော့ မနက်ဖြန်ခါမှာ ဆွေးနွေးညှိနှိုင်းပါမယ်ဆိုပြီး ပြောသွားတယ်။ အဲဒါကြောင့်မို့ ဒီလူတွေကို ခဏ ခေါ်ထားတယ်ပေါ့နော်။”

ညနေပိုင်းမှာတော့ ရွာသားတွေက သူတို့ရွာတွေကို အကြမ်းမဖက်ဖို့ အာဏာပိုင်တွေကို ပြောထားပြီး တနင်္လာနေ့မှာ ဆက်လက်ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေဘက်ကလည်း သဘောတူခဲ့တယ်လို့ ပြောပါတယ်။ ပစ်ခတ်မှုတွေဖြစ်နေချိန်မှာ အခြေအနေကို မေးမြန်းဖို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်သောင်းကို ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။ ဇီးတောရွာကို အကြိမ်အတော်များများ ပစ်ခတ်နေတဲ့ တချိန်တည်းမှာပဲ ကျောက်ဖြူတိုင်ရွာမှာ ထားခဲ့တဲ့ အာဏာပိုင်တွေရဲ့ ကားတွေ၊ ဆိုင်ကယ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ဆရာတော်က ဆက်မိန့်ပါတယ်။

“ဒီ ဇီးတော၊ ဆည်တဲဘက်က မဟုတ်ဘူးဗျ။ သူတို့ တည်းခိုတဲ့ ကျောက်ဖြူတိုင်ရွာဘက်ကဗျ။ ကျောက်ဖြူတိုင်လမ်းကြောင်းထဲမှာ ထားပစ်ခဲ့တဲ့ဟာကို ကားမှန်တွေ ဘာတွေ ရိုက်ခွဲတယ်လို့ ကြားတယ်။”
လက်ပန်းတောင်းတောင် ဒေသခံတွေက သူတို့လယ်ယာမြေတွေမှာ ပြန်လည် လုပ်ကိုင်စားသောက်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်သလို စိုက်ခင်းတွေ ခြံစည်းရိုးထပ်ခပ်တာကြောင့်လည်း အခြေအနေတင်းမာနေပြီး မျက်ရည်ယိုဗုံးတွေ အသုံးပြုပစ်ခတ်တဲ့အထိ ဖြစ်ခဲ့ရတာပါ။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဒေသဟာ အစိုးရနဲ့ ဦးပိုင်ကုမ္ပဏီ လိမိတက် တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။

ဝမ်ပေါင်ကုမဏီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နိုင်ငံသား သူတို့ဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံထားရတာကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ အသက် ၂၃ နှစ်စီရှိကြတဲ့ Lu Yuanhao နဲ့ Miu Jie တို့ဖြစ်ကြတယ်လို့ ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သူတို့ကို ဆည်တဲရွာမှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ အစပိုင်း ဖမ်းဆီးခံရတဲ့အထဲမှာတော့ တရုတ်နိုင်ငံသား ၂ ယောက်အပြင် မြန်မာနိုင်ငံသား ဝန်ထမ်း ကိုခင်အောင်မိုးဆိုသူလည်း ပါတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကိုခင်အောင်မိုးကတော့ ပြန်လွတ်လာပြီလို့ သိရပါတယ်။ သူတို့ ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးထားသူတွေဟာ သူတို့ရဲ့စီမံကိန်းကို ဆန့်ကျင်တဲ့ လူနည်းစု အစွန်းရောက် တက်ကြွလှုပ်ရှားသူတွေသာဖြစ်ပြီး ဒီလူတွေ ပြန်လွတ်လာဖို့ ကမ်းလှမ်းဆောင်ရွက်နေကြတဲ့ ကျေးရွာလူကြီးတွေနဲ့ ကျန်ကျေးရွာသားတွေကိုလည်း ကျေးဇူးတင်ကြောင်း ဝမ်ပေါင်ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။
XS
SM
MD
LG