သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း နှိမ်နင်းမှု သုံးနှစ်ပြည့်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြ တောင်းဆိုသူတွေကို အာဏာပိုင် တွေက အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့တာ သုံးနှစ်ပြည့်ပြီဖြစ်ပေမဲ့လည်း အခုချိန်ထိ ပြေလည်အောင် မဖြေရှင်းပေးသေးတဲ့ အတွက် နောက်လာမယ့် အစိုးရသစ်လက်ထက်မှာလည်း ဆက်ပြီး ဆန္ဒပြတောင်းဆို သွားမယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ပံတောင်းအကြမ်းဖက်မှု သုံးနှစ်ပြည့် အထိမ်းအမှတ် ဟောပြောပွဲအတွင်း အဲဒီလိုပြောကြတာပါ။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပံတောင်းကြေးနီ စီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုနေတဲ့ ဒေသခံတွေကို အာဏာပိုင်တွေက အင်အားသုံး နှိမ်နင်း ဖြိုခွဲခဲ့တာကြောင့် ဒေသခံ သံဃာ အပါး၁၀၀ နီးပါး ဟာ ဒဏ်ရာများ ရခဲ့ကြတာ ၃နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၃နှစ်ကြာတဲ့အထိ တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်းမရှိသေး တာကြောင့်ဆိုကာ ရွာပေါင်း ၁၀ ရွာခန့်က ဒေသခံတွေက အထိမ်းအမှတ်ဟောပြောပွဲနဲ့ ကန့်ကွက်ခဲ့ကြပါတယ်။

(ကြွေးကြော်သံများ)

ဇီးတောကျေးရွာ စမ်းမြ၀တီကျောင်းတိုက်က ဆရာတော် ဦးအာလောကကတော့ အင်အားသုံး နှိမ်နင်းတာနဲ့ ပတ်သက်လို့ ၃နှစ်ကြာတဲ့အထိ အရေးယူဆောင်ရွက်တာ မရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးကို မေးခွန်းထုတ် စရာဖြစ်တယ်လို့ မိန့်ကြားခဲ့ပါတယ်။

“ဒီကနေ့ အချိန်အထိ ၃ နှစ်တင်းတင်းသာပြည့်ခဲ့တယ်။ သံဃာတော်တွေကို မီးလောင်ဗုံးတွေ ဖြိုခွင်းပြီးတော့ ဒဏ်ရာ၊ အနာတရတွေရရှိခဲ့သော်လည်းပဲ အရေးယူ ဆောင်ရွက်ပေးတာမျိုး မရှိခဲ့ဘူးပေါ့နော်။ ဒီမီးလောင်ဗုံးနဲ့ သံဃာတော်တွေ အရေးယူဆောင်ရွက်ပေးခြင်းမရှိသလို၊ အသက်ပါ ဆုံးရှုံးသွားတဲ့ ဒေါ်ခင်ဝင်း ကိစ္စတောင်မှ ဒီကနေ့အချိန်အထိ ဒါ အသက်သေသွားတာ ထင်ရှားပါလျှက်နဲ့ အရေးယူဆောင်ရွက်ပေးခြင်း ဒီကနေ့ အချိန်အထိ မရှိသေးဘူး။ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ပစ်ပြီးတော့ အရေးယူဆောင်ရွက်ပေးခြင်း ၃ နှစ်သာပြည့်သော်လည်းပဲ မရှိခဲ့ဘူး။ ဒါကိုပင် ပြန်လည်ပြီးတော့ မေးခွန်း ထုတ်ရမှာက မြန်မာနိုင်ငံမှာ ဒီလောက်အထိ တရားဥပဒေ စိုးမိုးမှု မဲ့နေသလား။ တရားဥပဒေရော ဒီလိုအရေးယူမှုမရှိဘူး ။ ဒီလိုဖြစ်ပျက်တာမျိုးတွေ အရေးယူပေးနိုင်တာ မရှိဘူးလားဆိုပြီးတော့ ဦးဇင်းက ဒီနေရာကနေမေး ချင်တယ်ပေါ့ဗျာ။”

အခုလက်ရှိအစိုးရ အနေနဲ့ ၃ နှစ်ကြာတဲ့အထိ လက်ပံတောင်းတောင် မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကို အရေးယူဆောင်ရွက်ပေးမှု မရှိတဲ့ အတွက် နောင်ဘယ်အစိုးရပဲ တက်လာတက်လာ တရားမျှတစွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုသွားမယ်လိုလည်း ဆက်လည်း မိန့်ကြားသွားခဲ့ပါတယ် ။

“ ဒီအစိုးရလည်း လုပ်ကိုင်ဆောင်ရွက်ပြီးတော့ လုပ်သွားတယ်။ အရေးယူဆောင်ရွက်ပေးခြင်းမရှိဘူး။ နောင်အစိုးရလည်း တက်လာလို့ ဒီကိစ္စတွေကို ဒေသခံ ပြည်သူတွေနဲ့ ၊ ဒေသက ပုဂ္ဂိုလ် တွေအနေနဲ့ ဒါတွေကို မပျက်မကွက်တောင်းဆိုပြီးတော့ အရေးယူဆောင်ရွက် ပေးဖို့ ဘယ်အစိုးရပဲ တက်လာတက်လာ ၊ တက်လာတဲ့အစိုးရကို ဒါ အရေးယူဆောင်ရွက်ပေး ဖို့ ဒေသခံတွေ အနေနဲ့ မမှိတ်မသုန်တောင်းဆို သွားမှာဖြစ်ပါတယ်။”

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကြောင့် လယ်မြေဧကပေါင်း ၇၈၀၀ ကျော် ကို မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမီတက်နဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီတို့က သိမ်းယူခဲ့တယ် ဆိုပြီး ဒေသခံတွေက စွပ်စွဲခဲ့ပြီး နစ်နာကြေးမယူထားတဲ့ လယ်ယာမြေတွေကိုသိမ်းယူပြီး ခြံစည်းရိုးတွေခတ်ထားခဲ့တဲ့အတွက် ဒီနှစ်မှာစာဝတ်နေရေး ပိုပြီးကြပ်တည်းခဲ့တယ် လို့ ဒေသခံတောင်သူတဦးကလည်းဆိုပါတယ်။

“ပုံမှန်သူတို့ ဒီလိုသံဆူးကြိုးတွေ မတရားခတ်ထားတဲ့အတွက် ဒေသခံတွေရဲ့ ဆိုးကျိုး ကတော့ အခုလက်ရှိဆိုရင် နှစ်ပိုင်းပေါ့နော်။ အရင်ဆို တောင်သူတွေ နှမ်းတွေ၊ ပဲတွေသိမ်းနေရပြီ ။ အခုဒီနှစ်က ဆည်တည်းရွာဘက် ဆိုလို့ရှိရင် တောင်သူတော်တော်များများတောင် မသိမ်းရဘူး။ မသိမ်းရတဲ့အပြင် ကို သူများ အငှားအရမ်းကို တနေ့ကို တနေကုန် ၁၅၀၀ နဲ့ လိုက်စားနေရတဲ့ဘ၀ ရောက်နေပြီ။

ကျမတို့ ဒီ ဆည်တည်းဖက်မှာ သိမ်းကြတာက နှမ်းတွေစိုက်တဲ့ ယာခင်းတွေကို သိမ်းသွားတာအမ။ ဒီနှစ်ဆိုရင် မဆင်းရဘူးလေ။ မဆင်းရတဲ့ အခါကျတော့ တောင်တွေမသိမ်းရဘူးလေ။ မသိမ်းရတဲ့အခါကျတော့ အလုပ်မရှိတော့ဘူး ။ အလုပ်မရှိတော့ စားစရာမရှိတော့ တခြားရွာတွေမှာ အငှားအရမ်းလိုက်ရတယ်အမ။”

လူအင်အား၊ စက်အင်အားတွေ သုံးပြီးလုပ်ဆောင်နေတဲ့ ကြေးနီစီမံကိန်း ကို ဒေသခံတွေ ကလည်း နည်းအမျိုးမျိုးနဲ့ ကန့်ကွက်ဆန္ဒပြနေကြတာပါ။ ၂၀၁၂ခုနှစ်တုန်းကတော့ ကန့်ကွက်ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွဲခဲ့တာကြောင့် သံဃာနဲ့ အရပ်သား ၁၀၀ လောက် အပြင်းအထန် ဒဏ်ရာများ ရခဲ့တာပါ။

ဒီဖြစ်ရပ်အပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စစ်ဆေးပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာပါအချက်အလက်တွေကို လိုက်နာခြင်းမရှိဘူးလို့လည်း ကော်မရှင်အဖွဲ့ဝင်တွေကဆိုပါတယ်။

ဒီစီမံကိန်းကို အရင်တုန်းက ကုမ္ပဏီ ၂ ခု ကသာ အကျိုးအမြတ်ခွဲဝေယူခဲ့ပြီး အစီရင်ခံစာ ထွက်အပြီးမှာ စာချုပ်ပြန်လည် ချုပ်ဆိုကာ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်က ၁၉ ရာခိုင်နှုန်းနဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း အကျိုးအမြတ်ခွဲဝေယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနောက် မှာတော့ ဒေသခံ တချို့ကို မြေယာနစ်နာကြေးပေးခဲ့ပေမဲ့ တန်ရာတန်ကြေးပေး တာမျိုး မဟုတ်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကုမ္ပဏီတွေက မြေယာသိမ်းပြီး လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံတွေကလွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက အကြိမ်ပေါင်း ၂၈၀ ကျော် ဆန္ဒပြခဲ့ပါတယ် ။ အာဏာပိုင်တွေကတော့ ဒီစီမံကိန်း နယ်မြေမှာရှိတဲ့ ကျေးရွာတွေကို လွန်ခဲ့တဲ့ ၅နှစ်ခန့်ကစပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။

အခုဆန္ဒပြနေတဲ့ ကျေးရွာတွေကတော့ နစ်နာကြေးမယူထားတဲ့ကျေးရွာတွေဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းကလည်း ကန့်ကွက် ဆန္ဒပြတာကြောင့် လုံခြုံရေး ၀န်ထမ်းတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ တောင်သူတဦးသေဆုံးပြီး တချို့လည်းသေနတ် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

XS
SM
MD
LG