သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်း လယ်တီသိမ် ဖျက်သိမ်းရေးစတင်


လယ်တီသိမ်ဖြိုချပြောင်းရွှေ့မှုကို ဆန့်ကျင်ကွက်ကွက်မှုများ။
လယ်တီသိမ်ဖြိုချပြောင်းရွှေ့မှုကို ဆန့်ကျင်ကွက်ကွက်မှုများ။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆက်ပြီးဆောင်ရွက်နိုင်ဖို့ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ရှေးဟောင်း ဗုဒ္ဓဘာသာ အမွေအနှစ်ဖြစ်တဲ့ လယ်တီသိမ်ကို ဖြိုဖျက်ဖို့ မတ်လ ၃၀ ရက်နေ့မှာ သံဃာအပါး ၃၀ နဲ့ သိမ်နုတ်တာကို စတင်ဆောင်ရွက်နေပြီဖြစ်တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ တနေ့တည်းမှာပဲ ရန်ကုန်မြို့မှာ လယ်တီသိမ်ဖျက်တာကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူတွေကထဲက တဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံတွေ ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားကပဲ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်နေကြပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာမှုမရှိဘူးလို့ ဒေသခံတွေက ဆိုတာပါ။ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာတော့ စီမံကိန်းအတွင်းမှာရှိနေတဲ့ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ လယ်တီသိမ်ကို ဖြိုဖျက်ဖို့ သိမ်နုတ်တာကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း စမ်းမြဝတီကျောင်းတိုက်က ဆရာတော် ဦးအာလောက-က အခုလို မိန့်ပါတယ်။

“ဒီကနေ့မနက် ၅ နာရီကစပြီးတော့ သိမ်ကိုဖြိုဖျက်နိုင်ဖို့ သိမ်နုတ်တယ်ပေါ့ဗျာ။ ရဟန်းသံဃာ ၃၀ နဲ့စတင်နုတ်ပြီပေါ့ဗျာ။ မကြာခင် အတောအတွင်း သိမ်နဲ့ဘုရား ဖြိုဖျက်ခွင့်အတွက် ဦးပိုင်က ကြိုးစားနေပြီဖြစ်ပါတယ်။ အဟောင်းဖြစ်အောင် လုပ်ပစ်လိုက်တော့ သိမ်ပျက်သိမ်ဆွေးပေါ့နော်-အဲဒါမျိုးဖြစ်အောင် သိမ်ကိုနုတ်ပစ်ပါတယ်။ အဲလို သိမ်ပျက်သိမ်ဆွေးဖြစ်သွားပြီး သိမ်ရာ-သိမ်ပျက်သွားပြီပေါ့ဗျာ။ အဲလိုဆိုရင် သိမ်ဖျက်ဖို့ရာ မခဲယဉ်းတော့ပါဘူး။ အဲဒါကြောင့်မို့လို့ သိမ်ကိုအရင်နုတ်လိုက်ခြင်း ဖြစ်ပါတယ်။ ကြိုးဆွဲရာကနိုင်မယ့်ဘုန်းကြီးတွေပေါ့ဗျာ။ ငွေပေးရင်ရနိုင်မယ့် ဘုန်းကြီးတွေကို ခေါ်ပြီး ပင့်ဆောင်ပြီးတော့ ဦးဇင်းတို့ တကယ်ရွှေ့ပြောင်းခံရတဲ့ ဒေသခံ ဒီနားပတ်ဝန်းကျင်က ဘုန်းကြီးရဟန်းတွေ တစ်ပါးမှ မပါပါဘူး။ သိမ်ဆိုတဲ့အရာက ဖြစ်ဖို့ရာ အင်မတန်မှ ခဲယဉ်းပါတယ်။”

လယ်တီသိမ်စတင်ဖြိုဖျက်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာအတိုင်း လုပ်မလုပ် သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့

မေး။ ။ လက်ပံတောင်းတောင်မှာ သိမ်စနုတ်ပြီလို့ ကြားပါတယ်။ အဲဒါ ဟုတ်ပါသလားရှင့်။

ဖြေ။ ။ ဒါကတော့ သာသနာရေးဆိုင်ရာ ကိစ္စဆိုတော့ သီးခြား ဝန်ကြီး ဦးစိုးဝင်းလေ၊ သူတို့ရဲ့စီစဉ်ဆောင်ရွက်မှုဖြစ်ပါတယ်နော်၊

မေး။ ။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လုပ်တာလားရှင့်။

ဖြေ။ ။ သာသနာရေး ဒုတိယဝန်ကြီးကို မေးပါဗျာ။

သာသနာရေးဝန်ကြီးကိုတော့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

လယ်တီသိမ်ကို ဖြိုဖျက်ဖို့ ဆောင်ရွက်ခြင်းဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ကိုက်ညီမှုမရှိဘူးလို့ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“အစီရင်ခံစာရဲ့ အဓိကပြောချင်တာကတော့ မူလအခြေအနေနဲ့ အနေအထားမပျက် ပြည်သူလူထုကနေ လက်ခံနားလည်လို့ရှိရင် မူလအခြေအနေမပျက် ပြောင်းရွှေ့ပေးရမယ်လို့တော့ ပြောထားတယ်။ ဒါပေမယ့် အခု သူတို့ပြောင်းရွှေ့မယ့်ပုံစံက အန်တီသိရတာတော့လေ- ဒီဟာကို ဖြိုပြီးတဲ့အခါကျတော့မှ ပြောင်းမယ်လို့ ပြောတယ်။ ကျမတို့ကတော့ အစီရင်ခံစာပေါ်မှာအတိုင်း တွက်ထားတဲ့လူတွေ ဖြစ်တယ်။ ဒါက
အစီရင်ခံစာအတိုင်း ကိုက်ညီမှု မရှိဘူးဆိုတာ သေချာတာပေါ့လေ။”

ညနေ ၃ နာရီကျော်မှာတော့ ကျောင်းသားလူငယ်တွေဟာ ရန်ကုန်တိုင်း၊ ကျောက်တံတားရဲစခန်းရှေ့က ကားလမ်းကို ပိတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြနေတဲ့ ကျောင်းသားတစ်ဦးပြောပြတာက -

“ကျနော်တို့ကို ကျောင်းလမ်းကိုပိတ်ပြီးတော့ လယ်တီသိမ်နဲ့ သာသနိကအဆောက်အဦးတွေကို လူတစုရဲ့ အကျိုးစီးပွားအတွက် ဖျက်ဆီးမယ့် ကိစ္စကိုရပ်တန့်ပေးဖို့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ဆိုင်းဘုတ်ကိုကိုင်ပြီး ကျနော်တို့ လူငယ် ၅ ယောက်တည်းနဲ့ လမ်းပိတ်ပြီးတော့ ကြွေးကြော်သံ ကြွေးကြော်ပြီးတော့ လာတာ။”

ဆန္ဒပြသူတွေထဲက ကျောင်းသားတစ်ဦးကို ကျောက်တံတားရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း ကျောက်တံတားရဲစခန်းကို သတင်းမေးဖို့ရောက်နေတဲ့ လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချိုက ပြောပါတယ်။

“နာမည်က ကိုအောင်ကိုဦးပါဗျာ။ ၃ သုံးလုံး လှုပ်ရှားမှုလို့ အမည်တပ်ပြီးတော့ ဆူးလေအနီး ကျောက်တံတားရဲစခန်းရှေ့ကနေ မီးရှူးမီးပန်းဖောက်ပြီး ဆန္ဒပြတာပါ။ သူ့ကို အခုနောက်ဆုံး စွဲလိုက်တဲ့ပုဒ်မက ရန်ကုန်ရဲ အက်ဥပဒေပုဒ်မ ၄၂ လို့ ပြောပါတယ်။ အမြင့်ဆုံးပြစ်ဒဏ်က ဒဏ်ငွေ ၅၀ သို့မဟုတ် ထောင်ဒဏ် ၈ ရက်လို့ ပြောပါတယ်။”

လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကစပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တောင်းဆိုဆန္ဒပြတာတွေ ဖြစ်ခဲ့ပြီးနောက် လက်ပန်းတောင်းတောင် လယ်တီသိမ်ကို ဖြိုဖျက်မှာကို ကာကွယ်ခဲ့တဲ့သံဃာတွေဟာ သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့ရာက မီးလောင်ဗုံးတွေနဲ့ ဖြိုခွဲခံခဲ့ရတာပါ။ အဲဒီတုန်းက သံဃာ ၅၀ ထက် မနည်းဟာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ဒီနောက် လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မတီ ဖွဲ့ခဲ့ပါတယ်။ အခုအခါမှာ ကော်မတီရဲ့ အစီရင်ခံစာအတိုင်း လိုက်နာမှု မရှိဘူးဆိုပြီး ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဆက်လက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG