သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းကော်မရှင် စစ်ဆေးတွေ့ရှိမှု မကြာခင် ထုတ်ပြန်မည်


သတင်းစာရှင်းလင်းပွဲတရပ်မှာ လက်ပံတောင်းကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေစဉ်။ (ဒီဇင်ဘာလ ၆၊ ၂၀၁၂)။
သတင်းစာရှင်းလင်းပွဲတရပ်မှာ လက်ပံတောင်းကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေစဉ်။ (ဒီဇင်ဘာလ ၆၊ ၂၀၁၂)။
မကြာသေးခင်က ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး သံဃာတော်တွေ အပေါ် အကြမ်းဖက် နှိမ်နင်းမှု အပါအဝင် ကြေးနီစီမံကိန်းကြောင့် ဒေသခံလူထုတွေ အမှန်တကယ် ဆုံးရှုံး နစ်နာမှု ရှိ - မရှိ၊ လူထုကျန်းမာရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု ဖြစ်နိုင် - မဖြစ်နိုင် စတာတွေကို ၂ ပတ်နီးပါးကြာ စစ်ဆေးခဲ့ပြီးနောက် သောကြာနေ့မှာတော့ ကော်မရှင်ကနေ သူတို့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေ အနေနဲ့ ဒီလို စစ်ဆေးမှုတွေ လုပ်ဆောင်တဲ့နေရာမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ပြီး၊ သက်ဆိုင်သူအားလုံးကလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ အဖွဲ့ဝင်တဦးက ပြောပါတယ်။ ဒါ့အပြင် လျော်ကြေးငွေကိစ္စ၊ နောက် အကြမ်းဖက်နှိမ်နင်းမှုအတွင်း အသုံးပြုခဲ့တဲ့ ဓာတုပစ္စည်းနဲ့ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေကိုလည်း ဆက်လက် စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

၁၆ ဦး ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကနေ အဖွဲ့တွေ ခွဲပြီးတော့ ကြေးနီစီမံကိန်း တည်ရှိရာ ဒေသဘက်ဆီကို ဒီဇင်ဘာလ ၅ ရက်ကနေ ၁၅ ရက်နေ့အထိ ၁၁ ရက်ကြာ ကွင်းဆင်းစစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့တာပါ။ အဲ့ဒီမှာ ကြေးနီစီမံကိန်း နယ်မြေမှာ ရှိတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံတာ၊ ဦးပိုင် နဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံတာ၊ ပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှု ဖြစ်နိုင် - မဖြစ်နိုင်၊ လူထု ကျန်းမာရေးအပြင် အာဏာပိုင်တွေ ရဲ့ နှိမ်နင်းမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေနဲ့ပါ တွေ့ဆုံပြီးတော့ စစ်ဆေးမေးမြန်းမှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ချက်တွေကို လူထုသိအောင် ကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့ပေမဲ့ စစ်ဆေး တွေ့ရှိချက်တွေ ကို ပြောဆိုထားခြင်း မရှိပါဘူး။ ကော်မရှင်ကနေ အခုလို စုံစမ်း စစ်ဆေးမှုတွေကို လုပ်ဆောင်တဲ့နေရာမှာ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ခဲ့ သလဲ ဆိုတာနဲ့ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင်တဦး ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကို မေးကြည့်တော့ -

“အထွေအထူး အခက်အခဲတော့ ကျမတို့ဘက်က မရှိခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျေးရွာ ပြည်သူလူထုတွေ အနေနဲ့ကလည်း ဒီကိစ္စအပေါ်မှာ တကယ်ကို မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။ မှန်မှန်ကန်ကန်ပဲ သူတို့အနေနဲ့ကလည်း မြင်စေချင်တယ်၊ သိစေချင်တဲ့အခါကျတော့ အားလုံးက ဝိုင်းဝန်း ပူးပေါင်း ပါတယ်။ အဲဒီလိုပါပဲ စက်ရုံတွေကို သွားပြီးတော့ လေ့လာတဲ့အခါကျတော့လည်း ကုမ္ပဏီဘက်ကလည်း ကျမတို့ လိုချင်တဲ့ အချက်အလက်တွေ၊ မေးမြန်းတာတွေ အားလုံးကိုလည်း ရှင်းပြပါတယ်။ အဲဒီအတွက်ကြောင့်မိုလို့ သွားတဲ့နေရာမှာတော့ ပိတ်ပင် တားဆီးတာ၊ ကန့်သတ်တာတွေတော့ မရှိခဲ့ပါဘူး။”

ဒေသခံ တာဝန်ရှိသူတွေ အထူးသဖြင့် အာဏာပိုင်တွေဘက်က ဘယ်လောက် ပူးပေါင်း ဆောင်ရွက်မှု ရှိသလဲရှင့်။ ဒီကိစ္စနဲ့ပတ်သက်လို့။ -

“ပူးပေါင်း ဆောင်ရွက်ပါတယ်။ ဘာကြောင့် ပူးပေါင်း ပါဝင် ဆောင်ရွက်တယ်ပြောလဲ ဆိုရင် ဟိုမှာ သွားရေး လာရေးတွေလည်း သူတို့ စီစဉ်ပေးတယ်။ ဥပမာ ကျမတို့က ကြေးနီ တူးဖော်နေတဲ့ ဆိုက်တွေကို ကျမတို့ ကြည့်ချင်တယ်ဆိုလည်း သူတို့က ဆက်သွယ်ပြီးတော့ ဆောင်ရွက်ပေးတယ်။ အဲဒါကြောင့် ကျမတို့ သွားခဲ့တဲ့ တလျှောက်လုံးမှာ အားလုံးကတော့ ဒီဟာကို လိုလိုလားလားနဲ့ ဝိုင်းပြီးတော့ ကူညီကြတယ်။ ကျမတို့ လုပ်နိုင်တဲ့ အနေအထားကို လုပ်ပြီးတဲ့နောက်မှာတော့ ပညာရှင်တွေ ပေါင်းစုံ ပါဝင်တဲ့ ကျွမ်းကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပြီး လုပ်သွားမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ အခု ဒီ ရက်တိုတို အတွင်းမှာတော့ ကျမတို့ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ အပေါ်မှာတော့ ကျမတို့ ကျေနပ်မှု ရှိပါတယ်။”

ဒီကော်မရှင်အနေနဲ့ ဘာတွေ ဆက်လုပ်ဖို့ရော ရှိပါလဲရှင့်။ -

“ဘာတွေ ရှိနေသေးလဲ ဆိုတော့ မြေယာသိမ်းဆည်းမှုတုန်းက ပေးအပ်တဲ့ လျော်ကြေးနဲ့ ပတ်သက်ပြီးတော့ အခါကျတော့မှ ကျမတို့ ဒေသခံတွေ ကျေနပ်မှု ရှိမရှိ၊ အခုအငြင်းပွားနေတဲ့ ကိစ္စတွေပေါ့လေ။ တကယ်တမ်း လျော်ကြေး ပေးခဲ့တယ် ဆိုပြန်ရင်လည်း ဒီပေးခဲ့တဲ့ မြေလျော်ကြေး က အဲဒီအချိန်တုန်းက ကာလပေါက်ဈေး တွေနဲ့ တကယ်တမ်း မှန်လား၊ မမှန်လား။ ရသင့်ရထိုက်တဲ့ အတိုင်းအတာ ဟုတ်လား မဟုတ်လား၊ ဒီလိုကိစ္စမျိုးတွေကို ကျမတို့ ဆက်လက် စုံစမ်းဦးမှာပါ။ အဲဒီလိုပဲ ဒီ ဒေသခံတွေရဲ့ စီးပွားရေး လူမှုရေး၊ သူတို့ရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျမတို့ ဆက်လက်ပြီးတော့ လေ့လာစုံစမ်း ဖော်ထုတ်သွားဦးမှာပါ။”

အာဏာပိုင်တွေဘက်က ဒီ ဖြိုခွင်းခံရတဲ့ သံဃာတော်တွေရဲ့ ကျန်းမာရေး၊ သူတို့နဲ့ ပတ်သက်လို့ရော စုံစမ်း စစ်ဆေးမှုတွေ ဘယ်လောက် အတိုင်းအတာအထိ ဒီကော်မရှင်ဘက်က လုပ်ပြီးပြီလဲရှင့်။ -

“အဲဒါကိုလည်း ကော်မရှင်က သီးသန့်အဖွဲ့ အနေနဲ့ ဒီဟာတွေရဲ့ သုံးစွဲခဲ့တဲ့ လက်နက် အမျိုးအစားတွေ ပေါ့နော်၊ ဒဏ်ရာရခဲ့တဲ့ ဆရာတော်၊ သံဃာတော်တွေရဲ့ အနေအထားတွေ ပေါ့နော်။ နောက်ပြီးတော့ ဘယ်လို ဆောင်ရွက်ခဲ့ကြသလဲ ဆိုတဲ့ အဆင့်ဆင့် အစိတ်အပိုင်းတွေ၊ အဲဒါတွေကတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက လေ့လာ စုံစမ်းနေပါတယ်။ အဲဒီတော့ သိရှိတာတွေကို မကြာခင်မှာ ပြောကြားနိုင်မယ်လို့ ကျမတို့ မျှော်လင့်ထားပါတယ်။”

စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ဖြစ်ပါတယ်။ ဒီကော်မရှင်အနေနဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး သမ္မတဆီကို အစီရင်ခံစာတင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့ မနက်ပိုင်းက လက်ပံတောင်းတောင်ဒေသမှာ ရှိတဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းတွေကို အာဏာပိုင်တွေက မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးတွေ အသုံးပြု ဖြိုခွင်းခဲ့တာကြောင့် မီးလောင်ဒဏ်ရာရရှိလို့ ဆေးကုခံယူနေတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၈၄ ဦး ရှိခဲ့ပါတယ်။
XS
SM
MD
LG