သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင် တိုက်ပွဲ ပြင်းထန်


လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ လောက်ကိုင်မြို့ အနောက်ဖက်ပိုင်း ကို သောကြာနေ့မနက်ပိုင်းမှာ တပ်မတော် ဖက်က ပြန်လည် ထိုးစစ် ဆင်လာတဲ့ အတွက် တိုက်ပွဲအရှိန် တိုးလာဖို့ရှိနေတယ်လို့မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA)က ပြောပါတယ်။ လောက်ကိုင် နောက်ဆုံး အခြေနေတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ရက်နေ့ နဲ့ ၁၂ရက်နေ့မှာ တပ်မတော်နဲ့ ကိုးကန့်ဖုန်ကြားရှင် တပ်တို့ တိုက်ပွဲ ဖြစ်ပွားမှုငြိမ်နေရာမှ ဒီမနက် ၁၁နာရီလောက်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) ပြောခွင့်ရ အထူးဒေသ (၁) အုပ်ချုပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ဗွီအိုအေကို ပြောပါတယ်။

" ဒီ့ထက်ပြင်းထန်ဖို့ပဲ ရှိတယ်။ သူတို့ရဲ့ လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့်ပေါ့ဗျာ။ တင့်ကားတွေ၊ သံချပ်ကားတွေ၊ အခုလို လေယာဉ်တွေ မီးသတ်တွေ အများကြီး ပိုပို့လာတယ်။"

တိုက်ပွဲတွေနဲ့ပတ်သတ်ပြီး အစိုးရဘက်က ငြိမ်းချမ်းရေး ကမ်းလှမ်းထားတာမရှိသလို အစိုးရဘက်က တရားဝင် တော်လှန်ရေးအဖွဲ့တခုအနေနဲ့ လက်ခံမထားတာကြောင့် ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ ခက်ခဲနေတယ်လို့ပြောပါတယ်။

"ကျနော်တို့အနေနဲ့ကတော့ UNFC (United Nationalities Federal Council) ထဲမှာ အဖွဲ့ဝင်ပါ။ NCCT (Nationwide Ceasefire Coordination Team)မှာလည်း အဖွဲ့ဝင်ပါ။ တဖက်က ကျနော်တို့ကို အသိအမှတ်မပြုဘူးဗျ။ အဲ့ဒီ့တော့ ကမ်းလှမ်းမယ်ဆိုရင်တောင် အခက်အခဲရှိမယ်ဗျ။

တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် လောက်ကိုင်ဒေသခံတွေဟာ တရုတ်နိုင်ငံနဲ့ လားရှိုးဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ လောက်ကိုင်ဒေသနောက် ဆုံး အခြေအနေကို ကိုးကန့်လူမျိုး ကွမ်လုံ လွှတ်တော် ကိုယ်စားလှယ် ဦးဟော်လျှောက်ချမ်းက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

"လောက်ကိုင်အခြေအနေက တော်တော်ဆိုးပါတယ်။ အခုက လူထုလည်း သိပ်မရှိတော့ဘူး။ နံပတ် ၄သမားက ဒီအိမ်ကို သွားကလော်လိုက်၊ ဟိုအိမ်သွား ကလော်ပစ်လိုက် ဖြစ်လာတယ်။ အိမ်ရှင်မရှိဘူးလေ။ အဲ့လိုဖြစ်နေတယ်။"

လောက်ကိုင်ကနေထွက်ပြေးလာတဲ့ ကြံစိုက်သူတောင်တွင်းကြီးသားကိုမြငွေက လည်း ဒုက္ခသည်တွေနဲ့ပတ်သတ်ပြီး ခုလိုပြောပြလာပါတယ်။

" အခု ကျနော်တို့ လောက်ကိုင်မှာ ကြံခုတ်ကြတယ်ခင်ဗျ။ အဲ့ဒီ့နေရာမှာ ကျနော်တို့ ဘေးမှာ ထွက်ပုန်းနေရပါတယ်ခင်ဗျ။ အခုတော့ ကျနော်တို့ အလုပ်သမားတွေကို ပြန်လွှတ်တဲ့အခြေအနေ ရှိပါတယ်ခင်ဗျ။ လမ်းတွေမှာလည်း တောက်လျှောက် ခြေလျင်လျှောက်နေရတဲ့သူတွေလည်း ရှိပါတယ်ခင်ဗျ။ အခုဒီကို မနက် ၁၁နာရီခွဲ ရောက်ပါတယ်ခင်ဗျ။ အနောက်မှာလည်း လူတွေ ဒုက္ခသည်တွေ အများကြီး ကျန်ပါသေးတယ်ခင်ဗျ။ ပြည်သူတွေကပဲ ကူညီစောင့်ရှောက်ပေးပါတယ်ခင်ဗျ။"

အခုချိန်မှာ လားရှိုး အထက ၁ကျောင်းမှာ ပညာရေးဝန်ထမ်း ၃၀၀ကျော် ခိုလှုံနေသလို ရတနာသိဂီၤကျောင်း၊ မန်စီကျောင်း၊ ရှမ်း ကျောင်း၊ မန်စီကားဝင်းတို့ မှာလည်း လောက်ကိုင်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ ပြည့်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲ စဖြစ်ကတည်းက လားရှိုးကိုရောက်လာတဲ့ဒုက္ခသည်ပေါင်း ၁၀၀၀ကျော်ရှိနေတယ်လို့ ဒုက္ခသည်တွေကိုကူညီနေတဲ့ လားရှိုးဒေသခံ ဦးထွန်းနေလှိုင်ဦး က ဗွီအိုအေကိုပြောပါတယ်။

" မန်စီရှမ်းကျောင်းမှာ ရှိတယ်။ ကျနော်သွားကြည့်တာ သုံးဆယ်လောက်တော့ ရှိတယ်။ ဟုတ်တယ် အထက (၁)မှာပါ အမ။ အဲ့တာက အယောက် ၃၀၀လောက် စာရင်းဝင်နေပြီ မနေ့က။ ပညာရေးဝန်ထမ်းတွေအမ။ ထောင်ဂဏန်းဆိုတာ မှန်တယ်အမ။ ဘာဖြစ်လို့လဲဆိုတော့ တည်းတာတော့ မမှန်ဘူး။ သူတို့က ဒီမှာ ဖြတ်သွားကြတာကိုး။"

ဖေဖော်ဝါရီ ၉ရက်နေ့က ဒီနေ့ထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် နှစ်ဘက် အကျဆုံးရှိပါတယ်။ တပ်မတော်ဘက်မှ ၄၇ဦးသေဆုံးပြီး ၇၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပေမယ့် ဖုန်ကြားရှင် ကိုးကန့်တပ်ဘက်ကတော့ တရားဝင် ထုတ်ပြန်မှုတွေ မလုပ်ထားပါဘူး။

မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) အတွင်းရေးမှူး ဦးထွန်းမြတ်လင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရခိုင်တပ်မတော် (AA) တို့က မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA)နဲ့အတူ ပူးပေါင်း တိုက်ပွဲဝင်နေတယ်လို့ ပြောပါတယ်။ နောက်ဆုံးရ သတင်းများအရ လောက်ကိုင် အနောက်ဘက်ရှိ တာပါး၊ ညဏ်ခွမ်းတို့တွင် တိုက်ပွဲများမှာ ၂ရက်တာ ငြိမ်သက်နေရာမှ ဒီမနက်မှာတော့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပါတယ်။

ဗွီအိုအေ သတင်းထောက် မမေခပြောပြခဲ့တာပါ။ တရုတ်မြန်မာနယ်စပ် မှာ ဖြစ်နေတဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဖက်ကို ထိခိုက်လာနိုင်တဲ့ အလားအလာကို စိုးရိမ်စိတ်နဲ့ အနီးကပ်စောင့်ကြည့်နေတယ်၊ ပြဿနာတွေ ငြိမ်းချမ်းစွာ ပြေလည်ဖို့ မျှော်လင့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထု တ်ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံဖက်ကို ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေ စာရင်းကို လည်း ကောက်ယူနေတယ်လို့ ဆိုပါတယ်။ သူတို့အားလုံးကို စာနာမှု အထောက်အထားတွေနဲ့ စနစ်တကျ နေရာချထားပေးနေတယ်လို့ သံရုံးကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အခြေအနေတွေ ပုံမှန်ပြန်ရောက် သွားတဲ့အခါ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ကို အေးအေးချမ်းချမ်း ပြန်သွားနိုင်မယ် လို့ မျှော်လင့်ကြောင်း ဖေါ်ပြထားပါတယ်။

XS
SM
MD
LG