သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ အစိုးရ ထိုးစစ်တိုးမြှင့်


လောက်ကိုင်မြို့တဝိုက်က ကိုးကန့်နဲ့ မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေကို မြန်မာ့တပ်မတော်က ဒီကနေ့ အလုံအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ရန်ကုန်မှာ ဆွေးနွေးနေကြပါတယ်။

အောက်ခြေက ထိုးစစ်တွေကိုမရပ်ဘဲ အပစ်ရပ်ဆွေးနွေးနေခြင်းဟာ လက်တွေ့နဲ့ ကွာဟနေတယ်လို့ တိုင်းရင်းသားအဖွဲ့တွေက တုံ့ပြန်လိုက်ကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

လောက်ကိုင်မြို့အရှေ့ဘက် ခုတ်ထန်ဒေသမှာ ဒီကနေ့မနက် အာရုဏ်တက်အချိန် မြန်မာစစ်တပ်က အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်း က ပြောပါတယ်။

“မနက် ၅ နာရီလောက်ကနေ တိုက်ပွဲစပါတယ်ခင်ဗျ။ လက်နက်ကြီးနဲ့ အရင်ပစ်တယ်ပေါ့။ နေရာကတော့ ခုတ်ထန် တဝိုက်မှာပါခင်ဗျ။ လောက်ကိုင်ရဲ့ အရှေ့တောင်ဖက်ဖြစ်မယ်။ မနေ့တုန်းကနေ စပြီးတော့ သူတို့အင်အား ပိုသုံးလာတာ တွေ့ရတယ်။ မနေ့တုန်းကဆိုရင် ၈၀၀ နဲ့ ၉၀၀ ကြားရှိမယ်၊ ကြည်းတပ်ပေါ့၊ စစ်သားအင်အား။ လာပြီးတော့ ထိုးတာပေါ့။ ဒီနေ့လည်း အဲဒီလိုပါပဲ။ လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ လက်နက်ကြီး ပစ်ပြီးတော့မှ ကြည်းတပ်က ထိုးတက်တယ်။ တက်လို့မရတော့ ပြန်ဆုတ်၊ ပြန်ဆုတ်ပြီး လက်နက်ကြီးနဲ့ပြန်ပစ်၊ ပြီးတော့ပြန်တက်၊ အဲဒီလိုပေါ့။ မနေ့တုန်းကတော့ ကျနော်ကြားတာတော့ ကျနော်တို့ဖက်မှာတော့ ၄ ယောက် ဒဏ်ရာရတယ်၊ အနည်းအကျဉ်း။ တဖက်ကတော့ ထိခိုက်ဒဏ်ရာရတာနဲ့ ကျဆုံးတာနဲ့ ပေါင်းလိုက်ရင် ၅၀ နဲ့ ၆၀ ကြားဖြစ်မယ်။ ဒီနေ့ကတော့ မသိရသေးဘူးဗျ။”

ကုန်းကြမ်းမြို့ လော်ကွာကျိုင်းနဲ့ မာလုရွှေကျေးရွာတဝိုက် ဖြစ်ပွားတဲ့ ဒီကနေ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်ဘက်က သတင်းထုတ်ပြန်ရာမှာ မြန်မာတပ်မတော် စစ်သည် ၃ ဦးကျဆုံးပြီး၊ ၄ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။ မတ်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်း တိုက်ပွဲအပြီး လောက်ကိုင်မြို့နားမှာ မူးယစ်ဆေးဝါးနဲ့ MNDAA ရဲ့ လက်နက်အချို့ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းပြည်အရှေ့မြောက်ပိုင်းအတွင်း အခုလို တိုက်ပွဲဖြစ်နေချိန်မှာတော့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ NCCT တို့ ရန်ကုန်မှာ ဒီနေ့ ဆွေးနွေးကြပါတယ်။ အောက်ခြေတပ်တွေက ထိုးစစ်တွေမရပ်ဘဲနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေခြင်းဟာ လက်တွေ့မကျဘူးလို့ တအောင်းပလောင် TNLA တပ်ဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ TNLA ပြောခွင့်ရသူ မိုင်အိုက်ကျော်က အခုလို ရှင်းပြပါတယ်။

“ထိုးစစ်က မရပ်ဘူး။ ထိုးစစ်ရှိနေသမျှတော့ အထဲကဘယ်လောက် ဆွေးနွေး၊ ဆွေးနွေး အောက်ခြေက တိုက်ပွဲတွေကတော့ ဘယ်လိုမှ လျှော့ချနိုင်မှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးလည်း ဘယ်လောက်ပဲ ဆွေးနွေးဆွေးနွေး စစ်ကတောက်လျှောက်၊ ကျနော်တို့ ဒေသမှာ တိုက်ပွဲကတော့ ဆက်ဖြစ်ပွားနေမှာပဲ။ အခုလို ပြန်ဖြစ်မယ် ဆိုရင်တော့ ကျနော်တို့ ရှမ်းပြည်မြောက်ပိုင်း တအောင်းဒေသနဲ့ ကိုးကန့်ဒေသတွေမှာ တပ်မတွေက အထူးသဖြင့် မြုပ်နေတယ်။ တဖက်ကတော့ ဆွေးနွေးမှုတွေ လုပ်နေတာပေါ့နော်။ တဖက်ကတော့ စစ်ရေးအရ တောက်လျှောက် ဖိအားပေးနေလို့ ရှိရင်တော့ ငြိမ်းချမ်းရေးက ဘယ်လောက် ဆွေးနွေးဆွေးနွေး အောက်ခြေမှာတော့ စစ်ပွဲကတော့ တောက်လျှောက် ဖြစ်နေမှာက သေချာတယ်။ အဲဒါကြောင့်မို့လို့ ဒီထိုးစစ်ကို ရပ်တန့်ဖို့၊ ထိုးပြီးသား စစ်တွေကို ပြန်ရုပ်သိမ်းလို့ ရှိရင်တော့၊ တိုက်ပွဲလည်း လျော့နည်းမယ်၊ တဖက်နဲ့တဖက် အပြန်အလှန် ယုံကြည်မှုလည်း ရှိလာမယ်။ တဖက်နဲ့တဖက် စကားပြောတာ ပိုပြီးတော့ အဆင်ပြေမယ်လို့ ယုံကြည်တယ်ပေါ့နော်။”

အစိုးရဘက်က ကိုးကန့်ဒေသတွင်း စစ်ရှိန် ပိုမြှင့်လာတာဟာ ပြည်တွင်း အခြားနိုင်ငံရေးပြဿနာ တွေပေါ် အာရုံလွှဲလိုတာကြောင့် ဖြစ်တယ်လို့ ကိုးကပ်တပ်ဖွဲ့ရဲ့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“နဂိုကတည်းက ကျနော်တို့ရဲ့ ခံယူချက်က နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ပဲ ဖြေရှင်းချင်ပါတယ်။ အဓိကအားဖြင့် အခုဟာက ပြည်တွင်းထဲမှာ ကျနော်ထင်တာက ဒီကျောင်းသားသပိတ်တို့၊ အလုပ်သမား သပိတ်ပြောရမှာပေါ့နော်၊ အဲဒါတွေလည်း ဖြစ်နေတယ်။ အဲဒါကို သူတို့က အာရုံလွဲှချင်တယ်ဗျ။ ကြည်းရော၊ လေရော၊ ပြီးတော့ လက်နက်ကြီးရော၊ အသုံးပြုပြီး တိုက်တာကတော့ တကယ့်ကို ပြည်ပရန် ကာကွယ်သလို ဖြစ်နေပါတယ်။ ကျနော်တို့ဟာလည်း ၁၃၅ မျိုးသော တိုင်းရင်းသားထဲမှာ တမျိုးဖြစ်ပါတယ်။ ကိုးကန့်တိုင်းရင်းသား ဖြစ်ပါတယ်။ ဒါကြောင့် အစကတည်းက တကယ့်ကို ပြည်တွင်းစစ်၊ ဒါမှမဟုတ်ရင် တိုင်းရင်းသား ပဋိပက္ခပဲ ပြောပြောပေါ့၊ အဲဒါက အချုပ်အခြာအာဏာနဲ့ကတော့ ဘာမှမပတ်သက်ပါဘူးခင်ဗျ။”

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်းယီဟာ တရုတ်မြန်မာနယ်စပ် ယူနမ်ဒေသကို ရောက်နေပြီး တရုတ်မြန်မာနယ်စပ် လုံခြုံရေးကိစ္စနဲ့ ပတ်သက်လို့ ဒေသခံအာဏာပိုင်တွေနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီအတောတွင်း လောက်ကိုင်ဒေသမှာ ကိုးကန့်တပ်ဖွဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်က တပ်မှူး ၃ ဦးကို လက်ရှိ တပ်မမှူးနေရာ တွေကနေ မတ်လ ၅ရက်နေ့က ဖယ်ရှားလိုက်တယ်လို့ မြန်မာနိုင်ငံထုတ် TOMORROW သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။ အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်လှမြင့်စိုး၊ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ခင်မောင်သန်းနဲ့ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် အောင်သိန်းဦးတို့ဖြစ်ပါတယ်။

သူတို့ ၃ ဦးကို ဖူးကြီး မင်းပြားနဲ့ ထားဝယ်မှာရှိတဲ့ တန်းမြင့် တိုက်ခိုက် ရေးသင်တန်းကျောင်း ကျောင်းအုပ်တွေအဖြစ် ပြောင်းရွှေ့ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ လစ်လပ်နေရာတွေကို အစားထိုးရာမှာ အမှတ် ၁၁ တပ်မမှူးအဖြစ် ဗိုလ်မှူးကြီး အောင်ရဲဝင်း ၊ အမှတ် ၄၄ တပ်မမှူးအဖြစ် ဗိုလ်မှူးကြီး သန့်စင်၊ အမှတ် ၇၇ တပ်မမှူးအဖြစ် ဗိုလ်မှူးကြီး မိုးကျော်တို့ကို ရာထူးတိုးမြှင့် ခန့်အပ်လိုက်ကြောင်း TOMORROW သတင်းဂျာနယ်မှာ ဖေါ်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာ့ တပ်မတော်ဖက်က သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။

XS
SM
MD
LG