သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစုရှယ်ယာဈေးကွက် စတင်ဖွင့်လှစ်


မြန်မာအစုရှယ်ယာဈေးကွက် ဒီကနေ့ စတင်ဖွင့်လှစ်။
မြန်မာအစုရှယ်ယာဈေးကွက် ဒီကနေ့ စတင်ဖွင့်လှစ်။

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ရန်ကုန်စတော့အိတ်ချိန်းမှာ အစုရှယ်ယာ အရောင်းအဝယ်တွေကို ဒီကနေ့ မတ်လ ၂၅ ရက်နေ့မှာ စတင် လည်ပတ် လိုက်ပါတယ်။ ရှေ့လျှောက် မြန်မာပြည်အနေနဲ့ စီးပွားရေးဖွံ့ဖြိုးမယ့် အလား အလာ အများကြီးရှိသလို လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့်လည်း ရန်ကုန် စတော့အိတ်ချိန်း အစုရှယ်ယာ ဈေးကွက်ပိုပြီးတိုးတက်လာမယ်လို့ ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောဆိုလိုက်ပါတယ်။ ဒီ သတင်း အပြည့်အစုံကိုတော့ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် က တင်ပြထားပါတယ်။

ဒီကနေ့ မတ်လ ၂၅ရက်နေ့မှာ စတင်လိုက်တဲ့ ရန်ကုန် စတော့အိတ်ချိန်းမှာ အစုရှယ်ယာ အရောင်းအဝယ်တွေကို FMI ကုမ္ပဏီနဲ့ စတင်လိုက်ပြီး စတော့ရှယ်ရာ တစ်စုကို ၃၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဒီကနေ့ အစု ရှယ်ယာဈေးကွက် စတင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ အများကြီးအားရသလို အစိုးရသစ် လက်ထက်မှာလည်း စတော့အိတ်ချိန်းဈေးကွက်ကတော့ ဆက်ပြီး လည်ပတ်နေမှာဖြစ်ပြီး ရှေ့လျှောက် မြန်မာနိုင်ငံ ရေး အပြောင်းအလဲကြောင့် စတော့အိတ်ချိန်းဈေးကွက် တိုးတက်ဖို့ အလားအလာရှိတယ်လို့ ဘဏ္ဍာရေး ဒု ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောပါတယ်။

" စတော့အိတ်ချိန်းတခုရဲ့ စီးပွားတိုးတက်ဖွံ့ဖြိုးမှုဟာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အများကြီး အကျိုးဖြစ်စေပါတယ်။ နိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးဖို့ ဆိုရင် မြန်မာပြည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာတွေ ရှိတယ်။ နိုင်ငံရေး ကလည်း တည်ငြိမ်နေပြီဆိုတော့ အလားအလာကောင်းတွေ တအားကောင်းလာတယ်။ အဲ့ဒီ့လို တအားကောင်းတဲ့အတွက်လည်း။ ကျနော်တို့ လုပ်ထားတာကလည်း တကယ့်ကို စနစ်တကျ လုပ်ထားပြီးသားပါ။"

ငွေကျပ်သန်းပေါင်း ၃ သောင်း ၂ ထောင်နဲ့ မတည်ထားတဲ့ ရန်ကုန်စတော့ အိတ်ချိန်းမှာ အများပိုင် ကုမ္ပဏီတစ် ခုဖြစ်တဲ့ FMI ကုမ္ပဏီက စတော့ရှယ်ယာတွေ ကို ပထမဆုံးအနေနဲ့ စတင်အရောင်းအဝယ် ပြုလုပ်ခွင့်ရထား တာဖြစ်ပြီး စတော့အိတ်ချိန်းမှာ ရှယ်ယာရောင်းပိုင်ခွင့်ရထားတဲ့ အခြားကုမ္ပဏီတွေ ကတော့ မြန်မာသီလဝါ အထူး စီးပွားရေးဇုန် ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီ MTSH ၊ မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာ့ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း MAPCO နှင့် Great Horkham ကုမ္ပဏီတို့ဖြစ်ပါတယ်။

FMI ကုမ္ပဏီအနေနဲ့ အစု ရှယ်ယာတစ်စု ကို ၂၆၀၀၀ကျပ်နဲ့ စတင်ဈေးဖွင့်ခဲ့ပြီး နံနက်ပိုင်း စတော့ ဈေးကွက် ပိတ်ချိန်မှာ ရောင်းလိုအား ရှယ်ယာ စုစုပေါင်း ၄သောင်းကျော် ရှိပြီး ဝယ်လိုအား ရှယ်ယာ စုစုပေါင်း ၈ သောင်း ကျော် ရှိတာမို့ ဝယ်လိုအားနဲ့ ရောင်းလိုအားတော့ မမျှခဲ့ပါဘူး။

ရန်ကုန်စတော့အိတ်ချိန်း အနေနဲ့ ကုမ္ပဏီတွေ အများကြီးကို ကူညီပေးနိုင်မယ် လို့ မျှော်လင့်ကြောင်း FMI ရဲ့ ဥက္ကဌ က Serge Pun က ရန်ကုန်စတော့အိတ်ချိန်း စတင်လည် ပတ်တဲ့ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။

"မကြာခင်ရက်ပိုင်းအတွင်းမှာပဲ တက်လာတော့မယ့် အစိုးရသစ်ကို ကြိုဆိုသလို သမိုင်းစာမျက်နှာ အသစ်တစ်ခု ကို မြင်တွေ့ရမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အနေနဲ့တော့ ပိုပြီးကောင်းမွန်တဲ့ စီးပွားရေးဖြစ်လာဖို့ မျှော် လင့်သလို ရန်ကုန်စတော့အိတ်ချိန်းအနေနဲ့လည်း ကုမ္ပဏီတွေအများကြီးကို အရင်းအနှီးတွေ ရနိုင်ဖို့အတွက် အကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ "

ကနဦး ရှယ်ယာအရောင်းအဝယ်ပြုလုပ်ခွင့်ရ Listed ကုမ္ပဏီ ၆ခု စာရင်းဝင် သီလဝါ အထူးစီးပွားရေးဇုန် အများ ပိုင်ကုမ္ပဏီ အနေနဲ့တော့ ဧပြီလ နောက်ဆုံးအပတ်မှာ စတော့ရှယ်ယာတွေကို စတင်ရောင်းချမှာဖြစ်ပြီး ကျန်တဲ့ ကုမ္ပဏီ ၄ခုအနေနဲ့လည်း တဆင့်ချင်း စတော့ရှယ်ယာဈေးကွက်ထဲ အခြေချခွင့်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်းဈေးကွက် ရှိလာတာမို့ ငွေပိုကိုင်ထားတဲ့ သူတွေ အနေနဲ့ အခြား စီးပွားရေးကဏ္ဍ တွေမှာ ဈေးကစားတာမျိုးတွေ လျော့ သွားနိုင်တယ် လို့ စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်က ပြောပါ တယ်။

" စတော့အိတ်ချိန်းကတော့ နိုင်ငံတကာမှာ ရှိနေကြတယ်။ မြန်မာပြည်မှာသာ အခုမှ ဖွင့်နိုင်တာကိုး။ စတော့အိတ်ချိန်းဖွင့်နိုင်ဖို့ကလည်း နိုင်ငံတော်က စတော့အိတ်ချိန်း မှာ တက်လာမယ့် ကုမ္ပဏီရဲ့ ခိုင်မာမှုကို အမြဲတမ်းကြည့်ရတယ်။ စတော့အိတ်ချိန်း မှာ အကြီးအကျယ် ဝင်ပြီးတော့ စတော့ကစားတယ်။ ရှယ်ယာကစား တယ်။ နောက်ပြီးတော့ ပြန်မလျော်နိုင်ရင် ခက်မယ်လေ။ ခက်ရင်တော့ စားသွားမယ့် သဘောတွေရှိတဲ့အတွက် နိုင်ငံတော်က ထိန်းပြီးတော့ အခု ခြောက်ခုပဲ စပြီးတော့ ရွေးပြီးတော့ တက်လာမယ်။ ဒီအတွက်ကလည်း လူတိုင်း လူတိုင်းက ငွေပိုရှိကြတာမဟုတ်ဘူးလေ။ ငွေပိုလေးနဲ့ကစားတယ်။ စတော့ အိတ်ချိန်း မရှိတုန်းက အပြင်မှာ ဒေါ်လာဝယ်လိုက်ရောင်းလိုက်၊ ရွှေ ဝယ်လိုက်ရောင်းလိုက် Amount များတော့လည်း မြေဝယ်လိုက် ရောင်းလိုက်ပေါ့။ အဲ့လိုတွေလျောက်လုပ်တဲ့အတွက် ကုန်ဈေးနှုန်းက တည်ငြိမ်မှုမရှိဘူး။ "

မြန်မာနိုင်ငံ၏ ပထမဆုံးဖြစ်တဲ့ ရန်ကုန် စတော့ အိတ်ချိန်းကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ကနဦးအနေနဲ့ ရှယ်ယာ အရောင်းအဝယ်ပြုလုပ်ခွင့် ကို ကုမ္ပဏီ ၆ခု ကို ခွင့်ပြုထားတာလည်း ဖြစ်ပါ တယ်။ ရန်ကုန် စတော့အိတ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း၊ တိုကျို စတော့အိပ်ချိန်း က ၁၈ ရာခိုင်နှုန်းကျော်နဲ့ ဂျပန်ဒိုင်ဝါသုတေသနက ရာခိုင်နှုန်း ၃၀ ကျော် ထည့်ဝင်အကောင် အထည်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

--

XS
SM
MD
LG