သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးဆိုင်ရာ ပေါင်းစည်းမှု တိုင်းရင်းသားတွေ စိုးရိမ်ဆဲ


လောခီးလာညီလာခံမှတ်တမ်း (ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
လောခီးလာညီလာခံမှတ်တမ်း (ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး မူကြမ်း (စာချုပ်) မှာပါဝင်တဲ့ တပ်ပိုင်းဆိုင်ရာ အာမခံချက်တွေအပေါ်မှာ တိုင်းရင်းသားတွေဘက်က ယုံကြည်မှု အားနည်းနေတယ်လို့ KNU ကရင်အမျိုးသားစည်းရုံးရေးဌာနချုပ်ရှိရာ လောခီးလာစခမ်းမှာကျင်းပနေတဲ့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအတွင်း တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) က ပြောလိုက်ပါတယ်။ တပ်ပိုင်းဆိုင်ရာကိစ္စတွေထဲမှာ ခုချိန်ထိလည်း တိုင်းရင်းသားတွေနဲ့ အစိုးရကြားမှာ ညှိနှိုင်းလို့မရသေးတဲ့လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးအတွက် တိုင်းရင်းသားတွေဘက်ကစိုးရိမ်မှုတွေရှိနေပါတယ်။ လောခီးလာစခမ်းမှာ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ဗွီအိုအေသတင်းထောက် မေခက စုံစမ်းတင်ပြပေးထားပါတယ်။

တပ်ပိုင်းဆိုင်ရာတချို့ကိစ္စတွေဟာ ခုချိန်ထိလည်း အစိုးရနဲ့ ညှိနှိုင်းလို့မပြီးသေးဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ တပ်ပိုင်းဆိုင်ရာထဲမှာပါတဲ့ စစ်သည်တော်ကျင့်ဝတ်ကို အပစ်ရပ် စာချုပ်ချုပ်ပြီးတလအတွင်းမှာ အပြီးသတ်ရေးဆွဲဖို့ကို ထိပ်သီး ခေါင်းဆောင်တွေက လက်ခံတာကြောင့် အတည်ပြုနိုင်ခဲ့တယ်လို့ NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။ အခန်း ၅ မှာ ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့စကားရပ်ကြောင့်အစိုးရဘက်ကလိုချင်တဲ့ လက်နက်ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုရေးနဲ့ အရပ်သားတွေအဖြစ် ပြန်လည်ပေါင်းစည်းရေး မူဝါဒဖြစ်တဲ့ DDR သဘောကို ပိုပြီးတော့ သက်ရောက်နိုင်တယ် ဆိုတဲ့ အမြင်မျိုး သံသယရှိနေကြတာကြောင့် ဒီစကားရပ်ကို ဖြုတ်လိုက်တာလို့ နိုင်ဟံသာကပြောပါတယ်။

“အနာဂတ်မှာ တပ်ဖွ့ဲစည်းရေးဆိုတဲ့ကိစ္စမှာ ပြည်ထောင်စုတပ်မတော်ကို ဘယ်လိုဖွဲ့စည်းမလဲဆိုတဲ့ကိစ္စမှာပေါ့နော်- များသောအားဖြင့်ကတော့ လုံခြုံရေးပြန်လည်ပေါင်းစည်းခြင်း-ဆိုတဲ့ သူတို့သုံးနေတဲ့ဝေါဟာရကလည်း ဒါကတော့ DDR ဖြစ်တယ်ဆိုပြီးတော့လည်း အဲလို ပြောခဲ့ဖူးတဲ့အနေအထားပေါ်မှာ ဒါ့ကြောင့် တပ်အပေါ်မှာတော့ တော်တော်လေးကို ယုံကြည်မှုအားနည်းနေတယ်။”

အခု ဆွေးနွေးပြီးသည်အထိမှာ ထွက်ပေါ်လာတဲ့ပြင်ဆင်ချက်တွေကို အစိုးရနှင့်ဆက်လက်ညှိနှိုင်းပြီး အချောသတ်နိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေ ပါဝင်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းဖို့ တိုင်းရင်းသားခေါင်းဆောင်တို့က ဆွေးနွေးမှုတွေရှိပေမယ့် အချို့ခေါင်းဆောင်တွေကတော့ လက်ရှိ NCCT ကို ဆက်လက်တာဝန်ပေးဖို့ တင်ပြနေတာလည်းရှိပါတယ်။ အစိုးရနဲ့ အချောသတ်ဆွေးနွေးဖို့ အတွက် စီစဉ်နေတာနဲ့ပတ်သက်ပြီး နိုင်ဟံသာက ခုလိုပြောပါတယ်။

“အခုကတော့ မူကြမ်းဆိုတော့ မူကြမ်းဆိုတာတော့ ပြင်ဆင်လို့ရတယ်၊ နုတ်လို့ရတယ်၊ တိုးလို့ရတယ်။ ဒါ မူကြမ်းရဲ့သဘောပေါ့လေ။ အဲဒါကို သွားပြန်ညှိဖို့ဆိုတဲ့ကိစ္စက အခု ဒီဝိုင်းထဲမှာ ဘယ်သူ့ကို တာဝန်ပေးမလဲဆိုတဲ့ဟာ မဆုံးဖြတ်ရသေးဘူး။ အမှန်ကတော့ အရင့်အရင်က ဆုံးဖြတ်ထားတာကတော့ NCCT အနေနဲ့ကတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ထိုးတဲ့အချိန်အထိ သူ့မှာ တာဝန်ရှိတယ်။ ထိုးပြီးတော့မှပဲ သူ့မှာ တာဝန်မရှိတော့ဘူး။ အဲဒီကြားမှာ ပြောမယ်ဆိုရင်တော့ အရေးသတ်မှတ်ချက်အရကတော့ တာဝန် ကျန်ပါသေးတယ်။ ဒီကျန်တဲ့အစိတ်အပိုင်းမှာတော့ အခက်အခဲ ရှိနိုင်တယ်။ ထိပ်သီးခေါင်းဆောင်များပါ ပူးတွဲပြီးတော့ ဒါမှမဟုတ်ရင် လုံးဝတာဝန်ယူပြီးတော့ ဒီကိစ္စကို ကြိုးပမ်းမှ ပိုပြီးတော့မှ ထိရောက်မယ်ဆိုတဲ့သဘောထား….”

ပြည်တွင်းငြိမ်းချမ်းရေးအတွက်လုပ်ဆောင်ရာမှာ အချိန်မဆွဲဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ၂၀၁၅ ခုနှစ်အကုန်ပိုင်းအထိ မလုပ်လာနိုင်ရင် အခကအ်ခဲတွေရှိနိုင်တယ်လို့ နိုင်ငံတကာနဲ့ အချို့သောတိုင်းရင်းသားတွေက ထောက်ပြပြောဆိုမှုတွေလည်းရှိနေပါတယ်။ ဒီအပေါ်မှာ NCCT ခေါင်းဆောင်နိုင်ဟံသာကတော့ အပစ်ရပ်စဲရေးကို ၂၀၁၅ ခုနှစ်အတွင်းမှာ လက်မှတ်ထိုးနိုင်မထိုးနိုင် ခုလိုမှတ်ချက်ပေးပါတယ်။

“ဒီလိုပါ၊ ဒါကလည်း အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒီနှစ်ထဲမှာ လက်မှတ်ထိုးနိုင်မယ်၊ မထိုးနိုင်ဘူးဆိုတဲ့ကိစ္စကလေ၊ ဒါကတော့ အန်ကယ်လ်တို့ သွားပြီးတော့ ပြန်ညှိနှိုင်းရမယ်ဆိုတဲ့အခါမှာ အစိုးရဘက်ရဲ့သဘောထားနဲ့ အန်ကယ်တို့သဘောထား တကယ်လို့ နီးစပ်မယ်ဆိုရင်တော့ ဒါ ဖြစ်နိုင်တယ်။ မနီးစပ်ဘူးဆိုရင်တော့ ဒါ မဖြစ်နိုင်ဘူး။ ဒါကတော့ အသေပြောလို့ရတဲ့ကိစ္စမဟုတ်ဘူးနော်။ နောက် ဒီအစိုးရလက်ထက်မှာ မဖြစ်ရင် ၊ နောက် ရွေးကောက်ပွဲပြောင်းသွားရင် တချို့က ပြောတယ်။ ဒါ ပိုပြီးတော့ ခဲယဉ်းသွားမယ်၊ ခဲယဉ်းတဲ့အပိုင်း ရှိသလို ပိုပြီးတော့ ကောင်းလာမယ့်အပိုင်းလည်း ဒါ ရှိနိုင်တာပေါ့။ သဘောကတော့ ဘာကြောင့်ခဲယဉ်းသလဲဆိုတော့ လူတွေပြောင်းသွားတယ်။ လူသစ်ကတော့ လုပ်ငန်းပိုင်းကို နားမလည်လို့ပေါ့လေ၊ ဒါကတော့ ဖြစ်နိုင်တယ်။ တဘက်က ပိုပြီးကောင်းနိုင်တဲ့အစိတ်အပိုင်းက - ဥပမာ ပြောင်းလဲလာတဲ့ခေါင်းဆောင်တွေ၊ အသစ်တက်လာတဲ့အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေက ပိုပြီးတော့မှ ငြိမ်းချမ်းရေးကိုလိုလားတယ်၊ အပေးအယူလုပ်နိုင်တယ်ဆိုတဲ့အဖွဲ့မျိုး တက်လာတယ်ဆိုရင်တော့ ပိုပြီးတော့ လွယ်ကူသွားမှာပေါ့။”

လက်ရှိဆွေးနွေးနေတဲ့ အပစ်ရပ်မူကြမ်း (NCA) နဲ့ပတ်သက်ပြီး အစိုးရပေးတဲ့အာမခံချက်များမှာ အားနည်းနေကြောင်း၊ တိုင်းရင်းသားတွေ တောင်းဆိုသလောက် မရခဲ့ရင်တောင် တိကျတဲ့ လုံခြုံရေးဆိုင်ရာအာမခံချက်ရမယ်ဆိုရင် တိုင်းရင်းသားတွေအနေနဲ့လက်မှတ်ထိုးဖို့ စဉ်းစားနိုင်တယ်လို့ ရက္ခိုင့်တပ်မတော် (AA) က နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ကိုအေးထွန်းက ခုလို ပြောပါတယ်။

“ပထမအတည်ပြု မူကြမ်းမှာ ကျနော်တို့လိုချင်တာကိုရဖို့ တအားနည်းပါတယ်။ တိုင်းရင်းသားထဲမှာ လူတော်တွေရှိတော့ အာမခံချက် လုံးဝမရှိဘဲနဲ့တော့ ထိုးမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း အရမ်းကိုတော့ သတိထားကြပါတယ်။ ကျနော်တို့လိုချင်သလောက်တော့ ကျနော်တို့မရပါဘူး။ လိုချင်တာအထိ မရရင်လည်း လုံခြုံရေးတော့ အာမခံနိုင်မယ့် အတိုင်းအတာတခု အထိဆိုရင်တော့ တိုင်းရင်းသားတွေနဲ့ စုပေါင်းပြီး လက်မှတ်ထိုးပေးကြမယ်လို့ ထင်ပါတယ်။”

လတ်တလောမှာ ညီလာခံကို ရက်ထပ်တိုး ဆွေးနွေးလျက်ရှိပြီး အခန်း ၇ ခန်းကိုဆွေးနွေးပြီးရင် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ကိစ္စ၊ ရှေ့ လုပ်ငန်းစဉ်ကိစ္စစတာတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။

XS
SM
MD
LG