သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သပိတ်ကျောင်းသားတွေ ဖမ်းဆီးခံရမှု ဥပဒေနဲ့မကိုက်ညီ


လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲခံရတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေကို အချုပ်ကားနဲ့ သယ်ဆောင်သွားစဉ်။ (မတ် ၁၀၊ ၂၀၁၅)
လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲခံရတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေကို အချုပ်ကားနဲ့ သယ်ဆောင်သွားစဉ်။ (မတ် ၁၀၊ ၂၀၁၅)

ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲရေး ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက ပုဒ်မတပ် တရားစွဲဆိုခြင်းမရှိဘဲ ၂၄ နာရီကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းထားတာဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။ ပညာရေး ဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ဆန္ဒပြ တောင်းဆိုနေတဲ့ ပင်မကျောင်းသားသပိတ်စခန်းကို အာဏာပိုင်တွေဘက်က လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းပြီး နောက်ရက်တွေမှာ ကျောင်းသားခေါင်းဆောင်တွေကို လိုက်လံဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ ကျောင်းသားတွေရဲ့ ပင်မသပိတ်စခန်းကို အကြမ်းဖက် ဖြိုခွင်းပြီး (၁၀၀) ကျော်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ အပြင် အဲဒီနောက်ပိုင်းရက်တွေမှာလည်း ကျောင်းသားတွေကို ပုဒ်မ မတပ်၊ သက်သေအထောက်အထား ခိုင်လုံမှုမရှိဘဲဖမ်းဆီးထိန်းသိမ်း နေထားတာဟာ ဥပဒေနဲ့ညီညွတ်ခြင်းမရှိကြောင်း AHRC - အာရှ လူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးက ပြောပါတယ်။

“ရန်ကုန်မှာဖမ်းဆီးသွားတဲ့ မဟန်နီဦးအပါအဝင် လေးဦးဆိုရင်လည်း အလုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတာမဟုတ်ဘဲနဲ့ တိုင်းဒေသကြီး အဖွဲ့ကနေ လာရောက် ဖမ်းဆီးတာဖြစ်တယ်။ ပြီးတော့ တခါတည်း သာယာဝတီအကျဉ်းထောင်ကို ပို့လိုက်တယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ သာမန်ပြည်သူတဦးတယောက်ကို ဖမ်းမယ်ဆိုလို့ရှိရင် ၂၄ နာရီထက် ကျော်လွန်ပြီးတော့ ချုပ်နှောင်ထားခွင့်မရှိပါဘူး။ အဲဒီလို ချုပ်နှောင်ထားမယ်ဆိုလို့ရှိရင် တရားရုံးကိုတင်ပို့ပြီးတော့မှ ‘ချုပ်ရမန်’ ယူရမှာဖြစ်ပါတယ်။ ဒါကတော့ ‘ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ’ မှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်ပါ။

… ထိုနည်းတူစွာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ‘နိုင်ငံသားတယောက်ရဲ့ ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေ’ - မှာ ‘နိုင်ငံသားတဦး တယောက်ကို ၂၄ နာရီထက် ကျော်လွန်ပြီးတော့ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းမပြုရ’ - ဆိုတဲ့အခွင့်အရေး ပြဌာန်းထားတာ ရှိပါတယ်။ တရားရုံးမှာ အမှုစွဲတင်ဖို့အတွက် အချက်အလက် မလုံလောက်သေးဘူး၊ မလုံလောက်သေးတဲ့အခါကျ သူတို့ တရားရုံးကိုမတင်နိုင်သေးဘူး၊ ရှင်းရှင်းပြောရရင် အခု ဖမ်းထားတဲ့ ကျောင်းသားတွေ တော်တော်များများကိုက ပြန်လွှတ်ရမယ့်ကိန်း ဆိုက်နေတယ်။ အဲဒီတော့ လက်ရှိ အစိုးရလက်ထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေမှာ ကျနော်တို့ တော်တော် မေးမြန်းဖို့လိုအပ်လာတဲ့ကိစ္စတွေဖြစ်တယ်။”

ပညာရေးဥပဒေပြင်ဆင်ရေးအတွက် တောင်းဆိုဆန္ဒပြနေကြတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်၊ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ဗကသအဖွဲ့ရဲ့ ၁၅ ဦးကော်မီတီဝင်တဦးလည်းဖြစ်တဲ့ မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသား မောင်စိုးလှိုင်ကို အာဏာပိုင်တွေက မတ်လ ၁၀ ရက်နေ့ညက သူနေတဲ့အဆောင်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖခင်ဖြစ်သူ ဦးကျော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“အင်္ဂလိပ်လို (၁၀) ရက်နေ့ည၊ ဆယ်နာရီလောက်ကဗျ။ ကျနော်တို့က တောထဲမှာ- တောင်ပေါ်မှာ မုံရွာမြို့နဲ့ ဝေးတဲ့ အတွက် ဘာကြောင့်လဲ ခေါ်သွားတာ မသိလိုက်ရဘူးဗျ။ ည ဆယ်နာရီလောက်မှာ သူငယ်ချင်းတယောက်က သိသလိုလို ဘာလိုလိုနဲ့ ခေါ်ပြီးတော့ ဖမ်းသွားတဲ့ပုံစံမျိုး ပြောတယ်ဗျ။ မြင်းခြံထောင်ထဲမှာတဲ့ခင်ဗျ။ မြင်းခြံဆိုတာ ဘယ်ဟာလဲမသိဘူး။ အကြောင်းကြားတယ်ခင်ဗျ။ သူဖမ်းတဲ့အကြောင်းကို၊ ဖုန်းနဲ့ လှမ်းပြီးတော့ ပြောတာ။ သူနဲ့တော့ ဒါရိုက်မပြောရဘူးဗျာ။ ဖုန်းနံပါတ်တခုနဲ့ လှမ်းပေးတယ်ခင်ဗျ။ ကျနော် အဲဒါနဲ့ လိုက်သွားတွေ့တယ်ဗျ။”

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ မန္တလေးကနေ ရန်ကုန်ကို ချီတက်လာတဲ့ ကျောင်းသားသပိတ် ပင်မစစ်ကြောင်း မြင်းခြံမြို့ကို ရောက်တဲ့အချိန် ဇန်နဝါရီလ ၂၆ ရက်နေ့က မြင်းခြံဒီဂရီကောလိပ် အလံတိုင်မှာတင်ထားတဲ့ နိုင်ငံတော်အလံကို ဖြုတ်ချပြီး ကျောင်းသားတွေက ခွပ်ဒေါင်းအလံလွှင့်တင်ခဲ့မှုမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးတယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် ဘာကြောင့် ဖမ်းထားတယ်ဆိုတာကို အာဏာပိုင်တွေဘက်က အသိပေးခြင်း မရှိဘူးလို့ မနေ့ မတ်လ ၁၆ ရက်နေ့က မြင်းခြံထောင်မှာ မောင်စိုးလှိုင်ကို ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ အကိုဖြစ်သူက အခုလို ဆက်ပြောပါတယ်။

“သူ့ကိုခေါ်ထားတဲ့နောက်ကွယ်မှာ ဘာမှ သိပ်ပြီးတော့ စစ်ဆေးတာ မရှိတာတော့ နည်းနည်း ထူးခြားမှုတခုတွေ့ရတယ်ပေါ့။ အဲဒါကတော့ နည်းနည်းထူးခြားတယ်။ ဘာမှ စစ်ဆေးတဲ့အပိုင်း မရှိဘူးပေါ့နော်။ ရောက်လာပြီးကတည်းက ဒီအတိုင်းပဲ ထားနေတဲ့သဘောမျိုး ရှိတာပေါ့။ ပုဒ်မအတိအကျဆိုတာလည်း သဘောက ၂၃ ရက်နေ့ ရုံးချိန်းထုတ်မယ်လို့ ပြောထားတာတော့ ရှိတယ်။ ဒါပေမယ့် အဲဒါကလည်း ဘယ်လို တိကျသလဲဆိုတဲ့အချက်ကို သေချာပေါက် ပြောလို့မရဘူး။ နောက်တချက်က သူ့ကို အလံကိစ္စနဲ့စွဲတယ်လို့ ပြောမယ်ဆိုရင်လည်း ကျနော်တို့မှာ ခိုင်မာတဲ့ - သူက တကယ်နွားထိုးကြီးမှာ လှည့်ပြန်သွားပြီဆိုတော့ မြင်းခြံကို သူမရောက်နိုင်တဲ့အချက်က သူက မရောက်ခဲ့ဘူး ပေါ့။ မရောက်ခဲ့တာရယ်၊ နောက်တချက်က သူရှိနေတဲ့အချိန်က ကျောင်းခေါ်ချိန်မှာလည်း မုံရွာမှာသူရှိနေတဲ့အတွက် မောင်စိုးလှိုင်က ဒီကိစ္စမှာ သူပါဝင်မှုမရှိဘူးဆိုတာလည်း တွက်လို့ရတယ်။ သေချာတာတခုကတော့ ထိန်းထားတာသက်သက်လို့ မှန်းလို့ရတယ်ပေါ့နော။ အဲဒီလိုတွက်လို့ရတာလည်း ၁၅ ယောက်ထဲမှာ သူက ပါနေတာလေ။ လေးပွင့်ဆိုင်တွေ့ဆုံမှု ၁၅ ယောက်ထဲမှာ ပါနေတယ်။ ပါတဲ့အထဲမှာ ဗကသထဲမှာပါတာဖြစ်တဲ့အတွက်ရော ကျနော်ကတော့ ထင်တယ်ပေါ့နော်။ ဒါက ကျနော်တို့ရဲ့ ခန့်မှန်းချက်ပေါ့ဗျာ။”

မောင်စိုးလှိုင်လိုပဲ ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားသူလည်းဖြစ်၊ ဗကသ ကျောင်းသားခေါင်းဆောင် တဦးလည်းဖြစ်တဲ့ မဟန်နီဦးနဲ့ တခြား ၄ ဦးတို့ကိုလည်း အာဏာပိုင်တွေက မတ်လ ၁၂ ရက်၊ ကြာသပတေးနေ့ညက ရန်ကုန်၊ အလုံ မြို့နယ်မှာ ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး အခု သူတို့ကို သာယာဝတီထောင်မှာ ထိန်းသိမ်းထားပါတယ်။

မဟန်နီဦးကို သာယာဝတီ အကျဉ်းထောင်မှာ မနေ့ မတ်လ ၁၆ ရက်နေ့က ထောင်ဝင်စာ သွားတွေ့ခွင့် ရခဲ့တယ်လို့ ဖခင်ဖြစ်သူ ဦးထွန်းဦးက ပြောပါတယ်။

“ဒီနေ့သွားတယ်။ သွားတော့ သာယာဝတီမှာရှိတယ်လို့ ပြောပါတယ်။ သူတို့ သုံးယောက်စလုံးလေ၊ ကိုမိုးထက်နေ၊ ကိုသီဟဝင်းတင်ရယ်၊ မဟန်နီဦးရယ်၊ သုံးယောက်စလုံးက သာယာဝတီအကျဉ်းထောင်မှာ ရှိပါတယ်-တဲ့။”

မေး။ ။ အခု မဟန်နီတို့ ကိစ္စကရော ဘာအမှုနဲ့စွဲသလဲ၊ ဘယ်တော့ ရုံးထုတ်မလဲဆိုတာ သိရလားခင်ဗျ။

ဦးထွန်းဦး။ ။ တရားဝင်တော့ မသိရဘူး။ ဒါပေမယ့် အဲဒီမှာတော့ ပြောတာဆိုတာအရတော့ လက်ပံတန်းကလူတွေနဲ့ပဲ ပုဒ်မအတူတူပဲ တပ်တယ်ဆိုပြီး ကျနော်တို့သိရတယ်။ အဲဒီကိစ္စကိုတော့ ရဲမှူးကြီးဦးဝင်းစိန်နဲ့ သွားတွေ့ဖို့ အစီအစဉ်ရှိပါတယ်ခင်ဗျ။ ဘာပုဒ်မတွေနဲ့တပ်လဲ၊ ဘယ်လိုဖြစ်လဲဆိုတာ၊ ဘယ်ရုံးကို ထုတ်မလဲဆိုတာတွေကိုလေ၊ ကျနော်တို့ သွားစုံစမ်းရပါလိမ့်မယ်။

အာဏာပိုင်တွေဘက်က ပညာရေးဥပဒေ ပြင်ဆင် ရေးဆွဲရေးအတွက် အမှန်တကယ်လိုလားတယ်၊ တွေ့ဆုံ ဆွေးနွေးတဲ့နည်းနဲ့ ဒီကိစ္စကို အဖြေရှာဖို့အတွက် တကယ်လိုလားတယ်ဆိုရင် ဖမ်းဆီးထားတဲ့ ကျောင်းသားခေါင်းဆောင်တွေကို အရင် လွတ်ပေးဖို့ လိုကြောင်း၊ သူ့အနေနဲ့တော့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုက ရရှိခဲ့တဲ့ သဘောတူညီချက် ၁၁ ချက်ကို ဆက်လက် ဆုပ်ကိုင်သွားမှာဖြစ်ကြောင်း မဟန်နီဦးက သူ့ကို ပြောပြခဲ့တယ်လို့ ဦးထွန်းဦးက ပြောပါတယ်။

အမျိုးသားလွှတ်တော်မှာ ပညာရေးဥပဒေပြင်ဆင်ရေး ကြားနာပွဲကို ဒီကနေ့ မတ်လ (၁၇) ရက်နေ့မှာ ပြုလုပ်ဖို့ ရှိနေတာမှာ NNER ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်က တက်ရောက်ပြီး ဖမ်းဆီးခံ ကျောင်းသားတွေ ပြန်လွှတ်ပေးရေးအတွက် ပြောဆိုမယ်လို့ NNER က မူဝါဒရေးရာမှူး မသူသူမာက ဗွီအိုအေကို မတ်လ (၁၆) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG