သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖဲကြိုးဝါတပ် တကိုယ်တော် ဆန္ဒပြ


ဖဲကြိုးဝါ လှုပ်ရှားမှု။
ဖဲကြိုးဝါ လှုပ်ရှားမှု။

တရားရေးဌာနတွေမှာ စစ်တပ်က အရာရှိတွေကို ခန့်အပ်မယ့် ကိစ္စကို ကန့်ကွက်တဲ့ အနေနဲ့ တရားသူကြီးတွေနဲ့ ရှေ့နေတွေဟာ ဖဲကြိုးဝါ လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။ ေ စစ်တပ်မှာ စစ်ဥပဒေ ခံုံရုံးနဲ့ တရားစီရင်မှုတွေ ရှိပေမဲ့ အရပ်ဖက်ဆိုင်ရာ တရားစီရင်ရေး အတွေ့အကြုံ နည်းပါးတဲ့ စစ်တပ်က အရာရှိတွေ ဝင်လာမယ်ဆိုရင် တရားစီရင်ရေး လမ်းကြောင်း တိမ်းစောင်းတာတွေဖြစ်နိုင်တယ်လို့ တရား လွှတ်တော်ရှေ့နေ တချို့ကလည်း ထောက်ပြဝေဖန်နေကြတာပါ။ ဒီကနေ့ ပြည်မြို့ က တရားလွှတ်တော်ရှေ့နေတဦးဟာလည်း တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ရက်တွေက တရားရေးဘက်က တရားသူကြီးတွေ ရှေ့နေတွေ ဟာ တရားရေးဘက်မှာ စစ်ဘက်က အရာရှိတွေ ခန့်အပ်မယ့် ကိစ္စနဲ့ ပတ်သက်လို့ ဖဲကြိုးဝါတွေ တပ်ဆင်ပြီး အဝါရောင်ဖဲကြိုးဝါ လှုပ်ရှားမူတွေနဲ့ ကန့်ကွက် ဆန္ဒပြသခဲ့ပါတယ်။

ဒီကနေ့မှာပြည်မြို့က တရားလွှတ်တော်ရှေ့နေတဦးဖြစ်တဲ့ ဦးမြင့်အေးဟာ တကိုယ်တော် ဆန္ဒပြခဲ့တာပါ။ ဖမ်းဆီးခံ ကျောင်းသားတွေပြန်လွတ်မြောက်ရေး နဲ့ ဖဲကြိုးဝါ လှုပ်ရှားမူနဲ့ ဆန္ဒပြခဲ့တာဖြစ်တယ်လို့ မကြာသေးခင်ကမှ အကျဉ်းထောင် ကပြန်လွတ်လာခဲ့တဲ့ ရှေ့နေဦးမြင့်အေးက ဆိုပါတယ်။

"ကျောင်းသားတွေကို လက်ပံတန်းမှာ အကြမ်းဖက်ရိုက်နှက် ဖြိုခွဲတဲ့ ခြောက်လပြည့်နေ့ သူတို့ လွတ်မြောက်ရေးအတွက် ကျနော် အိမ်ကနေပြီးတော့ ဗကသ အလံ ခွပ်ဒေါင်းအလံကို ကိုင်ပြီး တရားရုံးကို သွားပါတယ်။ ရုံးကို တပတ်ပတ်တယ်။ ပါဝင်ကြဖို့ ရှေ့နေတွေ တရားသူကြီးတွေ ကိုခေါ်တယ်။ နောက် အဝါရောင်ကမ်ပိမ်းပေါ့။ နေပြည်တော်မှာ လုပ်နေတဲ့ တရားရေးထဲကို စစ်တပ်ကနေ လူနှစ်ဆယ်လောက် ထည့်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဝါရောင်ကမ်ပိန်းလုပ်နေတဲ့အထဲမှာ ကျနော်ကလည်း အဝါရောင်ဖဲကြိုး ကို ရင်မှာ တပ်ပြီးတော့ အဲ့ဒီ့ဟာတွေ ထွက်သွားဖို့အတွက် ကျနော် ဆန္ဒပြတယ်။"

စစ်တပ်ထဲက အရာရှိတချို့ဟာ စစ်ဥပဒေသင်ကြားရတာတွေ အပါအဝင် ရှေ့နေ လိုင်စင် ရရှိ ထားသူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ အရပ်ဘက် တရားစီရင်ရေးနဲ့ ပတ်သက်လို့ တော့ ကျွမ်းကျင်စွာ သင်ကြားထားတာမျိုးတွေ မရှိတဲ့အတွက် အရပ်ဖက် တရားစီရင်ရေးမှာ အတွေ့အကြုံ နည်းကြတယ်လို့ ဖဲကြိုးဝါလှုပ်ရှားမူကို လုပ်ဆောင်နေသူတွေက ယူဆထားကြပါတယ်။

ဒီအတွက် စစ်ဖက်က ပုဂ္ဂိုလ်တွေဟာ တရားစီရင်ရေးမှာ ဦးဆောင်တဲ့နေရာက ပါလာမယ် ဆိုရင် တရားစီရင်ရေး လမ်းကြောင်း တိမ်းစောင်းနိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေ တဦးဖြစ်တဲ့ ဦးလှမျိုးမြင့်ကဆိုပါတယ် ။

" စစ်တပ်က အရာရှိတွေဟာ သူတို့မှာ စစ်ဥပဒေပဲ သူတို့ကို သင်ခဲ့တယ်။ အပြင်ဥပဒေကို သူတို့ကို ကျွမ်းကျွမ်းကျင်ကျင် သင်ခဲ့တာမရှိဘူး။ အရင်တုန်းက တပ်မတော်မှာ တပ်မတော်သားတွေချည်းပဲ စာပေးစာယူနဲ့ အင်တာနက်ကနေ နှိပ်ပြီးတော့ ဖြေတယ်။ အဲ့တာတွေနဲ့ ချိန်ဘာဆင်းခွင့်ပေးတယ်။ အဲ့ဒီ့ကနေ သူတို့က လိုင်စင်ရတယ်။ အဲ့တော့ ဥပဒေနဲ့ရခဲ့တဲ့ တပ်အရာရှိတွေဟာ တရားစီရင်ရေးလောကကို ဝင်လာတဲ့အခါကျတော့ သူတို့က အခြေခံကစပြီး မဝင်နိုင်တဲ့အတွက်ကြောင့် သူတို့သည် တရားစီရင်ရေးလောကကို ထဲထဲဝင်ဝင် ထိထိရောက်ရောက် တရားမျှတစွာ ဥပဒေနဲ့အညီ စီရင်နိုင်တဲ့ ပါဝါ အတွေ့အကြုံ အားနည်းတယ်။ မကျွမ်းကျင်ပဲနဲ့ ဒီလောကထဲ ဝင်လာပြီးတော့ ချက်ခြင်း အမိန့်ဆုံးဖြတ်နိုင်တဲ့ အရာရှိအဆင့် တက်ထိုင်လို့ရှိရင်တော့ တရားစီရင်ရေးလမ်းကြောင်း တိမ်းစောင်းနိုင်တဲ့အခြေအနေမှာ ရှိပါတယ်။"

စစ်ဥပဒေနဲ့ အရပ်ဖက် ဥပဒေ ကွာခြားပုံကိုလည်း တရားလွှတ်တော်ရှေနေ ဦးလှမျိုးမြင့်က အခုလိုပြောပြပါတယ်။

" စစ်ဥပဒေဆိုတာ စစ်တရားရုံးဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ခင် နဝတတို့ နအဖတို့ မတိုင်ခင်မှာ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်တာတွေရှိတယ်လေ။ အဲ့အုပ်ချုပ်တဲ့ အခါမှာ စစ်ဥပဒေကို အသုံးပြုခဲ့တယ်။ မာရှယ်လောခေါ်တာပေါ့နော်။ အဲ့နည်းကတော့ အပြစ်ရှိလား။ အပြစ်ရှိတယ် ဝန်ခံလို့ရှိရင် ထောင်ဒဏ် သုံးနှစ်ကျတယ်။ အပြစ်မရှိဘူး ငြင်းလို့ရှိရင် ထောင်ဒဏ် ခုနှစ်နှစ်ကျတယ်။ အဲ့ဒီ့ပုံစံမျိုးနဲ့ စစ်တရားရုံးမှာ ချခဲ့တဲ့အခါကျတော့ အန်ကယ်လ်တို့ ကြုံခဲ့ရတယ်လေ။ အစအဆုံးစစ်တာ ဒီလူဟာ ပြစ်မှုကျူးလွန်သူ ဟုတ်လား မဟုတ်လားဆိုတာ စစ်ဆေးတာမရှိဘူးလေ။"

လက်ရှိမှာတော့ တရားရုံးတွေကနေ တရားသူကြီးအဆင့်အဆင့်ဟာ အထက် အမိန့်အရ ဆိုပြီး ဥပဒေကြောင်း အရ မညီညွတ်တဲ့ ပြစ်ဒဏ်ပေးမူတွေကိုသာ လုပ်နေတာတွေ့ရတဲ့ အတွက် စစ်တပ်ဘက်ကနေ ကူးပြောင်းလာသူတွေသာ တရားရေးဘက်ကို ထပ်ရောက် လာမယ်ဆိုရင် တရားစီရင်ရေးမှာ မမျှတမူတွေ ပိုဖြစ်လာနိုင်တယ် လို့ တကိုယ်တော် ဆန္ဒပြတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ဆိုပါတယ်။

တရားစီရင်ရေးနယ်ပယ်အတွင်း အုပ်ချုပ်ရေးအာဏာပိုင်တွေ ယုံကြည်ရတဲ့ စစ်ဘက်က ပုဂ္ဂိုလ်တွေကို ခန့်အပ်တာဟာ တရားစီရင်ရေးမဏ္ဍိုင်ကို အမိန့်နာခံ တတ်တဲ့သူတွေကို ခန့်အပ်ထားချင်လို့ ဖြစ်နိုင်တယ်လို့ ရှေ့နေအများစုက ယူဆနေကြတာပါ။

အခုဆိုရင် စစ်ဘက်ကပြောင်းရွှေ့လာသူတွေကို ကန့်ကွက်တဲ့အနေနဲ့ တက်ကြွ လှုပ်ရှားတဲ့ ရှေ့နေတွေ သာမက အရပ်ဖက် တရားစီရင်ရေးက တရားသူကြီးတွေ အပါအဝင် ဥပဒေဝန်ထမ်းတွေကိုယ်တိုင် ဖဲကြိုးဝါလှုပ်ရှားမူမှာ ပါဝင်လာတာပါ။ ဒီနေ့မှာဆိုရင်လည်း မန္တလေးတိုင်း ပျဉ်းမနားမြို့က တရားရုံးရှေ့မှာ လည်း ရှေ့နေတွေက ဖဲကြိုးဝါလှုပ်ရှားမူတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

XS
SM
MD
LG