သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး တိုင်းပြည်တွေရဲ့ ရှေ့အလားအလာ


တူရကီနိုင်ငံ အီစတန်ဘူလ်မြို့တော်က ညီလာခံအတွင်း အဆင်းရဲဆုံး တိုင်းပြည်တွေ ဖွံ့ဖြိုးရေးအတွက် သီတင်းတပတ်ကြာ ဆွေးနွေးကြပါတယ်။
တူရကီနိုင်ငံ အီစတန်ဘူလ်မြို့တော်က ညီလာခံအတွင်း အဆင်းရဲဆုံး တိုင်းပြည်တွေ ဖွံ့ဖြိုးရေးအတွက် သီတင်းတပတ်ကြာ ဆွေးနွေးကြပါတယ်။

မေလ ၁၆၊ ၂၀၁၁-မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်က ဖွံ့ဖြိုးမှုအနိမ့်ဆုံး တိုင်းပြည်တွေ ဆင်းရဲတွင်းက ရုန်းထွက်နိုင်ရေး နည်းလမ်းတွေ ရှာနေကြပါတယ်။

ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံး တိုင်းပြည်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြတဲ့ ကုလသမဂ္ဂ ညီလာခံအတွင်း ကမ္ဘာပေါ်က အဆင်းရဲဆုံး တိုင်းပြည်တွေ အနေနဲ့ ဆင်းရဲတွင်းကနေ ရုန်းထွက်နိုင်မယ့် အစီအစဉ် တရပ်ကို ချမှတ်လိုက်ကြပါတယ်။ မြန်မာနိုင်ငံ အပါအဝင်၊ LDC လို့ခေါ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံး တိုင်းပြည်တွေက ဆင်းရဲသား လူသန်းပေါင်းများစွာကို ပုဂ္ဂလိကကဏ္ဍနဲ့ ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ကတဆင့် ကယ်တင်သွားဖို့ အလေးထား ဆွေးနွေးသွားကြတာပါ။ တပတ်ကြာ ကျင်းပတဲ့ ညီလာခံမှာ ဆွေးနွေးမှုတွေနဲ့ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံက အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

LDC လို့ခေါ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးတိုင်းပြည်တွေ အဖြစ် သတ်မှတ်ထားတဲ့ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၄၈ နိုင်ငံအနက် ရှေ့လာမယ့် သက္ကရာဇ် ၂၀၂၀ နောက်ဆုံးထားပြီး ထက်ဝက်လောက်အထိ လျော့ကျသွားအောင် လုပ်ဆောင်သွားဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ မေလ ဒုတိယပတ်အတွင်း ကျင်းပတဲ့ ညီလာခံမှာ အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ စွမ်းအင်နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေလို ထုတ်လုပ်မှု အပိုင်းကို အာရုံစိုက် ဆွေးနွေးသွားကြတာပါ။ ဒါဟာဆိုရင် ၂၀၀၁ ခုနှစ်တုန်းက ဘရပ်ဆဲလ် ညီလာခံအတွင်း ကျန်းမာရေး၊ ပညာရေးနဲ့ တခြားလူမှုရေးအစီအစဉ်တွေကို အလေးထား ဆောင်ရွက်သွားဖို့ ရည်မှန်းချက်တွေနဲ့ သိသိသာသာ ကွဲလွဲလာတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းရှိတဲ့ လူပေါင်း သန်း ၉၀၀ နီးပါးဟာ တနေ့ကို အမေရိကန် ၂ ဒေါ်လာအောက် ဝင်ငွေနဲ့ ရပ်တည်နေကြရပြီး၊ ဒီလိုဖွံ့ဖြိုးတိုးတက်မှုတွေမှာ မမျှမတ ဖြစ်နေရတဲ့ အခြေအနေတွေကို ချိန်ခွင်လျှာညှိဖို့ လိုအပ်နေတာကို ဒီနှစ်ညီလာခံအဖွင့်နေ့မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က အလေးထား ပြောဆိုသွားတာပါ။
“ကမ္ဘာ့လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းအထိ ရှိနေတဲ့ LDC နိုင်ငံတွေရဲ့ ပြည်ပပို့ကုန် ပမာဏဟာ ၁% ပဲ ရှိသလို၊ ကမ္ဘာနဲ့အဝန်း တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေမှာလည်း ၂% အောက်မှာ ရှိနေပါတယ်။”

စာမျက်နှာ ၅၀ နီးပါးရှိတဲ့ အီစတန်ဘူလ် ညီလာခံရဲ့ လုပ်ငန်းစဉ်ထဲမှာတော့ ရာသီဥတု ဖောက်ပြန်မှုကစလို့၊ အကူအညီ အထောက်အပံ့ ပေးရေးလုပ်ငန်းတွေ၊ ကျန်းမာရေးနဲ့ ပြည်ပက တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေကို ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေက ဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေ ပါဝင်ပါတယ်။ ဖွံ့ဖြိုးမှုအနိမ့်ဆုံး တိုင်းပြည်တွေ ကြားမှာသာမက၊ ဖွံ့ဖြိုးတိုးတက် လာနေတဲ့ ဈေးကွက်တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပံ့ပိုးမှုတွေကို တိုးမြှင့် လုပ်ဆောင်သွားဖို့ကိုလည်း အာရုံစိုက်ထားတာပါ။

လာမယ့် ၁၀ နှစ်အတွင်း ဖွံ့ဖြိုးမှုအနိမ့်ဆုံး တိုင်းပြည်အရေအတွက်ကို ထက်ဝက်လျှော့ချသွားဖို့ ရည်ရွယ်ထားတဲ့ နေရာမှာ ၂ နှစ် အတွင်းမှာပဲ စာရင်းကနေ ပယ်ဖျက်နိုင်မယ့် နိုင်ငံ ၅ နိုင်ငံ ၆ နိုင်ငံလောက် ရှိနေပြီလို့ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံများ ဆိုင်ရာ ကိုယ်စားလှယ် လက်ထောက် အတွင်းရေးမှူးချုပ် ချိတ် ဆီဒီ ဒီအာရာ (Cheick Sidi Diarra) က ပြောပါတယ်။ ဒီအထဲမှာ ဂီနီ၊ အင်ဂိုလာ၊ တိမော၊ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါ နိုင်ငံတွေ ပါတယ်လို့လည်း သူက ပြောပါတယ်။
“ဒီနိုင်ငံတွေ အရည်အချင်း ပြည့်မီသွားပြီ ဆိုတာနဲ့ သူတို့ရထားတဲ့ အခွင့်ထူးတွေကို ပြန်ပြီး ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်။ ဒါကို သဘောတူ လက်ခံနိုင်တဲ့ အခြေအနေမျိုး ဖြစ်ဖို့အတွက်၊ နိုင်ငံတကာ အသိုင်းအဝန်းကနေ ဒီနိုင်ငံတွေ ရနေတဲ့ အကူအညီ အထောက်အပံ့တွေ ရုတ်တရက် လက်လွတ်တာမျိုး မဖြစ်ရလေအောင် အကူးအပြောင်း လုပ်ငန်းစဉ်ကို ချောချောမွေ့မွေ့ လုပ်သွားဖို့လည်း ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။”

လွန်ခဲ့တဲ့ ၁၉၇၁ ခုနှစ်ကစလို့ ကမ္ဘာ့အလယ်မှာ ဆင်းရဲပြီး အထူးဂရုစိုက် ကူညီသွားဖို့လိုတဲ့ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံး တိုင်းပြည်အဖြစ် နိုင်ငံတကာ အသိုင်းအဝန်းက နိုင်ငံပေါင်း ၂၅ နိုင်ငံကို စတင် လက်ခံသတ်မှတ် လာပြီး၊ မြန်မာနိုင်ငံဟာလည်း ၁၉၈၉ ခုနှစ်ကစလို့ အဆင်းရဲဆုံး တိုင်းပြည်တခုအဖြစ် ပါဝင်လာခဲ့တာပါ။

အီစတန်ဘူလ် ညီလာခံကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံက အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုဝန်ကြီးဦးကံဇော် ကတော့ ပုဂ္ဂလိကကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးလာစေဖို့ အားပေးတဲ့အနေနဲ့ တိုင်းပြည်မှာ ဈေးကွက် စီးပွားရေးကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့သလို၊ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေ အားကောင်းလာစေဖို့ ဥပဒေ ပြဋ္ဌာန်းခဲ့တာတွေတောင် ရှိတဲ့အကြောင်း ပြောဆိုသွားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် အတွင်းမှာလည်း ပြည်ပရင်းနှီးမြုပ်နှံမှု ပမာဏဟာ မြန်မာနိုင်ငံမှာ ဒေါ်လာသန်းပေါင်း ၁၆,၀၀၀ အထိ ရှိခဲ့တယ်လို့ ဒုဝန်ကြီးက ညီလာခံကို ပြောသွားပါတယ်။

မြန်မာအစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေအရ မတ်လမှာ ကုန်ဆုံးသွားတဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပရင်းနှီးမြုပ်နှံမှုတွေဟာ စံချိန်ချိုးလောက်အောင် ဒေါ်လာသန်းပေါင်း ၂ သောင်း အထိရှိခဲ့တာပါ။ ဒီအထဲမှာ တရုတ်နိုင်ငံက အများဆုံးအဖြစ်နဲ့ ဒေါ်လာသန်း ၇,၇၅၀ ရှိခဲ့ပြီး ရင်းနှီးမြုပ်နှံမှု အများစုဟာ ဒေါ်လာသန်းပေါင်း ၁ သောင်းကျော်အထိရှိတဲ့ ရေနံနဲ့ ဓာတ်ငွေ့ လုပ်ငန်းမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ သန်းပေါင်း ၈,၂၀၀ ကျော်၊ သတ္ထုတွင်း လုပ်ငန်းမှာ သန်း ၁,၄၀၀ နီးပါး ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း လတ်တလော မြန်မာနိုင်ငံကို ဝင်ရောက်လာနေတဲ့ FDI လို့ခေါ်တဲ့ ပြည်ပက တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေကနေ မြန်မာနိုင်ငံသားတွေ အပြည့်အ၀ ခံစားနိုင်ပါ့မလား ဆိုတာကတော့ မသေချာဘူးလို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း ကမြင်ပါတယ်။
“လူအများအနေနဲ့ FDI ရောက်လာရင် ကောင်းတယ်၊ ကောင်းတယ်ပေါ့လေ။ ဒီဥစ္စာက ကောင်းတဲ့အချက်နဲ့ မကောင်းတဲ့ အချက်က ဒွန်တွဲနေတာပါပဲ။ တကယ့်တကယ်ကတော့ ပေါ်ပေါက်လာတဲ့ အကျိုးကျေးဇူးကို ခွဲဝေတဲ့ အခါကျရင်တော့ အရင်းအနှီး မြုပ်နှံတဲ့လူက ယူသွားမှာပဲပေါ့လေ။ အလုပ်အကိုင်ရမယ်၊ နည်းပညာလည်း ရမယ်ဆိုတာကလည်း ပြည်သူလူထုနဲ့ နီးစပ်တဲ့ လုပ်ကိုင်လှုပ်ရှားတဲ့ လုပ်ငန်းကဏ္ဍမျိုးမှာဆိုရင်တော့ technology transfer (နည်းပညာလက်လွှဲလက်ပြောင်း) ရမယ်ပေါ့လေ။ အလုပ်အကိုင် ခန့်အပ်မှုနဲ့ ပတ်သက်တဲ့ ကုမ္ပဏီရဲ့ ပေါ်လစီပေါ်မှာ မူတည်ပြီးတော့မှပဲ ဒီပြည်တွင်းက အလုပ်အကိုင် ဖန်တီးတာအတွက် အကျိုးခံစားခွင့် ရမှာပါ။ ကြော်ငြာထားတာတွေ ဘာတွေထဲမှာတော့ ဥပမာ၊ ထားဝယ်ဖက်မှာ ရေနက်ဆိပ်ကမ်း လုပ်တယ်၊ ပြည်တွင်းလုပ်သား ၆,၀၀၀ လောက်ကို အရင်ခန့်မယ်၊ ဘာမယ် အဲဒီလိုမျိုး လုပ်သားတွေကို ခန့်မယ်ဆိုရင်တော့ အလုပ်အကိုင်တွေကို ဖန်တီးရရှိမှာပေါ့လေ။ သို့သော်လည်း ကျွမ်းကျင်တဲ့ အလုပ်ပိုင်းအနေနဲ့ကတော့ ကျနော်တို့ ပြည်တွင်းမှာလည်း အမှန်စင်စစ်ကတော့ လိုအပ်တဲ့ ကျွမ်းကျင်မှု ရှိတဲ့ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ရှိတယ်ဆိုတဲ့အခါမှာ ကန့်သတ်ထားတယ်ဆိုရင် မျှော်မှန်းသလောက် အကျိုးကျေးဇူးရမှာ မဟုတ်ဘူးပေါ့လေ။”

ကုလသမဂ္ဂရဲ့ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ညီလာခံ (UNCTAD) ကတော့ ပြည်ပက တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေဟာ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ အလုပ်အကိုင် ရရှိရေးကို ဦးတည်ဆောင်ရွက်ဖို့ လိုမယ်လို့ အီစတန်ဘူလ် ညီလာခံ မတိုင်မီမှာပဲ အစီရင်ခံစာတစောင် ထုတ်ပြန် သတိပေးခဲ့တာပါ။ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံး တိုင်းပြည်တွေကို ပြည်ပက တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေဟာ ဆယ်စုနှစ် တခုအတွင်း အရှိန်အဟုန် ကောင်းကောင်းနဲ့ တိုးလာနေရာမှာ အရင်ကထက် ၂ ဆလောက်အထိ ရှိလာနေပြီလို့လည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ဒီရင်းနှီးမြုပ်နှံမှုတွေဟာ သဘာ၀ အရင်းအမြစ်တွေ ထုတ်လုပ်ဖို့ကို အဓိက အာရုံစိုက်ထားတာတွေသာ ဖြစ်ပြီး၊ အလုပ်အကိုင် အနည်းအကျဉ်းကိုသာ ဖန်တီးနိုင်တယ်လို့လည်း လေ့လာချက်က တွေ့ရှိခဲ့တာပါ။ ဒီလို ရင်းနှီးမြုပ်နှံမှုမျိုးတွေဟာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး တိုင်းပြည်တွေအတွက် ပြည်ပကလုပ်ငန်းတွေနဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေကြား ပေါင်းကူးပေးရာမှာ အထောက်အကူလည်း မဖြစ်နိုင်ဘူးလို့ သတိပေးထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG