သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ခေါင်းဆောင် ၁၉ ဦး နိုင်ငံကူးလက်မှတ် ရ


၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုမြအေး။ စက်တင်ဘာ ၁၅၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုမြအေး။ စက်တင်ဘာ ၁၅၊ ၂၀၁၂
ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ လျှောက်ထားတဲ့ နိုင်ငံကူးလက်မှတ် Passport တွေကို အာဏာပိုင်တွေက ဒီကနေ့ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးက ပြန်လွတ်လာပြီးကတည်းက နိုင်ငံကူးလက်မှတ်တွေကို လျှောက်ထားခဲ့ကြတာ ဖြစ်ပေမယ့် အာဏာပိုင်တွေက ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ အချိန်မီ ထုတ်ပေးခဲ့ခြင်း မရှိဘူးလို့ ၈၈ မျိုးဆက် ကျောင်းသားတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေထဲက ပထမအသုတ်အဖြစ် နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့ ၁၉ ယောက် ဒီကနေ့ ရတဲ့အကြောင်း ဒီကိစ္စကို ဦးဆောင် လုပ်ကိုင်ပေးနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုစိုးထွန်းက ပြောပြပါတယ်။

“ကိုမင်းကိုနိုင်အပါအဝင် ၁၉ ယောက်ပေါ့။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျ၊ ကိုပြုံးချို၊ နောက်ပြီးတော့ ကိုမြအေး၊ ကိုအံ့ဘွယ်ကျော်၊ ကိုထွန်းမြင့်အောင် နောက် ကျနော်ပေါ့ …”

မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုကိုယ်စား အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အခြေစိုက် National Endowment for Democracy (NED) လို့ခေါ်တဲ့ ကမ္ဘာတဝန်း ဒီမိုကရေစီအရေး လုပ်ရှားမှုတွေကို မြှင့်တင်ပေးတဲ့အဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုဆုကို SNLD ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ နာရေးကူညီမှုအသင်းက ဦးကျော်သူ၊ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင်၊ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က အကြီးအကဲ ဦးအောင်ဒင်တို့နဲ့အတူ ကိုမင်းကိုနိုင်လည်း ဒီဆုကို တက်ယူကြဖို့ စီစဉ်ထားတာဖြစ်ပေမယ့် အခုတော့ အချိန်နှောင်းပြီးမှ နိုင်ငံကူးလက်မှတ်ရတဲ့အတွက် သူကိုယ်တိုင် သွားယူနိုင်တော့မှာ မဟုတ်ဘူးလို့ ကိုစိုးထွန်းက ဆက်ပြောပါတယ်။

“ခရီးစဉ်ကတော့ မီတော့ မမီလောက်ဘူးလို့ ထင်တယ်ဗျ။ မနက်ဖြန် ဆုပေးမယ်လို့ ပြောတာကိုး။ Passport က ခွင့်ပြုချက်ရတယ်ဆိုပေမဲ့ ကျနော်တို့က Education Clearance တွေ လုပ်ပြီးပြီလား၊ slip တွေထုတ်ပြီး တော့ ၂၁ ရက်နေ့ရမှ ၁၇၊ ၁၉ လုပ်ပြီးတော့ EC လုပ်ကြမယ် … တချို့ကျတော့လည်း EC တို့၊ ၁၇ တို့ လုပ် ထားတဲ့လူတွေရှိတာပေါ့၊ တဖြည်းဖြည်းနဲ့ ၂၁ ရက်ကနေ စတွက်တာပေါ့၊ တလကနေ နှစ်လကျော်တယ်၊ နှစ်လကနေ သုံးလ၊ အခု လေးလ ငါးလပြီး နောက်ဆုံး ခြောက်လပေါ့ … ကိုမင်းကိုနိုင်တို့ဆီ စလျှောက်တာ ကျနော်တို့နဲ့ တသုတ်ထဲ စလျှောက်တဲ့ ခြောက်ယောက်ဆိုရင် မတ်လ ၁၄ ရက်နေ့က စလျှောက်တာ အခု စက်တင်ဘာလ ၁၄ ရက်ဆိုရင် ခြောက်လပြည့်သွားပြီ၊ ကျော်သွားပြီပေါ့။”

အာဏာပိုင်တွေအနေနဲ့ နိုင်ငံကူးလက်မှတ်လျှောက်တဲ့အခါ သတ်မှတ်ထားတဲ့ စည်းကမ်း ဥပဒေတွေနဲ့ ကိုက်ညီရင် ခွဲခြမ်း ဆက်ဆံမှုမလုပ်ဘဲ တပြေးညီ ထုတ်ပေးသင့်တယ်လို့ ကိုစိုးထွန်းက ထောက်ပြပါတယ်။

“တယောက်နဲ့တယောက်ကို ခွဲခြားဆက်ဆံတာမျိုး မဖြစ်စေချင်ဘူး၊ ကိုမင်းကိုနိုင်နဲ့ ကိုမြအေး စရတယ်၊ ကိုမြအေးကို အရင်ဆုံး စပေးတာပေါ့လေ၊ ကိုမြအေးပြီးတော့ ကိုမင်းကိုနိုင်ကို ဆက်ပေးတယ်၊ အဲဒီမှာ ကျနော်တို့ ၈၈ အစည်းအဝေး ထိုင်လိုက်ပြီးတော့ ၈၈ မူအရ ကျနော်တို့က ပထမဆုံးအသုတ်အနေနဲ့ ၁၉ ယောက် လျှောက်ထားတာမှာ အားလုံးမပေးဘူး၊ အဲလိုမျိုး ခွဲခြားပေးနေရင်တော့ ယူမှာမဟုတ်ဘူး … ခွဲခြား ဆက်ဆံခံရမှုတွေ၊ မတရားမှုတွေကို ကျနော်တို့တွေက မကြိုက်လို့၊ မညီမျှမှုတွေကို မကြိုက်လို့ ကျနော်တို့ တွေက နိုင်ငံရေးမှာ ထောင်ကျခံပြီး တိုင်းပြည်အတွက်၊ လူမျိုးအတွက် အလုပ်လုပ်နေကြတာ။ ဒီလို ခွဲခြား ဆက်ဆံမှုတွေရှိနေတယ်၊ မတရားမှုတွေရှိနေတယ်ဆိုရင် ကျနော်တို့ မယူဘူးဆိုပြီး ကိုမင်းကိုနိုင်နဲ့လည်း ကျနော်တို့ ပြောပြီးပါပြီ။

“ခုဟာက အဲလို ပြောပြီးဆိုပြီးကာမှ စပေးတယ်။ ပေးတာပေါ်မှာတော့ ကြိုဆိုပါတယ်၊ ဒါပေမဲ့ ကျန်တဲ့လူ တွေကိုလည်း ဆက်ပြီးတော့ မြန်မြန်ဆန်ဆန်ထုတ်ပေးဖို့လိုတယ်။ နိုင်ငံသားတိုင်းကို Passport စလျှောက် ပြီးတော့ Slip ရပြီးတော့ ၂၁ ရက်ကျော်တာနဲ့ ထုတ်ပေးမယ်ဆိုတဲ့ မူရှိထားတယ်။ ဒါ ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ မူပေါ့ဗျာ။ အဲဒီတော့ ၂၁ ရက်ပြည့်တာနဲ့ ကျနော်တို့ နိုင်ငံသားတိုင်းဟာ ရာဇဝတ်မှု အကြောင်းပြချက် မရှိ ဘူး၊ ကင်းရှင်းတယ်၊ ကျနော်တို့ဆိုရင် လျှောက်လွှာတွေနဲ့ သူများတွေထက် ပိုတင်ရတယ်၊ ပြစ်ဒဏ်ကျခံရမှု နဲ့ပတ်သက်၍ တင်ပြခြင်းဆိုပြီးတော့ တင်ရတယ်၊ ဝန်ကြီးဆီလည်း ကူညီဆောင်ရွက်ပေးဖို့ ဆိုပြီးတော့ သပ်သပ်တစောင် တင်ရသေးတယ်၊ အဲလို တင်ထားတဲ့လူတွေချည်းပဲ၊ သာမန်နိုင်ငံသားထက်ကို ကျနော်တို့ က ပိုတင်ရတာတွေရှိတယ်။

“အဲလို ခွဲခြားဆက်ဆံမှုတွေ မရှိစေချင်ဘူး။ ၁၉ ယောက်ပေးပြီးတော့လည်း ကျန်တဲ့ အယောက် ၃၀ ကျော် ကျနော် တာဝန်ယူပြီးတော့ လိုက်လုပ်ပေးထားတာဖြစ်တဲ့အတွက် ကျန်တဲ့လူတွေကိုလည်း ပေးစေချင်တယ်။”

တကယ်တော့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ လူငယ်တွေ ဖြစ်တာနဲ့အညီ ပြည်ပနိုင်ငံတွေမှာ ပညာသင်တာအပါအဝင် နိုင်ငံတကာ ညီလာခံတွေတက်တာ၊ ပြည်ပနိုင်ငံတွေမှာ တိုင်းပြည်အတွက် လေ့လာဆည်းပူးသင့်တာတွေ ဆည်းပူးနိုင်အောင် နိုင်ငံကူးလက်မှတ်ကို လျှောက်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော် Passport စပြီးတော့၊ တာဝန်ယူပြီးတော့ လုပ်ပေးတဲ့ရည်ရွယ်ချက်ကိုက ကျနော်တို့ ထောင်ကျတဲ့ နိုင်ငံရေးအကျဉ်းသားတွေအများစု ကျောင်းသားတွေပါတယ်။ အဲဒီထဲမှာမှ တချို့ အင်္ဂလိပ်စာ လေ့လာရေး အားကောင်းတဲ့ လူတွေရှိတယ်၊ ကျောင်းသားတွေ၊ ဗကသဆိုလည်း ဗကသကျောင်းသားတွေရှိတယ်။ သူတို့ တွေကိုလည်း ကျနော်ပြောထားတယ်။ အင်္ဂလိပ်စာ လေ့လာထားဖို့။ ကျနော်တို့ဟာ ကိုယ့်တိုင်းပြည်တာဝန် ထမ်းဆောင်ဖို့ဆိုတာ ကျနော်တို့ ကိုယ့်ဝမ်းစာတွေလည်း ကိုယ်ဖြည့်ကြရမယ်။ အရည်အချင်းတွေလည်း ဖြည့်ဖို့လိုတယ်။

“နိုင်ငံတကာမှာရှိတဲ့ ပရိုဂရမ်တွေ၊ လေ့လာရေးတွေ၊ သင်တန်းတွေ တကယ်လို့ အဆင်ပြေခဲ့လို့ ပေါ်ခဲ့ရင် လည်း ကျနော်တို့က Passport ရှိနေအောင် လုပ်ထားဖို့ လိုတယ်ဆိုပြီး ကျနော် တာဝန်ယူပြီးတော့ လုပ်ပေး နေတာ အယောက် ၃၀ ကျော်ပြီ။
“ဒါပေမဲ့ အခုဟာ သူတို့က မပေးဘူး။ တနေ့ ပေးနိုးပေးနိုးနဲ့ သုံးလေးငါးလ ကျော်လာတော့ ကျနော်လည်း ယာယီ ရပ်ထားလိုက်တယ်။ နောက်ဆက်လုပ်မယ့် လူတွေလည်းရှိတယ်။ ဗကသကျောင်းသားတွေထဲမှာ လည်း … အဲဒီတော့ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတကာသင်တန်းတွေက Passport ရမှသာ သွားလို့ ရမှာကိုး … Passport မရဘူးဆိုရင်တော့ ကျနော်တို့က သွားလို့မရတဲ့အတွက် အခုလောလောဆယ် Passport စာအုပ်မရှိတဲ့အတွက်ကို ကျနော်တို့က ဘာမှ စဉ်းစားလို့မရနိုင်သေးဘူး။ အဲဒီတော့ ပရိုဂရမ်တွေ ရှိရင်တော့ ကျနော်တို့က အရည်အချင်းရှိတဲ့လူတွေ၊ ပြည့်မီတဲ့လူတွေ၊ သင့်တော်တဲ့လူဆို ကျနော်တို့က လွှတ်မှာပါ၊ ရွေးချယ်ပြီးတော့ …”

၈၈ မျိုးဆက် ကျောင်းသားတွေဟာ တူညီတဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ မြန်မာနိုင်ငံအနံှ့က အကျဉ်းထောင် အသီးသီးမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီးနောက် အားလုံး ရှေ့ဆင့် နောက်ဆင့်ဆိုသလို ပြန်လည် လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG