သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး ရုရှား၊ ပြင်သစ်၊ ဂျာမနီ ဖုန်းနဲ့ဆွေးနွေး

ယူကရိန်းအရှေ့ပိုင်း Donetsk အရပ်မှာ ဗုံးဒဏ်ခံထားရတဲ့ အိမ်တလုံးရဲ့မြင်ကွင်း။ (ဖေဖေါ်ဝါရီ ၈၊ ၂၀၁၅)
ယူကရိန်းအရှေ့ပိုင်း Donetsk အရပ်မှာ ဗုံးဒဏ်ခံထားရတဲ့ အိမ်တလုံးရဲ့မြင်ကွင်း။ (ဖေဖေါ်ဝါရီ ၈၊ ၂၀၁၅)

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ပဋိပက္ခတွေအဆုံးသတ်စေဖို့ ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင် ၄ ယောက် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ ဂျာမနီအစိုးရ ပြောခွင့်ရသူက ပြောလိုက်ပါတယ်။

ပြင်သစ်နဲ့ ဂျာမနီအဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်လို့ ရုရှားသမ္မတ Vladimir Putin၊ ယူကရိန်းသမ္မတ Petro Poroshenko၊ ပြင်သစ်သမ္မတ Francois Hollande နဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ တယ်လီဖုန်းပေါ်ကနေ ဆက်သွယ်ဆွေးနွေးခဲ့ကြပြီးနောက် Belarus နိုင်ငံ Minsk မြို့မှာ လူတွေ့ဆွေးနွေးကြမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ အစိုးရတပ်တွေနဲ့ ရုရှား လိုလားတဲ့ သူပုန်တွေနဲ့ တိုက်ပွဲတွေ ပြန်ပြီး ပြင်းထန်နေချိန်မှာ ပဋိပက္ခတွေ အဆုံးသတ်အောင် သံခင်း တမန်ခင်းအရ ပိုပြီး ကြိုးစားအားထုတ်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက Minsk မြို့မှာ ရရှိထားတဲ့ မအောင်မြင်တဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် အခု ငြိမ်းချမ်းရေးအစီအစဉ်က အခြေခံပေမယ့် အချိန် သတ်မှတ်ချက်တွေ တိတိကျကျ ပိုပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ ဂျာမနီနိုင်ငံ Munich မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံမှာလည်း ယူကရိန်းကိစ္စကို အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။ ပြင်သစ်နဲ့ ဂျာမနီပေါင်းပြီး အဆိုပြုနေတဲ့ အစီအစဉ်သစ်အပေါ် ညှိနှိုင်းနေကြသူတွေကြားမှာ ယူကရိန်းပဋိပက္ခအတွက် နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့ အလှမ်းဝေးနေကြသေးတယ်လို့
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier က ဒီကနေ့ ပြောကြားခဲ့ပါတယ်။

Minsk သဘောတူညီမှုအတိုင်း အပြည့်အဝ အကောင်အထည်ဖော်ကြအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ နည်းလမ်းတွေကို Munich ညီလာခံမှာ ဆွေးနွေးခဲ့ကြတယ်လို့ EU ဥရောပသမဂ္ဂနိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ ဖယ်ဒရီကာ မိုဂေရီနီ (Federica Mogherini) က ပြောသွားခဲ့ပါတယ်။

ယူကရိန်းကို လက်နက်တွေပေးရေးကိစ္စကို အမေရိကန်နဲ့ ဥရောပ မဟာမိတ်နိုင်ငံတွေကြားမှာ သဘောထားကွဲမှု မရှိပါဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry ကပြောကြားခဲ့သလို ယူကရိန်းမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ စစ်ရေးနည်းနဲ့ မဟုတ်ဘဲ သံတမန်ရေးနည်းနဲ့ပဲ အဖြေရှာနိုင်မှာ ဖြစ်တယ်လို့ Munich မှာပြောသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG