သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှရေပိုင်နက် အငြင်းပွားမှု G7 စိုးရိမ်


စက်မှုအင်အားကြီး ၇ နိုင်ငံ G7 ခေါင်းဆောင်တွေ ဘရက်ဆဲလ်တွင် တွေ့ဆုံ။ (ဇွန် ၅၊ ၂၀၁၄)။
စက်မှုအင်အားကြီး ၇ နိုင်ငံ G7 ခေါင်းဆောင်တွေ ဘရက်ဆဲလ်တွင် တွေ့ဆုံ။ (ဇွန် ၅၊ ၂၀၁၄)။
အရှေ့နဲ့ တောင် တရုတ် ပင်လယ်ပြင်မှာ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေကြား ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ အထူး စိုးရိမ်ကြောင်း စက်မှုအင်အားကြီး ၇ နိုင်ငံ G7 က ထုတ်ဖော် ပြောလိုက်ပါတယ်။ နယ်မြေ ဒါမှမဟုတ် ရေပိုင်နက် အငြင်းပွားမှုတွေကို ခြိမ်းခြောက်မှုတွေ၊ အင်အားတွေ သုံးပြီး နိုင်ငံတခုတည်းက ဆုံးဖြတ် လုပ်ဆောင်တာမျိုးကို သူတို့အနေနဲ့ ဆန့်ကျင်ကြောင်း မနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ် မြို့မှာ ကမ္ဘာ့ စက်မှုအင်အားကြီး ၇ နိုင်ငံက ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ခုလို ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီကြေညာချက်မှာ ဘယ်နိုင်ငံရယ်လို့ ဖော်ပြမထားပေမဲ့၊ ရေပိုင်နက်ဆိုင်ရာ ပဋိပက္ခတွေမှာ အသာစီးရဖို့ အနိုင်ကျင့် ဗိုလ်ကျနေတယ်ဆိုပြီး အိမ်နီးချင်း နိုင်ငံတွေက ပြောနေတဲ့ တရုတ်နိုင်ငံကို ဝေဖန်ပုံ ရပါတယ်။
တရုတ်ဟာ အရှေ့တရုတ် ပင်လယ်ပြင်က ကျွန်းစုတချို့နဲ့ ပတ်သက်လို့ ဂျပန်နဲ့ သူပိုင်ငါပိုင် အငြင်းပွားနေတာဖြစ်သလို၊ တခြား ဒေသတွင်း နိုင်ငံတွေ ဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ် နဲ့ ဘရူနိုင်း နိုင်ငံတွေနဲ့လည်း အရှေ့တရုတ်ပင်လယ်ပြင်မှာ ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေတာပါ။

ဘရက်ဆဲလ်မြို့မှာ ဒီကနေ့ ဒုတိယမြောက်နေ့ ဆွေးနွေးနေကြတဲ့ G7 ထိပ်သီးနိုင်ငံတွေက ခေါင်းဆောင်တွေဟာ ယူကရိန်း အရေးမှာ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ရုရှားနိုင်ငံအနေနဲ့ ယူကရိန်း သမ္မတ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားဖို့၊ ယူကရိန်း အရှေ့ပိုင်း ဒေသတချို့ကို လက်နက်တွေနဲ့ တိုက်ခိုက်ရေး သမားတွေ စေလွှတ်မှုတွေကို ရပ်တန့်ဖို့နဲ့ ယူကရိန်းနယ်စပ်ကနေ ရုရှားတပ်တွေ အားလုံး ပြန်ရုပ်သိမ်းဖို့ G7 စက်မှု အင်အားကြီး နိုင်ငံတွေ က ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လက ယူကရိန်း ခရိုင်းမီးယား ဒေသကို ရုရှားနိုင်ငံထဲ သွပ်သွင်းခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အခု အစည်းအဝေးမှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ ရုရှားရဲ့ ခေါင်းဆောင် ဗလာဒီမီယာပူတင် ကို ချန်ထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ကတော့ ဒီကနေ့ အစည်းအဝေးပြီးတဲ့အခါ ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ သီးခြား တွေ့ဆုံဖို့ ရှိသလို၊ အဲဒီနောက် ပြင်သစ်နိုင်ငံကိုလည်း သွားရောက်ပြီး ပြင်သစ် သမ္မတ ဖရွမ်ဆွာ အိုလွန်း နဲ့လည်း တွေ့ဆုံဦးမှာ ဖြစ်ပါတယ်။
XS
SM
MD
LG