သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အမတ်လောင်းစာရင်း နာမည်ကြီးတချို့မပါ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ခု၊ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေ ထုတ်ပြန်ကြေညာချက်။ (NLD)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ခု၊ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေ ထုတ်ပြန်ကြေညာချက်။ (NLD)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလောင်းစာရင်း အချို့ကိုမနေ့က ထုတ်ပြန်ကြေညာထားပါတယ်။ ည ၇ နာရီကျော်ထိ ထုတ်ပြန်ထားတဲ့ စာရင်းအရ တိုင်းနဲ့ပြည်နယ် ၁၃ ခုက ကိုယ်စားလှယ်စာရင်းတွေ အထိပဲ ထုတ်ပြန်ထားပါသေးတယ်။ ဒီမှာ နာမည်ကြီးသူတွေဖြစ်တဲ့ ၈၈ က ဦးကိုကိုကြီး၊ ဒေါက်တာအောင်သူ၊ ဒေါက်တာ ညိုညိုသင်းနဲ့ ၈၈ က မမီးမီးတို့ ရွေးချယ်ခြင်းမခံရပါဘူး။ ၈၈ က အယောက် ၂၀ နီးပါး ဝင်ရောက်အရွေးခံဖို့စာရင်းပေးခဲ့ပေမယ့် ကိုပြုံးချိုတယောက်ပဲ ပါဝင်ခဲ့ ပါတယ်။ ဒီ့အပြင် အချို့ကိုယ်စားလှယ်တွေက မူလမဲဆန္ဒနယ်ကနေ ပြန်ဆိုင်ခြင်းမရှိဘဲ မဲဆန္ဒနယ်တွေပြောင်းတာတွေရှိသလို အချို့ ကိုယ်စားလှယ်တွေကတော့ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်တာမရှိတော့ပါဘူး။ ရွေးချယ်မှုစာရင်းအရ ပါတီဝင်တချို့မှာနစ်နာမှုတွေ၊ မကျေနပ်မှုတွေရှိနိုင်ပေမယ့် တိုင်းပြည်အတွက်စဉ်းစားဖို့ ဗဟိုကော်မတီဝင်ဦးထွန်းထွန်းဟိန်က ပြောဆိုထားပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေအရ နာမည်ကြီးသူတွေဖြစ်တဲ့ ၈၈က ကိုကိုကြီး၊ ဒေါက်တာ အောင်သူ၊ ဒေါက်တာ ညိုညိုသင်း၊ မနီမိုလှိုင်နဲ့ ၈၈ ကမမီးမီးတို့ရွေးချယ်ခြင်းမခံရပါဘူး။ စာရင်းအရ ၈၈ ကကိုပြုံးချိုသာ အရွေးခံခဲ့ရပါတယ်။ အရင် ဖဆလပ ဦးဘဆွေရဲ့သား ဦးနေဖူးဗဆွေက ပန်းပဲတန်းပြည်သူ့လွှတ်တော်အမတ်အနေနဲ့ ဝင်ရွေးခံခဲ့ရပြီး စိန်နန်းတော်ရတနာ ရွှေဆိုင်ပိုင်ရှင် ဒေါက်တာသက်သက်ခိုင်လည်း ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ်အနေနဲ့ အရွေးခံခဲ့ရပါတယ်။ ရွေးချယ်မှုနဲ့ ပတ်သတ်ပြီး ရွေးချယ်မှုပုံစံကို ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က အခုလိုပြောပါတယ်။

“၈၈ မှ မဟုတ်ပါဘူး။ ဘယ်သူဖြစ်ဖြစ် လျှောက်လို့ရပါတယ်ခင်ဗျာ။ ကျနော်တို့က မြို့နယ်ကနေ စိစစ်ပါတယ်ခင်ဗျာ။ မြို့နယ်ကစိစစ်ပြီးတော့ လူထုက လျာထားရပါတယ်။ လျာထားတဲ့လူနဲ့ အရံသင့်ပေါ့နော်။ အဲဒီလို အရံသင့်မှာ မပါတဲ့သူတွေလည်း ကျနော်တို့ ဘယ်ကိုပို့ရလဲဆိုရင် တိုင်းနဲ့ပြည်နယ်ကို ပို့ရပါတယ်ခင်ဗျ။ အဲဒီကနေ စိစစ်ပြီးတော့မှ တခါ ဗဟိုအောင်နိုင်ရေးကို ပို့ရပါတယ်။ ဗဟိုအောင်နိုင်ရေးကစိစစ်ပြီးတော့မှ ပညာရှင်၊ ပညာရှင်ပြီးတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရောက်လာပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ဆုံးဖြတ်ချက်က နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်ပါတယ်ခင်ဗျာ။”

ဒီ့အပြင် ကိုယ်စားလှယ်ရွေးချယ်မှုနဲ့ပတ်သတ်ပြီး ထားရှိတဲ့ စည်းမျဉ်းနဲ့အပေါ် ဗဟိုကော်မတီဝင်ဦးထွန်းထွန်းဟိန် က အခုလိုပြောပါတယ်။

“ကျနော်တို့က သေသေချာချာဖိတ်တယ်ဆိုတဲ့လူတွေလည်း ရှိပါတယ်။ တချို့က ပညာရှင်- ဆိုပြီးတော့ သူတို့ လာတင်တာတွေ ရှိပါတယ်။ သေချာဖိတ်တဲ့သူတွေအပေါ်မှာ နေရာအတွက် ကျနော်တို့က စီစဉ်ပေးရတာပေါ့။ ပေးရတဲ့အခါကျတော့ ကျနော်တို့ အောက်ကရေးပြီးတော့ အဲဒီနေရာတွေကိုတက်လာနေတာတွေ ရှိပါတယ်ခင်ဗျ။ အဲဒီတော့ ကျနော်တို့က နေရာပြန်ရှာပေးရတာနဲ့ ဒီဥစ္စာနဲ့ အောက်ကဥစ္စာနဲ့အဆင်ပြေပါ့မလားလို့ ပြန်စဉ်းစားရတာနဲ့ ဒီလိုတော့ ရှိတာပေါ့ခင်ဗျာ။ အဲဒီတော့ တချို့နေရာတွေက ခန ယာယီ ဆိုင်းထားရတာလေးတွေ ရှိမှာပါ။”

၂၀၁၅ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်အရွေးခံဖို့ ဖိတ်ခေါ်ထားသူ ၁၀ ယောက်နီးပါးရှိကြောင်း၊ ဒီ လူတွေထဲမှာ ရန်ကုန်တက္ကသိုလ်ပါမောက္ခ ဒေါက်တာအောင်သူပါကြောင်း ဦးထွန်းထွန်းဟိန်ကပြောခဲ့ပေမယ့် ရန်ကုန်တိုင်းဒေသကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ထုတ်ပြန်လိုက်တဲ့စာရင်းထဲမှာ ဒေါက်တာအောင်သူ မပါဝင်ခဲ့ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဦးထွန်းထွန်းဟိန်က ခုလို ပြောပါတယ်။

“ဟုတ်ကဲ့၊ ဒေါက်တာအောင်သူမပါဘူးဆိုတာ- ဒေါက်တာအောင်သူရဲ့လျှောက်လွှာ မတွေ့လို့ နေမှာပေါ့။ ဒါမှ မဟုတ်လို့ရှိလို့ရှိရင် ကျနော်တို့က စောင့်နေတာပါ။ တချို့ ဆက်ပြီးထွက်စရာ ရှိပါတယ်လို့။”

မြောင်းမြ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ကျုံပျော် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြောင်းလဲ ရွေးကောက်ခံမယ့် ဦးမန်းဂျော်နီကတော့ သူပြောင်းရွှေ့ရွေးကောက်ခံရမှုအပေါ် ခုလိုပြောပါတယ်။

“ကျနော်က မြောင်းမြမှာတုန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အခု ကျနော်ပြိုင်ရမယ့်ဟာက ကျုံပျော်မှာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ပြိုင်မှာပါ။ ဒါကတော့ ကျနော့်ရဲ့ဆန္ဒအရ၊ ကျနော့်မိသားစုလည်း ကျုံပျော်မှာ အနှစ် (၄၀) လောက် နေခဲ့တယ်လေ။ မြောင်းမြသွားတဲ့အခါကျတော့ မြောင်းမြမှာသွားနေရတယ်။ မြောင်းမြမှာ အိမ်လည်းမရှိ၊ ဘာလဲမရှိဆိုတော့ ဒါလည်း ကိုယ်ချင်းစာကြည့်ပေါ့လေ၊ ကျနော့်အိမ်ကို ကျနော်ပြန်ပြီးတော့ ကျနော့်မြို့နယ်မှာ ကျနော်ပြန်ချင်တယ်ဆိုတာ အဲဒါ သဘာဝမကျဘူးလား။”

စစ်ကိုင်းတိုင်းကိုယ်စားပြုအမျိုးသားလွှတ်တော်ကနေ တိုင်းဒေသကြီးလွှတ်တော်ကိုပြောင်းလိုက်တဲ့ ဒေါက်တာမြင့်နိုင်ကလည်း သူ့ပြောင်းရွှေ့မှုကို ခုလိုပြောပါတယ်။

“ကျနော်က တိုင်းဒေသကြီးဆင်းပါတယ်။ ရွှေဘိုမဲဆန္ဒနယ်မြေ (၂) ပါ။ ကျနော်က စစ်ကိုင်းတိုင်းဥက္ကဋ္ဌလေ။ မြို့နယ်တိုင်းရဲ့ NLD အပေါ်မှာ ကျနော့်မှာတာဝန်အများကြီးရှိတယ်လေ။ ပြီးခဲ့တဲ့နှစ်က လွှတ်တော်မှာ အမျိုးသားလွှတ်တော်သွားရင် နေပြည်တော်မှာ တနှစ်ကို (၇) လ (၈) လ လောက် သွားနေရတာကိုး။ ပါတီလုပ်ငန်းတွေ လုပ်ဆောင်ချင်တဲ့အတွက် ကျနော် ဒီမှာနေတာပါ။ ကျနော်က အသက် (၆၄) နှစ်ဖြစ်တဲ့ အတွက် ကျနော်တို့က ရွှေဘိုမှာ ဘိုးဘွားရိပ်သာမရှိသေးတဲ့အတွက် သီရိမင်္ဂလာဘိုးဘွားရိပ်သာကိုထူထောင်နေပါတယ်။ အခုတော့ ဘွားဆောင် ဆောက်ပြီးပါပြီ။ ကျနော်တို့ နောက် ဆောက်စရာတွေ ရှိပါသေးတယ်။ အဲဒီမှာပဲကျနော်တို့နေရင်းနဲ့ ပရဟိတလုပ်ငန်းနဲ့ ကုန်ဆုံးချင်တယ်ဆိုတော့ ဘိုးဘွားရိပ်သာတခုကို ထူထောင်နေပါတယ်။ အားလုံးကို နိုင်နိုင်နင်းနင်းလုပ်နိုင်အောင်လို့ ကျနော် ရွှေဘို တိုင်းဒေသကြီးလွှတ်တော်ကို ကျနော်တင်ခဲ့တာပါ။”

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ပါဝင်ယှဉ်ပြိုင်ဖို့ နယ်ပယ်အသီးသီးက လျှောက်ထားသူနဲ့ အရင် ပါတီဝင်များအပါအဝင် လျှောက်ထားသူ ၃,၀၀၀ နီးပါးရှိခဲ့ကြောင်း ဒီထဲကနေ ၁,၀၉၀ ကိုရွေးချယ်ခဲ့ကြောင်း ပါတီ ဗဟိုကော်မတီ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

XS
SM
MD
LG