လက်ဘနွန်နိုင်ငံမှာ ဟစ်ဇ်ဘိုလာတွေရဲ့ ကျောထောက်နောက်ခံရှိတဲ့ နာဂျစ် မီကာတီ (Najib Mikati) ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ သမ္မတက မနေ့ကပဲ သဘောတူလိုက်ပါတယ်။ လက်ဘနွန်နိုင်ငံက မြို့တွေ တော်တော်များများမှာ ဒီကိစ္စကို မကျေနပ်လို့ ဆန္ဒပြမှုတွေ ရှိနေတာပါ။
အစိုးရ ဖွဲ့စည်းရေးကို သူ့အနေနဲ့ ကူညီသွားမှာလို့ မစ္စတာ မီကာတီက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သူ့ကို အခုလို ဝန်ကြီးချုပ်နေရာ ခန့်အပ်လိုက်တဲ့အတွက် အဖွဲ့အစည်းတခုက တခြားအဖွဲ့အစည်းတွေကို အနိုင်ရလိုက်တယ် ဆိုတဲ့သဘော မဟုတ်တဲ့အကြောင်းနဲ့ အစိုးရသစ် အဖွဲ့ထဲမှာ လက်ဘနွန်က နိုင်ငံရေးပါတီတွေ အားလုံး ဝိုင်းပါဝင်ကြဖို့ကိုလည်း ဝန်ကြီးချုပ်အသစ်က တိုက်တွန်းလိုက်ပါတယ်။
အရင်ဝန်ကြီးချုပ်ဟောင်း ဆာ့ဒ် ဟာရီရီ (Saad Hariri) ကို ထောက်ခံကြတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေက အခု ဝန်ကြီးချုပ်အသစ် ခန့်အပ်မှုကို ဒေါသတကြီးနဲ့ တုံ့ပြန် ဆန္ဒပြခဲ့ကြပါတယ်။
လက်ဘနွန်နိုင်ငံကို အီရန်အောက် ရောက်အောင် လမ်းခင်းပေးတာမျိုး လက်မခံနိုင်ဘူးလို့လည်း ဆန္ဒပြသူတချို့က ပြောခဲ့ကြပါတယ်။ လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ကို အီရန်က အားပေး ထောက်ခံတာတွေကို ထောက်ပြပြီး ကန့်ကွက်နေကြတာပါ။
လက်ဘနွန် ပြည်သူတွေရဲ့ အကျိုးစီးပွားကို တာဝန်ယူ ဆောင်ရွက်ပေးမယ့် အစိုးရတရပ် ပေါ်ပေါက်လာရေး မြင်နိုင်ဖို့ မျှော်လင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။
ဟစ်ဇ်ဘိုလာ ထိန်းချုပ်တဲ့ လက်ဘနွန်နိုင်ငံ ဖြစ်လာရင် အမေရိကန်နဲ့ လက်ဘနွန်အကြား ထားရှိတဲ့ အကျိုးတူ ဆက်ဆံရေးကို ထိခိုက်လာမှာတော့ အသေအချာပဲလို့လည်း ဝန်ကြီး ကလင်တန်က ပြောပါတယ်။