သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတ မြန်မာခရီးစတင်


တောင်ကိုရီးယား သမ္မတ အီမြောင်ဘက် (Lee Myung-bak) ဟာ ဒီနေ့မှာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး လာရောက်ဖို့ ရှိပါတယ်။ မြန်မာပါဝင်တဲ့ အာဆီယံ + ၃ အနာဂတ်လုပ်ငန်းတွေ အတွက် ပြင်ဆင်လာရောက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မစ္စတာ အီမြောင်ဘက် ဟာ ဒီနေ့ ညနေပိုင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖွယ်ရှိပြီး မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးခြားတွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

အခု ခရီးစဉ်ဟာ နှစ်ပေါင်း ၃၀ အတွင်း တောင်ကိုရီယားသမ္မတ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နောက်ဆုံးလာရောက်ခဲ့တဲ့ တောင်ကိုရီယားသမ္မတဟာ ချန်ဒူးဝမ် ဖြစ်ပြီး၊ ၁၉၈၃ ခုနှစ်တုန်းကပါ။ အဲဒီတုန်းက မြောက်ကိုရီးယားသူလျှိုတွေ မြန်မာနိုင်ငံ အာဇာနည်ကုန်းမှာ ဗုံးခွဲ တိုက်ခိုက်လုပ်ကြံမှုကြောင့် တောင်ကိုရီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် တောင်ကိုရီယား အစိုးရအဖွဲ့ဝင် အတော်များများ သေကြေ ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။

ဒါကြောင့်လည်း အခု တောင်ကိုရီးယား သမ္မတ Lee Myung-bak မြန်မာနိုင်ငံလာမယ့် ခရီးစဉ်အတွက် ခရီးစဉ် မတိုင်ခင်ကတည်းက လုံခြုံရေးပြင်ဆင်မှုတွေ အတော်လေး လုပ်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီယားနိုင်ငံဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အတော်များများ မြှုပ်နှံလုပ်ကိုင်လျက် ရှိတာကြောင့် အခု တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် ခရီးစဉ်မှာလည်း မြန်မာတောင်ကိုရီးယား စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေ ဆွေးနွေးဖွယ် ရှိနေပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အခု စင်ကာပူနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ စတင်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့ တွေ့ဆုံဖို့ရှိသလို စင်ကာပူနိုင်ငံရဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး ဂိုချုပ်တောင် ကိုလည်း တွေ့ဆုံဖို့ရှိပါတယ်။ မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး K Shanmugam က နေ့လည်စာ တည်ခင်းဧည့်ခံဖို့ ရှိပါတယ်။ ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ မြန်မာနိုင်ငံခြားရေး ကိုယ်စားလှယ်အဖွဲ့ဟာ စင်ကာပူမှာရှိတဲ့ အရပ်ဘက်ဝန်ထမ်းတက္ကသိုလ်နဲ့ အရှေ့တောင်အာရှဒေသ ယဉ်ကျေးမှု ပြတိုက်တွေကိုလည်း သွားရောက် လေ့လာဖို့ ရှိနေပါတယ်။

XS
SM
MD
LG