ဗြိတိန်အတိုက်အခံ လေဘာပါတီက ဝါရင့် လက်ဝဲယိမ်းဝါဒီ Jeremy Corbyn ကို ပါတီခေါင်းဆောင်အဖြစ် စနေနေ့က ရွေးကောက် တင်မြှောက်လိုက်ပါတယ်။
အခုလို လက်ဝဲယိမ်းဝါဒီတဦး အတိုက်အခံလေဘာပါတီခေါင်းဆောင်နေရာကို အနိုင်ရလိုက်တာကို လေဘာပါတီဌာနချုပ်မှာ ထောက်ခံ သူတွေက သြဘာပေးခဲ့ကြသလို ဥရောပတဝှမ်းက ခေတ်ရှေ့ပြေးဝါဒီတွေကလည်း ချီးကျူးလိုက်ပါတယ်။ အခုလို အနိုင်ရလိုက်တဲ့အတွက် ပြည်တွင်းမှာတော့ အကြီးအကျယ် သဘောထားကွဲတာတွေ ပိုဖြစ်လာနိုင်တယ်လို့ ရှုမြင်တာတွေလည်းရှိကြပါတယ်။
လေဘာပါတီခေါင်းဆောင်ရွေးပွဲဝင်တဲ့အချိန်တုန်းကတော့ သူ့ကို အနိုင်ရနိုင်ခြေ ရှိတယ်လို့ မသတ်မှတ်ခဲ့ကြပါဘူး။ ဒါပေမဲ့ မစ္စတာ ကော်ဘင် ဟာ မဲပေးသူအားလုံးရဲ့ ၅၉.၅ ရာခိုင်နှုန်းကို ရရှိပြီးအနိုင်ရခဲ့တာဖြစ်ပြီး ဒါဟာ တခြားလူတွေမှန်းထားတဲ့ ရာနှုန်းထက် အများကြီးကို ပိုရပြီး အနိုင်ရတာဖြစ်ပါတယ်။
အခုလို အနိုင်ရလိုက်တာကာ ဥရောပတဝှမ်း လက်ဝဲလှုပ်ရှားမှုတွေအပေါ် ထောက်ခံမှုတွေ ပိုကြီးထွားလာနေတာကို ပြသနေတာလည်း ဖြစ်ပါတယ်။