သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအခြေအနေ သိသာစွာတိုးတက်


Credit - http://maplecroft.com
Credit - http://maplecroft.com
ဗြိတိန်အခြေစိုက် Maplecroft စီးပွားရေး သုတေသနအဖွဲ့က ထုတ်ပြန်လိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာဆိုရင် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် အလျှင်အမြန် တိုးတက်ကောင်းမွန်လာဆုံး နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်စာရင်း ထည့်သွင်းထားပါတယ်။

ဒီနှုန်း ဒီအခြေအနေအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ လာမယ့် တစ်နှစ်ကနေ သုံးနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် စိုးရိမ်စရာ အကောင်းဆုံး နိုင်ငံတနိုင်ငံအဖြစ် ရှိနေတဲ့ အခြေအနေကနေ လွတ်ကင်း တိုးတက်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီးတဲ့နောက်ပိုင်း နိုင်ငံတကာနဲ့ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ အပြန်အလှန် ကုန်သွယ်ရေးပိုင်း အတားအဆီးတွေ လျော့ကျလာပေမဲ့လို့
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကတော့ မျှော်မှန်းသလောက်တော့ ဖြစ်မလာသေးပါဘူး။

ဒါဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် စိုးရိမ်စရာ အကောင်းဆုံး နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံ ဆက်ပြီး ရှိနေသေးတယ်ဆိုတာ ဖော်ပြချက်ဖြစ်တယ်လို့ စီးပွားရေးအကဲခတ်တွေက ယူဆပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေအတွက် စိုးရိမ်စရာ စိန်ခေါ်ချက်ကတော့ နိုင်ငံရေးအခြေအနေ ဖြစ်နေတုန်းပဲလို့ မြန်မာနိုင်ငံ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အကြီးတန်းသုတေသီ ဦးတင်မောင်သန်းက ဗွီအိုအေကို ပြောပါတယ်။

“ဥပမာ - ပြည်တွင်းစစ်ပေါ့နော်။ ပြည်တွင်းစစ်က အထူးသဖြင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုကို အများကြီး အထိအပါး ပြုနိုင်တယ်ပေါ့နော်။ ဒါ မသေချာသေးဘူး။ ဘယ်လောက်အထိ ငြိမ်းချမ်းရေးရမလဲဆိုတာ ကျနော်တို့ မပြောနိုင်သေးဘူး။ နောက်တချက် နိုင်ငံရေးတည်ငြိမ်မှုပေါ့။ နိုင်ငံရေးတည်ငြိမ်မှုလို့ ပြောတဲ့အခါမှာ အတိုက်အခံနဲ့ အာဏာရ အသိုင်းအဝိုင်းရဲ့ကြား ဆက်ဆံရေးဟာ ယေဘုယျအားဖြင့် အသားကျသွားတဲ့ ငြိမ်သွားတဲ့အနေအထားမှာ ရှိပြီလို့ ပြောလို့မရသေးဘူး။ ဒါကြောင့် ဒီအချက်တွေက အန္တရာယ်ရှိနိုင်တဲ့အချက်တွေလို့ ပြောရင်ရမယ်။”

မေး။ ။ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ကောင်းတဲ့ နိုင်ငံအနေနဲ့ ထည့်သွင်းထားပေမဲ့ မြန်မာနိုင်ငံမှာ ခုနပြောတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီးတော့မှ နောက်ပိုင်းမှာ အမေရိကားနဲ့ အီးယူနဲ့ ဆက်ဆံရေးတော့ မြင့်လာပါတယ်။ တကယ်တမ်း ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံမှုတွေဟာ ဝင်လာပြီလို့ ပြောနိုင်ပါသလားခင်ဗျ။ အထူးသဖြင့် အနောက်နိုင်ငံတွေဘက်ကပေါ့။

ဖြေ။ ။ “အခုအနေအထားထိကတော့ ရင်းနှီးမြှုပ်နှံမှုတွေက ထုတ်လုပ်မှုဘက်မှာ ဝင်တာနဲ့ များသောအားဖြင့်ကတော့ သဘာ၀ သယံဇာတ ထုတ်လုပ်ရေးဘက်မှာပဲ ရှိနေတာ။ တဘက်မှာတော့ အားကောင်းလာတယ်။ တဘက်မှာတော့ မျှော်လင့်သလောက် ဖြစ်မလာသေးဘူးလို့ ပြောရမှာပေါ့။”

မေး။ ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် အာမခံချက်ပေါ့ ဆိုလိုတာက သူတို့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဥပဒေအရ အကာအကွယ်ပေးမှု လုပ်ထုံးလုပ်နည်း ဒီဟာတွေနဲ့ ပတ်သက်လို့ရော ဘယ်လောက်အထိ စိတ်ချရတဲ့ အနေအထား ရောက်နေပြီလဲ။

ဖြေ။ ။ “မကြာသေးခင် ပြီးခဲ့တဲ့ ၁ လလောက်ထွက်တဲ့ World Bank ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရဆိုရင် မြန်မာပြည်ဟာ ရင်းနှီးမြှုပ်နှံမှု နည်းတဲ့နိုင်ငံထဲမှာ ပါတယ်။ ကမ္ဘာမှာ ယှဉ်လိုက်လို့ရှိရင် တော်တော်လေး
နောက်ကျနေတာလေးရှိတယ်။ အဲ့ဒီအစီရင်ခံစာ ထွက်လာပြီးနောက်ပိုင်းမှာ အစိုးရက စည်းမျဉ်းစည်းကမ်းဥပဒေတွေ လုပ်သာကိုင်သာ ပတ်ဝန်းကျင်ဖန်တီးဖို့ဆိုပြီးတော့ ဝန်ကြီးဌာနတွေ တော်တော်များများ ပါဝင်ပတ်သက်တဲ့ ဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံပြီးတော့ လုပ်သာတဲ့ ပတ်ဝန်းကျင်ကောင်း ဖန်တီးဖို့အတွက် ကြိုးစားနေတာတွေရှိတယ်။ တပြိုင်တည်းမှာပဲ ပိုမို လျှင်မြန်သွက်လက်လာဖို့အတွက် Electronic Government ပေါ့နော် E Government လို့ခေါ်တဲ့ စနစ်တွေကိုလည်း လုပ်ဖို့ စတော့ တာဆူနေတယ်။ ဆိုတော့ အနည်းဆုံး ၂၀၁၄ - ၂၀၁၅ အဲ့ဒီလောက်နောက်ပိုင်းရောက်လာလို့ရှိရင် ပိုပြီး လုပ်သာကိုင်သာတဲ့ ပတ်ဝန်းကျင်ဖြစ်လာလိမ့်မယ်လို့ထင်တယ်။”

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအတွက်တော့ မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံဖို့ အလားအလာကောင်းတဲ့ နိုင်ငံအဖြစ်နဲ့ မြင်လာကြတာမို့ လာရောက် စူးစမ်းမှုတွေတော့ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ Maplecroft ရဲ့ အစီရင်ခံစာမှာတော့ ၂၀၁၃ ခုနှစ် အလယ်ပိုင်းမှာ နိုင်ငံတကာက မြန်မာအပေါ် စီးပွားရေးအရ ပိတ်ဆို့ထားတဲ့ အကန့်အသတ် အတော်များများကို ဖယ်ရှားခဲ့တာနဲ့ မြန်မာဘက်ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် စီးပွားရေးလမ်းကြောင်း ဖွင့်ပေးလာတာတွေကြောင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်း ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ဒီလိုအခြေအနေအတိုင်း ပုံမှန်တိုးတက်လာရင်တော့ လာမယ့် ၁ နှစ်ကျော် ကာလမှာပဲ မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် စိုးရိမ်စရာ အခြေအနေတွေ အတော်များများကို ကျော်လွှားနိုင်မယ်လို့ Maplecroft က ခန့်မှန်းထားတာပါ။

ဒါပေမဲ့လည်း တဘက်မှာတော့ စစ်တပ်အပါအဝင် သြဇာကြီးပြီး လုပ်ပိုင်ခွင့်ရှိသူတွေက စီးပွားရေးမှာ ခြယ်လှယ်လွှမ်းမိုးနေတာကြောင့်၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် သူတို့နဲ့ ယှဉ်ပြိုင်ဖို့ ခက်တဲ့ အနေအထားရှိတယ်လို့လည်း Maplecroft က ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၄ ဘီလီယံအနက် သုံးပုံတပုံလောက်ဟာ တရုတ်ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သဘာဝအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးတွေမှာ များနေပါတယ်။

မြန်မာနိုင်ငံတွင်း လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲ ပမာဏ အများဆုံးအရယှဉ်ရင် အမေရိကန်ပြည်ထောင်စုကတော့ ၁၃ နိုင်ငံမြောက်မှာပဲ ရှိပါသေးတယ်။
XS
SM
MD
LG