သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်နိုင်


လိုင်လာ ဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယနိုင်ငံမှာ သေဆုံး ပျက်ဆီးမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး အခု အဲဒီမုန်တိုင်းက မြန်မာနိုင်ငံကို လှည့်လာနိုင်ခြေ ရှိတယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

လိုင်လာဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယနိုင်ငံမှာတော့ သေဆုံး ပျက်ဆီးမှုတွေကို ဖြစ်ပေါ်စေခဲ့တာပါ။ အခု အဲဒီမုန်တိုင်းက မြန်မာနိုင်ငံကို
လှည့်လာနိုင်ခြေရှိတယ်လို့ ဆိုတာကြောင့် ဘယ်လောက် စိုးရိမ်ရလဲ သိရအောင် မြန်မာနိုင်ငံက မိုးလေဝသ ပညာရှင်ကို ဗီအိုအေက ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော်ကို အခြေပြုပြီး အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်သွားပြီဖြစ်တဲ့ လိုင်လာ ဆိုင်ကလုန်းမုန်တိုင်းဟာ နောက် ၃ ရက်အကြာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကို ရောက်ရှိလာနိုင်တာမို့ ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း ရိုက်ခတ်မှုတွေ ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံ အနောက်ပိုင်းဒေသ ရခိုင်ကမ်းရိုးတန်းနဲ့ ချင်းပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်နိုင်ကြောင်းမြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာန အငြိမ်းစားညွှန်ကြားရေးမှူး ဦးထွန်းလွင် က ပြောပြပါတယ်။

"နောက်ဆုံးအခြေအနေ လိုင်လာ အိန္ဒိယကမ်းခြေကို ဖြတ်တယ်။ ဖြတ်ပြီးတော့ ကုန်းတွင်းဝင်သွားပြီ ပေါ့နော်။ ဝင်သွားပြီးတဲ့ နောက်မှာတော့ ကုန်းတွင်းမုန်တိုင်းအဆင့်နဲ့ အရှေ့မြောက်ဘက်ကို ပြန်ပြီးတော့ ကွေ့မယ်လို့ ကျနော်တို့ မှန်းထားပါတယ်။ ကျနော်တို့ အခေါ်တော့ မုန်တိုင်း ဆက်လက်အားရှိနေသေးရင်လဲ ကုန်းတွင်းမုန်တိုင်းပေါ့လေ။ ဒါမှမဟုတ် မုန်တိုင်းအဆင့်မရှိဘဲ အားလျော့ သွားရင်လည်း မုန်တိုင်းအကြွင်းအကျန်တို့ ခေါ်ပါတယ်။ အဲဒီ မုန်တိုင်းအကြွင်းအကျန်က အရှေ့မြောက်ဘက်ကို ရွေ့မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်အစပ်ကို နောက် ၇၂ နာရီမှာ ရောက်သွားနိုင်ပါတယ်။ အဲလို ရောက်သွားနိုင်တဲ့အခါမှာ သူ့အရှိန်ကြောင့် ကျနော်တို့ မြန်မာနိုင်ငံအပိုင်းအနေနဲ့ ပြောရရင်တော့ ရခိုင်မှာ အထူးသဖြင့် မြောက်ပိုင်း လောက်မှာ မိုးရွာနိုင်တယ်ပေါ့နော်။ လေကတော့ သိပ်မရှိပါဘူးဗျာ။ လေက ကျနော်ထင်ပါတယ်။ ၃၀၊ ၃၅ ပါပဲ။ ဒီလောက်ပဲ တိုက်မယ်လို့ ထင်ပါတယ်။"

အကယ်၍ ခန့်မှန်းထားတဲ့ လမ်းကြောင်းအတိုင်း သွားခဲ့ရင်ပေါ့နော်။ အဲဒီအတိုင်း ကျနော်တို့ မှန်းထားပါ တယ်။ ဒါကြောင့်လည်း ဘင်္ဂလားဒေ့ရ်ှနယ်စပ်နဲ့ နီးစပ်တဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ ဒီရက်ပိုင်း တွေမှာ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားသင့်ကြောင်း၊ ပြီးတော့ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း တွေမှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ပြည်သူတွေ သတိထားဖို့ လိုအပ်ကြောင်းကိုလည်း ဦးထွန်းလွင် က အခုလို ဆက်ပြောခဲ့ပါတယ်။

"မိုးကို အဓိကထားပေါ့။ တချက်တော့ ရှိတာပေါ့ဗျာ။ ဒါဟာ သဘာဝတရားဖြစ်နေတဲ့အတွက် ဒီ မုန်တိုင်းလာဖို့ ၇၂ နာရီဆိုတာ ၃ ရက်တောင် ကြာဦးမယ်လေ။ ၃ ရက်အတွင်းမှာ ရေထဲပြန်ဆင်းမှာတခုတော့ စောင့်ကြည့်ဖို့ လိုတာပေါ့နော်။ ရေထဲများ ပြန်ဆင်းမယ် ဆိုရင်တော့ များသောအားဖြင့် အားပြန်ပျိုးတယ်ပေါ့ဗျာ။ ဒါကလည်း သတိတခုအနေနဲ့ ကြည့်ဖို့ပြောတာပါ။ ဖြစ်ဖို့ အလားအလာတော့ မရှိပါဘူးဗျာ။ ဖြစ်ဖို့အလားအလာ အတော့်ကို နည်းပါတယ်။ အဲတော့ အဲဒါလေးက လွဲရင်တော့ ကျနော်ထင်ပါတယ်။ စောစောကပြောသလို မိုးအဓိက ရွာပါမယ်။ အဲတော့ မိုးနဲ့ပတ်သက်တဲ့ အန္တရာယ်တော့ သတိထားရမှာပေါ့။ ဒေသခံဆိုတာကတော့ အထူးသဖြင့် အဲဒီဘက် အဲလိုဝင်ရင် ရခိုင်မြောက်နဲ့ တဆက်တည်းရှိနေတာ ချင်း၊ အဲဒီကနေ အတွင်းထဲအထိ ဆက်သွားရင် စစ်ကိုင်းအထက်တို့ ဘာတို့ ရောက်သွားမယ်ဆိုရင်တော့ မိုးကလည်း အဲဒီဘက်မှာ အန္တရာယ်လေးရှိတာပေါ့။ ဘာလို့လဲဆိုတော့ မြေပြိုတတ်တာကိုး အဲဒီဘက်ကနော်။ အဲတော့ အဲဒါလေးတချက်တော့ သတိထားဖို့ လိုမှာပေါ့ဗျာ။ ဒီလောက်ပဲ ကျနော် အကြံပြုလိုပါတယ်။"

မိုးလေဝသပညာရှင် ဦးထွန်းလွင် ဖြစ်ပါတယ်။ လောလောဆယ် ဒီလိုင်လာ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ ကချင်ပြည်နယ်တွေမှာ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နေပါတယ်။

XS
SM
MD
LG