သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်း ဒေါ်ခင်ဝင်းသေဆုံးမှု စုံစမ်းစစ်ဆေးဖို့ HRW တောင်းဆို


ဘော်ဒိုဇာကားရှေ့မှာ မှောက်အိပ်ပြီး တောင်းပန်နေတဲ့ ဒေသခံတောင်သူများ
ဘော်ဒိုဇာကားရှေ့မှာ မှောက်အိပ်ပြီး တောင်းပန်နေတဲ့ ဒေသခံတောင်သူများ

လက်ပန်းတောင်းတောင်ပစ်ခတ်မှုမှာ တောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းကို သေနတ်ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို တရားဝင် လွတ်လပ်စွာ စုံစမ်းစစ်ဆေးပေးဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

လက်ပန်းတောင်းတောင်ကိစ္စမှာ သွေးထွက်သံယိုမဖြစ်အောင် ဖြေရှင်းပေးဖို့ စစ်ကိုင်းတိုင်းရဲမင်းကြီးကို ဒေသခံတွေဘက်က တနင်္လာနေ့ကတည်းက မေတ္တာရပ်ခံတောင်းဆိုခဲ့တာပါ။ အကြောင်းစုံကို မအင်ကြင်းနိုင် က တင်ပြမှာပါ။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းကြေးနီ စီမံကိန်းဒေသမှာ စီမံကိန်းတိုးချဲ့ကာရံဖို့အတွက် မြေယာတွေကို တရုတ်-မြန်မာ ဝမ်ပေါင်ကုမ္ပဏီဘက်က တနင်္လာနေ့မှာ စတင် ခြံစည်းရိုးခတ်ခဲ့ရာကနေ ဒေသခံတွေနဲ့ ထိပ်တိုက် ပဋိပက္ခ ဖြစ်ခဲ့တာပါ။ မြန်မာရဲတပ်ဖွဲ့က သေနတ်သုံးပြီး ပစ်ခတ်ဖြိုခွဲတာကြောင့် ဒေါ်ခင်ဝင်းဦးခေါင်းမှာ သေနတ်ကျည်ဆံထိမှန် သေဆုံးခဲ့သလို အင်္ဂါနေ့မှာလည်း တောင်သူနှစ်ဦး ပြင်းထန်တဲ့ သေနတ်ဒဏ်ရာတွေ ရခဲ့ပါတယ်။

ဒီလိုအကြမ်းဖက်ပစ်ခတ်ဖြိုခွဲတာနဲ့ ပတ်သက်လို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဝေဖန်ရှုတ်ချကြောင်း အဖွဲ့ရဲ့အာရှရေးတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

“ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွဲဖို့ မလိုအပ်ဘူးဆိုတာ ထင်ရှားပါတယ်။ တကယ်လို့များ ဆန္ဒပြသူတွေဘက်က အကြမ်းဖက်တယ်ဆိုရင်တောင် စနစ်တကျ တုံ့ပြန်ရမှာပါ။ မေးခွန်းထုတ်စရာရှိလာတာက ဒီကနေ့ အစိုးရဟာ အရင် စစ်အစိုးရတွေနဲ့ တကယ်ပဲ ကွဲပြားမှုရှိသလားဆိုတာပါ။ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲတာဆိုရင် အရင်အစိုးရအတိုင်းပဲ ခေါင်းစဉ်သာ ပြောင်းသွားတယ်လို့ မြန်မာပြည်သူတွေ မြင်ကြမှာပါ။”

ဒါ့အပြင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီအနေနဲ့ သူတို့ရဲ့စီမံကိန်း တိုးချဲ့တာကို မြန်မာအစိုးရက အကာအကွယ်ပေးတယ်ဆိုရာမှာ ပြဿနာရှိနေတာ က ဒေသခံပြည်သူတွေက ဒီစီမံကိန်းကို သဘောတူညီမှုမရှိတာကို အာဏာပိုင်တွေဘက်က ပြန်ပြီး စဉ်းစားသင့်တယ်လို့ Brad Adams က ဆိုပါတယ်။ အခုဒေသခံတောင်သူတဦး သေနတ်ကျည်ဆံ ထိမှန်သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို မှန်မှန်ကန်ကန် စုံစမ်းဖော်ထုတ်ပေးဖို့ HRW က တောင်းဆိုကြောင်းလည်း သူက ပြောပါတယ်။

“မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေလုပ်နေတဲ့ အစိုးရသစ်ဖြစ်ကြောင်း သိပ်ကို ပြသ ချင်နေတာပါ။ ဒါဆိုရင် အခုလို အမျိူးသမီးတဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် တရားဝင် လွတ်လွတ်လပ်လပ် စုံးစမ်းစစ်ဆေးပေးပါ။ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု စတဲ့ အချက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ပေးပါ။ တကယ်လို့များ ဒေသခံပြည်သူတွေ ဒီထက်မက ဆန္ဒပြမှုတွေ ပိုပြီးလုပ်လာမယ်ဆိုရင် အကြမ်းဖက်ဖြိုခွဲတာ ဒါမှမဟုတ် ဖမ်းဆီးထောင်ချတာတွေ လုပ်မယ့်အစား အစိုးရအနေနဲ့ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးသင့်တယ်လို့ ကျနော်မြင်ပါတယ်။”

တနင်္လာနေ့ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ လက်ပန်းတောင်း ပစ်ခတ်နှိမ်နင်းမှုကို စိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ပြန်ကြေညာခဲ့တာပါ။ လက်ရှိ ကြေးနီစီမံကိန်း တိုးချဲ့ကာရံတဲ့ အခြေအနေတွေဟာ အတော်လေးကို ဆိုးရွားလာနေတယ်လို့ လက်ပန်းတောင်းဒေသ ဇီးတောကျေးရွာ စံမြဝတီကျောင်းတိုက်က ဦးဇင်း ဦးအာလောက က ဗွီအိုအေကို မိန့်ကြားပါတယ်။

“ဒေသခံတွေကတော့ အခုဟာကတော့ ထိုင်ကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူးလေ။ အနောက်မှာဆိုရင်လည်း ပုသိမ်-မုံရွာလမ်းကြီးအထိ အရှေ့မှာဆိုရင်လည်း ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းအထိ ခြံစည်းရိုးခတ်သွားတာ၊ ရွာလေးတရွာလောက်ပဲ ကွင်းပြီးတော့ ခတ်မသွားတာဖြစ်တယ်။ ရေရှည်မှာ လုံး၀ ရပ်တည်ဖို့ဆိုတာလည်း အင်မတန် ခက်ခဲသွားပြီ။ ဘာမှလုပ်ကိုင်စားသောက်စရာလည်း မလွယ်တော့ဘူး။ အဲ့ဒါကြောင့်မို့လို့ လူထုဟာ လက်နက်တွေကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေလည်း မဟုတ်တော့ဘူး။ ဘာမှလည်း မတတ်နိုင်တော့ဘူး။ ထိုင်ကြည့်ရုံနဲ့ ဝမ်းနည်းနေရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူးဆိုတဲ့ အနေအထားမျိုးမှာ ဖြစ်နေပါပြီ။”

ကုမ္ပဏီကနေ လျော်ကြေးမယူတဲ့ မြေယာတွေမှာ စတင်ခြံစည်းရိုးခတ်တဲ့ အချိန်ကတည်းက လယ်ယာပိုင်ရှင်တွေဘက်ကနေ သွေးထွက်သံယိုမှုမဖြစ်အောင် အခြေအနေတွေကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ အာဏာပိုင်တွေကို ကြိုတင်မေတ္တာရပ်ခံခဲ့တယ်လို့ ဦးဇင်းကမိန့်ပါတယ်။

“စဖြစ်တဲ့နေ့ကတည်းက ဒါ ပြောပါတယ်ဗျာ။ ရဲမင်းကြီးဦးနေထွန်းပေါ့နော် ဒီဟာမျိုးက ပြေလည်အောင် ပြဿနာဆိုတာက ပိုပြီးတော့ ဆိုးလာတာကနေ ကြီးသွားလိမ့်မယ်။ မဖြစ်သင့်တာတွေ မဖြစ်အောင်၊ သွေးထွက်သံယိုတွေ မဖြစ်အောင်၊ ဒါ တဘက်နဲ့တဘက် ဖြစ်သွားကြပြီဟေ့ဆိုရင် ဘယ်သူမှ မကောင်းကြပါဘူး။ ဒါ တောင်သူလယ်သမားတွေဆိုရင်လည်း တောင်ယာလုပ်၊ အင်မတန်မှ ရိုးသားတဲ့ ဒေသတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြဿနာမဖြစ်အောင် ညှိနှိုင်းပါ၊ ဆွေးနွေးပါဆိုပြီး ဒေသခံတွေဘက်က ပြောဆိုနေသော်ငြားလည်းပဲ သူတို့က စနစ်တကျ ကြံစည်ထားတာဖြစ်တဲ့အတွက် ဒေသခံတွေက ဘယ်လောက်ပင် ပြောသော်ငြားလည်းပဲ မရပါဘူး။ မရတဲ့အတွက်လည်း အခုလို ဒါ လူသေဆုံးမှုတွေ၊ သေနတ်တွေဒဏ်ရာရတဲ့ ဒီလောက်အထိကို ဖြစ်လာတာဖြစ်ပါတယ်။”

လက်ရှိဖြစ်နေတဲ့ လက်ပန်းတောင်းအရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရှိ တရုတ်သံရုံးက အခုချိန်ထိ သဘောထား ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ လက်ပန်းတောင်း ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ၂၀၁၂ ခုနှစ်က လွှတ်တော်တွင်း ဆွေးနွေးချက် တင်ပြချက်တွေကို လေးစားအသိအမှတ်ပြုကြောင်းနဲ့ နှစ်ပေါင်းများစွာကတည်းက နှစ်နိုင်ငံ အကျိူးစီးပွားဖြစ်ထွန်းဖို့ ပူးပေါင်းဆောင်ရွက်လာခဲ့ကြတာ ဖြစ်တယ်လို့လည်း တရုတ်သံရုံးက သဘောထား တုံ့ပြန်ခဲ့ပါတယ်။

XS
SM
MD
LG