သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဖြူနှင်းထွေး အာမခံ ပယ်ချခံရ


ဓာတ်ပုံ - citizen journalist
ဓာတ်ပုံ - citizen journalist

ထောင်ဒဏ် တသက်တကျွန်းအထိ အပြစ်ဒဏ်ပေးနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆို ခံနေရတဲ့ ဗသသများ အဖွဲ့ချုပ်ဝင် မဖြူနှင်းထွေး အမူကို စက်တင်ဘာလ ၂၃ ရက်မှာ ရုံးတင်စစ်ဆေးရာမှာ ရှေ့နေတောင်းဆိုတဲ့ အာမခံကို ပယ်ချခံရပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် လက်ပံတောင်းဒေသမှာ ၂ဝ၁၄ ခုနှစ် မေလအတွင်း ကြေးနီစီမံကိန်း လုပ်နေတဲ့ တရုတ်နိုင်ငံသား ၂ ဦးကို ဆည်တဲရွာသားတွေက တရက်ကျော်ကြာ ထိန်းသိမ်းမှုတွေအတွင်း မဖြူနှင်းထွေး ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး ဦးပိုင်ကုမ္ပဏီလီမိတက်က တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာပါ။

ပြန်ပေးမှု၊ တဦးတယောက်ကို အသတ်ခံရဖို့ အန္တရာယ် ကျလောက်အောင် သွေးဆောင်ဖျားယောင်းမှု စတဲ့ ပုဒ်မ ၃၆၄/၃၆၈ စတဲ့ပုဒ်မတွေနဲ့ တရားစွဲခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ ရုံးတင်စစ်ဆေးခဲ့ရာမှာ ရှေ့နေက တောင်းဆိုတဲ့ အာမခံပယ်ချခံခဲ့ရကြောင်း ရှေ့နေ ဦးဉာဏ်ဝေမင်းက ပြောပါတယ်။

“တကယ်ကတော့ အဓိကအကြောင်းပြချက်ကတော့ ဒီပုဒ်မတွေကတော့ အာမခံ မပေးနိုင်တဲ့ ပုဒ်မမျိုးဖြစ်တဲ့အတွက် အာမခံ ခွင့်မပြုဘူးလေ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇/၁ မှာ သူက အမျိုးသမီး ဒါမှမဟုတ်ရင် အသက် ၁၆ နှစ်၊ ဒါမှမဟုတ် ကလေးအရွယ်လေးတွေ ဒီကျန်းမာရေး အခြေအနေ ချို့ယွင်းပြီးတော့ အားနည်းနေတဲ့သူတွေဆိုရင်လည်း ပုဒ်မအလိုအရ အာမခံ မပေးနိုင်ဘူးဆိုပေမဲ့ အာမခံပေးမယ်ဆိုရင် ပေးလို့ရတယ်ဆိုတဲ့ အနေအထားပေါ့။ ပုဒ်မအလိုအရ ပြောရမယ်ဆိုရင်တော့ ပုဒ်မ ၃၆၄ အလိုအရကတော့ ကျွန်းဒဏ်အထိ ပေးချင်ရင် ပေးလို့ရတဲ့ ဟာမျိုးပေါ။ အမြင့်ဆုံးပြစ်ဒဏ်ပေါ့လေ။”

အမှုဖြစ်စဉ်ကတော့ လက်ပံတောင်းဒေသခံတွေကို အကူအညီပေးနေသူ ကိုအောင်စိုးကို ဖမ်းဆီးသွားပြီးတဲ့နောက်မှာ တရုတ်နိုင်ငံသားများ လိုက်ပါလာတဲ့ ကားတစီးဟာ လက်ပံတောင်းဆည်တဲရွာကို ရောက်လာခဲ့တာပါ။ ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပေါ်မှာ တိုင်စိုက်ဖို့အတွက် ရောက်လာတဲ့ ကားနဲ့လာတဲ့ တရုတ်ဝန်ထမ်း ၂ ဦးကို လယ်သမားတွေက ထွက်ခွာခွင့် မပေးရာကနေ တင်းမာမှုတွေ ဆက်ဖြစ်လာပါတယ်။ ဒီနောက် အာဏာပိုင်တွေက ရွာထဲကို မျက်ရည်ယိုဗုံးသုံးပြီး ဝင်ခဲ့သလို၊ ရွာသားတွေကလည်း အာဏာပိုင်တွေရဲ့ ကားတွေကို ဖျက်ဆီးခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရွာသားတွေ တောင်းဆိုချက်တွေကို ဦးပိုင်ကုမ္ပဏီ အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လိုက်လျောမယ်ဆိုတဲ့ နှုတ်ကတိ ရပြီးနောက် တရုတ်နိုင်ငံသား ၂ ဦးကို ရွာသားတွေက ပြန်လွှတ်ပေးခဲ့ပါတယ်။

မေလ ၂၂ ရက်မှာတော့ မဖြူနှင်းထွေး အပါအဝင် ရွာသား ၇ ဦးကို အဲဒီအမှုတွေနဲ့ တရားစွဲဆိုခဲ့ပေမဲ့ ရွာသား ၅ ဦးကိုတော့ တရုတ်-မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရေးအတွက်ဆိုပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်ခံ ဦးလှစိန်က အမှုကနေ အပြီးပြတ် ကျေအေးစေခဲ့ပါတယ်။ အခုအခါမှာတော့ ဒေသခံတွေကို အကူညီပေးနေတဲ့ မဖြူနှင်းထွေးကို တရုတ်နိုင်ငံသားတွေကို ထိန်းသိမ်းရာမှာ စီမံဆောင်ရွက်ပေးသူအဖြစ် တရားလိုပြ သက်သေတွေက စွပ်စွဲပြီး တရားရုံးမှာ တင်ပြထွက်ဆို နေတယ်ဆိုပြီး အကိုဖြစ်သူက ပြောပါတယ်။

“ဖြူနှင်းထွေးနဲ့ ပတ်သက်ပြီးတော့ပေါ့နော်၊ ကျနော်တို့ ဦးလှစိန်ကတော့ ဖြစ်စဉ်ပေါ့နော်၊ ဒီလိုမျိုး ရွာမှာ ထိန်းသိမ်းထားတဲ့ဥစ္စာ၊ ရွာသူရွာသားတွေ အဆိုပြုတဲ့ ၄ ချက်၊ မရလို့ရှိရင် ရွာသားတွေက လွှတ်မပေးဘူး ဆိုတာမျိုးပေါ့နော်။ ရှေ့နေတွေ ဘာတွေက ပြန်မေးတဲ့အခါမှာ အဲဒီ ၄ ချက် ဖြည့်ပေးနိုင်မလား ဆိုတော့လည်း မဖြည့်ပေးနိုင်ဘူးခင်ဗျ။ မဖြည့်ပေးနိုင်ဘူးလို့ ပြောပါတယ်ခင်ဗျ။ အဲဒီလို ဖြစ်စဉ်ကို ဦးလှစိန်က ပြောသွားတယ်။ နောက် ဦးအောင်မြင့်ကတော့ သူပြောတဲ့ ပုံစံကတော့ ဖြူနှင်းထွေးကို ဒီအမှုထဲမှာ ပါသွားအောင်လို့ ပြောနေတဲ့ ပုံစံမျိုးကို တွေ့ရတယ်။ ပထမ တယောက်ထွက်ဆိုတာတော့ ကောင်းကောင်းမွန်မွန် ကျွေးမွေးဧည့်ခံထားတယ်လို့ပဲ ပြောတယ်။ တယောက်ကကျတော့ အဲဒီလိုပေါ့ မဖြစ်ဖြစ်အောင် ချုပ်တဲ့ပုံစံမျိုး၊ အဲဒီလိုပေါ့နော် အသက်အန္တာရာယ်ကို ခြိမ်းခြောက်တဲ့ ပုံစံမျိုး အဲဒီလို ရောက်သွားအောင် လုပ်နေတာ။”

တရားလိုဖြစ်တဲ့ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ မဖြူနှင်းထွေးကို ဒီနေ့ရုံးထုတ်စဉ်မှာ သူမလွတ်မြောက်ရေးအတွက် ဗကသများအဖွဲ့ချုပ်ကလည်း ဆန္ဒပြခဲ့ကြပါတယ်။ ရုံးထုတ်ချိန် တရားရုံးရှေ့မှာ လက်ပံတောင်း ဒေသခံတွေနဲ့အတူ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ၊ ပြည်သူ့အကျိုးဆောင် ကွန်ယက်အဖွဲ့ဝင်တွေ ရာဂဏန်းလောက် လာရောက်ကြသလို အာဏာပိုင်တွေဘက်ကလည်း လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။

XS
SM
MD
LG