သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်း ဒုတိယနေ့ပစ်ခတ်မှု ၂ ဦးဒဏ်ရာရ


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ မနေ့တုန်းက လူတဦး သေဆုံးခဲ့ရတဲ့အထိ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူ အတော်များများလည်းရှိနေသလို ဒီကနေ့မှာတော့ ဆည်တဲရွာဘက်မှာ မြန်မာဝမ်ဘောင်ကုမ္ပဏီက လယ်မြေတွေကို ခြံစည်းရိုးခတ်ပြီးတော့ ကန့်ကွက်တဲ့အတွက်ကြောင့် ပစ်ခတ်မှုထပ်ဖြစ်ပြီး တောင်သူနှစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားတဲ့မြေတွေကို မြန်မာဝမ်ပေါင်ကုမ္ပဏီက အတင်းအကျပ် ခြံစည်းရိုးခတ်ရာကနေ ဒေသခံတွေနဲ့ တင်းမာမှုဆက်ဖြစ်ပြီး ရွာသား ၂ ဦး သေနတ်ထိမှန်ခဲ့ကြောင်း ဆည်တဲရွာသူတဦးက ပြောဆိုခဲ့ပါတယ်။

“ဝမ်ပေါင်နဲ့ ဦးပိုင်ဘက်က လုံခြုံရေးတယောက်ရယ်၊ ဗမာလုံထိန်းတွေရယ်၊ အလုပ်သမားတွေရယ်ဆိုရင် အယောက်ပေါင်း ၂၀၀၀ လောက်က ဒေသခံတွေ အိပ်ယာမနိုးခင်မှာပေါ့နော် သူတို့က အစောကြီးလာပြီးတော့ ခြံစည်းရိုးတွေခတ်တာ၊ ဒေသခံတွေက မနက်မိုးလင်းလင်းခြင်း ပြေးပြီးတော့ သွားကြတာ၊ သွားကြတဲ့အခါမှာ သေနတ်တွေနဲ့ ပစ်လိုက်လို့ ဒီကနေ့ ၂ ယောက် ဒဏ်ရာရတာရှိတယ်။ တယောက်ကလည်း နည်းနည်းလေးပဲ မျက်လုံးလွဲသွားတာ၊ မျက်စပ်မှာတယောက်၊ မေးမှာတယောက်။ နာမည်တွေက ကိုခင်ဝင်း နဲ့ ကိုအောင်နိုင်တဲ့။ ကျမတို့ရွာကတော့ တော်တော်များများ မနေ့က ဒဏ်ရာရတယ်။ ကျမကတော့ အထိအနာဆုံးဖြစ်တယ်။ ဟိုနှစ်ယောက်ကတော့ သေနတ်ရှပ်မှန် တာပေါ့နော်။ ကျန်တဲ့မိန်းကလေးတွေကတော့ တရုတ်က တူနဲ့လိုက်ထုလို့ အရှိုက်ကိုထုမိလို့ အသက်ရှုရကြပ်တယ်တဲ့။ ဒီမှာ နံဘေးတွေ ပိတ်ကန်တာလည်းရှိတယ်။ ဒါပေမဲ့ သူက ဒဏ်ရာတော့မဟုတ်ဘူးပေါ့။ အတွင်းကြေ ကြေကုန်ကြတာ။ ထုမိလို့ အသက်ရှုရကြပ်တယ်တဲ့”

မနေ့ကတော့ အသက် ၅၀ ကျော်အရွယ် တောင်သူအမျိုးသမီးတဦးသေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ ဒေသခံတွေ ပြင်းထန်းတဲ့ဒဏ်ရာတွေ ထိခိုက်ဒဏ်ရာတွေ ရခဲ့တာပါ။ ဒီနေ့လည်း လယ်မြေတွေကို ခြံစည်းရိုးဆက်ခတ်နေတာကို ခုခံကန့်ကွက်တာကြောင့် ပစ်ခတ်မှုတွေရှိတဲ့အတွက် ဒေသခံတွေ ဒဏ်ရာတွေရခဲ့တာပါ။ ဒီအတွက် ၈၈ မျိုးဆက်က ကျောင်းသူတွေနဲ့ ပရဟိတအဖွဲ့က ဆေးဝန်ထမ်းတွေ သွားရောက် ကုသမှုတွေကို လုပ်ပေးခဲ့ပါတယ်။ ဒေသခံတွေကတော့ ဒီမြေတွေဟာ စီမံကိန်းအတွက် နစ်နာကြေးမယူတဲ့မြေတွေဖြစ်လို့ သူတို့ရဲ့ရှင်သန်ရပ်တည်ရေးအတွက် ဖယ်ရှားမပေးနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီတောင်တွေမှမရှိတော့ဘူးဆိုရင် ကျမတို့ရဲ့ အသက်သွေးကြောတွေ၊ ဘဝတွေ သေဆုံးသွားတာနဲ့ အတူတူပဲ။ ကျမတို့ ထမင်းအိုးကို ရိုက်ခွဲခံလိုက်ရတာနဲ့ အတူတူပဲ။ စစ်ကိုင်းတိုင်းဒေသကြီး ရဲမှူးတွေဆို နင်တို့မြေမဟုတ်ဘူး။ နိုင်ငံတော်မြေဆိုပြီးတော့ ပြောတယ်၊ အဲ့ဒါဆိုရင် ဟုတ်ပြီ။ နိုင်ငံတော်မြေဆိုရင် ကျမတို့ကလည်း နိုင်ငံထဲက နိုင်ငံသားတယောက်ပဲ။ ကျမတို့လည်း ပိုင်တာပဲ။ ဒီမြေပေါ်မှာ ကျမတို့လုပ်မယ်လို့ ပြောတယ်ပေါ့နော်။ နောက်တခါဆိုရင် နင်တို့ကို သူကိုယ်တိုင် ပစ်သတ်မယ်လို့ ပြောတယ်အမ။ ကျမတို့နိုင်ငံမှာ လက်ရှိ ရှိနေတဲ့ အစိုးရက သူတို့ကို အတော်လေး ကြောက်နေရပြီလား။ ကျမတို့နိုင်ငံမှာ ကျမတို့မြန်မာလူမျိုးတွေကို တရုတ်လက်ထဲကို ထိုးအပ်လိုက်ပြီလား။”

လက်ပန်းတောင်းတောင်မှာ ပစ်ခတ်သေဆုံး ဒဏ်ရာရမှုတွေနဲ့ ပတ်သက်လို့ ယင်းမာပင်ခရိုင် ရဲစခန်းကတော့ မသိတဲ့အကြောင်း ငြင်ဆိုပါတယ်။

မေး။ ။ ဒီနေ့လည်း လက်ပန်းတောင်မှာ ထပ်ပြီးတော့ ပစ်ခတ်မှုဖြစ်တယ် ကြားလို့ရှင် ဟုတ်ပါသလား။

ဖြေ။ ။ “ကျနော်တို့ အဲ့ဒါတော့ ဘာမှတော့ လောလောဆယ် မသိရသေးဘူးခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့။ ဒါဆိုရင် မနေ့ကရော ပစ်ခတ်မှုရှိလားရှင့်။

ဖြေ။ ။ “အမရေ.. ကျနော်တို့ အဲ့ဒါတော့ မသိရဘူးခင်ဗျ။ အလှမ်းဝေးတာဆိုတော့လေ။ ကြားကိုမကြားရသေးတာခင်ဗျ။”

မေး။ ။ ရဲတွေနဲ့ ရွာသားတွေနဲ့ ပစ်ခတ်မှုမှာ ရဲတွေဘက်က ဒဏ်ရာရတယ်ဆိုတာရော ကြားမိလားခင်ဗျ။

ဖြေ။ ။ “မသိသေးဘူးဗျ။ ကျနော်တို့က အဲ့ဒါ ဘာမှကို မကြားရသေးတာ။”

လက်ပန်းတောင်းတောင် စီမံကိန်းပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကတော့ အာဏာပိုင်တွေဘက်က ထူးခြားတဲ့ ဆွေးနွေးပြောဆိုမှုတွေ မရှိဘူးလို့ ပြောပါတယ်။

“ပြည်သူ့လွှတ်တော်ကတော့ ပိတ်ထားတယ်။ အာဏာပိုင်တွေဘက်ကတော့ အန်တီတို့ကို အကြောင်းကြားတာတော့ ဘာမှမရှိသေးဘူး။ အခု မနက်ပိုင်းကတော့ လက်ပန်းတောင်းနား ဆည်တဲရွာကို သံဆူးကြိုးခတ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့ မနက်က အချင်းများကြပြီးတော့ ပစ်ခတ်မှုတွေဖြစ်ပြီး၊ မနက်ကတော့ နှစ်ယောက် ထပ်ပြီး ဒဏ်ရာရသွားတယ်။”

မြန်မာဝမ်ပေါင်ကုမ္ပဏီကတော့ မနေ့က သေဆုံးမှုဖြစ်ရပ်အတွက် ဝမ်းနည်းတဲ့ အကြောင်းအရာ ပါဝင်တဲ့ ကြေညာချက်တခုကို ဒီကနေ့က ထုတ်ပြန်ပါတယ်။ ဒေသခံ ၃၅ ရွာရဲ့ ရ၁ ရာခိုင်နှုန်းဟာ စီမံကိန်းကို ထောက်ခံတယ်လို့ ရေးသားထားပြီး ဒေသခံတွေ၊ ရဲတွေ သူတို့ဝန်ထမ်းတွေရဲ့ အန္တရာယ် ဘေးကင်းလုံခြုံရေးအတွက် အကြမ်းဖက်တဲ့ လုပ်ရပ်မှန်သမျှ မလိုလားပါဘူးလို့ ရေးသားထားပါတယ်။

စီမံကိန်းစတင်လုပ်ဆောင်ချိန်ကစလို့ ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ရ၈၀၀ ကျော်ကို စတင် သိမ်းယူခဲ့ကြောင်း နစ်နာကြေးကို တန်ရာတန်ကြေး မပေးခဲ့ကြောင်း လျော်ကြေးမယူထားတဲ့ မြေတွေပေါ်မှာ ခြံစည်းရိုးဆက်ခတ်ပြီး စီမံကိန်းဆက်လုပ်နေတာကြောင့် ကန့်ကွက်နေရတာဖြစ်ကြောင်း ရွာသားတွေက ဆိုပါတယ်။

အရင်တုန်းကတော့ မြန်မာ့စီးပွာရေး ဦးပိုင်ကုမ္ပဏီလီမိတက်နဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ခဲ့တဲ့စီမံကိန်းဖြစ်ပြီး ကန့်ကွက်မှုတွေဖြစ်အပြီးမှာတော့ မြန်မာအစိုးရပါ အကျိုးခံစားခွင့်ထဲမှာ ပါဝင်ပြီး ဒီစီမံကိန်းကို ဒေသခံတွေကန့်ကွက်ခဲ့တာ ၃ နှစ်ကျော်ဖြစ်သလို ဒေသခံတွေ လယ်မြေတွေနဲ့ ရွာတွေရှိတဲ့နေရာတွေကို အစိုးရက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG