သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းအရေး ဆန္ဒပြသူတွေ အရေးယူခံရ


ကြေးနီစီမံကိန်းရပ်တန့်ရေး ရန်ကုန်တွင် ဆန္ဒပြနေသူများ။
ကြေးနီစီမံကိန်းရပ်တန့်ရေး ရန်ကုန်တွင် ဆန္ဒပြနေသူများ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ရန်ကုန်မြို့မှာ ကန့်ကွက် ဆန္ဒပြသူတချို့ကို စီတန်း လှည့်လည်ခွင့် ခွင့်ပြုချက် မတောင်းဘဲ ဆန္ဒပြမှုနဲ့ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီးတော့ တနင်္လာနေ့က တရားရုံးချိန်း ထုတ်မှာတော့ သူတို့ကို တခြား ဥပဒေတခုနဲ့ ပြောင်းလဲ တရားစွဲဆိုခဲ့တယ်လို့ ဒီ အရေးယူခံနေရသူတွေရဲ့ ကိစ္စ ကူညီ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။ ဘယ်လိုအမှုနဲ့ ပြောင်းလဲ စွဲဆိုခဲ့တာပါလဲ။ ဘာကြောင့် ခုလို စွဲဆိုခဲ့တာပါလဲဆိုတာ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြသူတချို့ကို စီတန်းလှည့်လည်ခွင့် ခွင့်ပြုချက် ကြိုမတောင်းဘဲ ဆန္ဒပြခဲ့ကြတယ်ဆိုပြီး အာဏာပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီး အရေးယူခဲ့တာပါ။ ဒါပေမဲ့ ဒီ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်တဲ့ ဒေါ်နော်အုန်းလှ၊ ကိုညီညီ (ခေါ်) ကိုမျိုးမြင့်၊ ကိုရဲလင်း၊ ကိုမျိုးချစ်၊ ဒေါ်ရှမ်းမနဲ့ ကိုဝေဠု-တို့ ခြောက်ဦးကို မနေ့က တရားရုံးတင်ခဲ့တာမှာတော့ အာမခံ မပေးနိုင်တဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲတင်ခဲ့တယ်လို့ ဒီလူတွေရဲ့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

“လောလောဆယ် သူတို့အခြေအနေကတော့- ပထမ သူတို့ကို ဖမ်းဆီးတုန်းက ပုဒ်မ ၁၈ နဲ့ ဖမ်းတယ်ပေါ့ဗျာ။ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဥပဒေနဲ့ စဖမ်းတယ်ပေါ့။ ဖမ်းလည်းပြီးရော တရားရုံးတင်တဲ့အခါကျတော့ ယမန်ယူတဲ့အခါကျတော့ ၅၀၅ (ခ) နဲ့ ယမန်ယူတယ်။ ရှင်းရှင်းပြောရရင်တော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်အမှုတွေအရပဲ အရေးယူမယ်၊ ဒါဟာ အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးပေါ်မှာ ခွင့်ပြုချက်မတောင်းဘဲနဲ့ ကျင့်သုံးတယ်ဆိုတဲ့ ကိစ္စကတော့ ပေါ်ပေါက်တယ်ပေါ့ဗျာ။ ဒါက ကျနော်တို့ အငြင်းမပွားပါဘူး။ သို့ပေမဲ့ အဲဒီပုဒ်မအရဆိုရင် အာမခံပေးရတဲ့ပုဒ်မဖြစ်တယ်။ အာမခံမပေးချင်လို့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ ပြောင်းပြီးတော့ ရုံးတင်တယ်လို့ မြင်ပါတယ်။ ဒီ ၅၀၅ (ခ) နဲ့ တရားစွဲဆိုတာဟာ ဥပဒေနဲ့ မညီဘူးဆိုတာကို ကျနော်တို့က သွားမှာပါ။ ၅၀၅ (ခ) ရဲ့ ပြဌာန်းချက်နဲ့ တရားစွဲဆိုလို့ မဖြစ်နိုင်ဘူးဆိုတာကို တင်ပြပြီး ကျနော်က အဓိကဇောင်းပေး တက်မှာပဲ။”

စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မနဲ့ အရေးယူမယ်ဆိုရင် ထောင်ဒဏ် ခြောက်လထက် ပိုချလို့ မရပေမဲ့ အခု တရားစွဲထားတဲ့ ရာဇသတ်ကြီး ဥပဒေ ၅၀၅ (ခ) နဲ့ ဆိုရင်တော့ ထောင်ဒဏ် ၂ နှစ်အထိ ချခံရမှာဖြစ်တယ်လို့ ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

ပြုပြင် ပြောင်းလဲမှု လုပ်နေတယ်လို့ ပြောနေတဲ့ တချိန်တည်းမှာ ခုလို ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာ၊ ဖမ်းဆီးတာတွေဟာ ပြုပြင် ပြောင်းလဲမှုတွေ နောက်ပြန်ဆွဲအောင်လုပ်တဲ့ လုပ်ရပ်မျိုးတွေ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

“ဆန္ဒပြခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ မန္တလေးမှာရော၊ ရန်ကုန်မှာရော အဖမ်းအဆီးတွေ ရှိခဲ့တယ်။ မန္တလေးမှာတော့ ခနတာဖမ်းပြီး ပြန်လွှတ် ပေးတယ်လို့ ပြောသံကြားရပါတယ်။ သို့ပေမဲ့လည်း အခု နောက်ပိုင်း ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ကျနော်တို့ သိရပါတယ်။ ရန်ကုန်မှာ ကတော့ ပထမ ၆ ယောက် ဖမ်းတယ်။ နောက် ၁ ယောက်ဖမ်းတယ်။ ၆ ယောက်မှာ ၁ ယောက်လွှတ်တယ်ပေါ့လေ။ ၅ ယောက်နဲ့ တစ်ယောက် ဖမ်းတယ်ပေါ့။ ရုံးထုတ်တဲ့အခါမှာလည်း အပြင်ကလူတွေ လာရောက် နားထောင်ခွင့် မရှိဘူးဆိုတာကို ကျနော်တို့ သိရတယ်။ ဒီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးမှု မရှိဘူး၊ မလုပ်ဘူးလို့ သူတို့ ပြောထားတယ်။ သို့ပေမဲ့ အခု ဖမ်းဆီးမှုတွေ ဆက်လုပ်နေတာ ဖြစ်တယ်။ အဲလိုမျိုးဖမ်းဆီးနေတာတွေဟာ တကယ်တန်းကျတော့ ပြောရလို့ ရှိရင် နောက်ကြောင်းပြန်လှည့်နေပြီလား-လို့တောင်မှ သံသယ ဖြစ်စရာ ရှိပါတယ်။”

AAPP အတွင်းရေးမှူး ဦးတိတ်နိုင် ပြောသွားတာပါ။ ခုလို လက်ပံတောင်းတောင်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေအပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း လက်ပံတောင်းတောင် သပိတ်စခန်းတွေကို အာဏာပိုင်တွေက အင်အားသုံး နှိမ်နင်းမှုတွေ လုပ်ခဲ့ တာကြောင့် ဆန္ဒပြ သံဃာတော်တွေနဲ့ပြည်သူတွေ အများအပြား မီးလောင် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ဒီကိစ္စ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ရှုတ်ချကန့်ကွက်ခဲ့ကြသလို ရန်ကုန်၊ မန္တလေး ၊ မြင်းခြံစတဲ့ မြို့ကြီးတွေမှာလည်း ဒီကိစ္စ ကန့်ကွက်တဲ့အနေနဲ့ သံဃာတော်တွေနဲ့ ပြည်သူတချို့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပွားခဲ့ပြီး အဖမ်းအဆီးတချို့လည်း ရှိခဲ့ပါတယ်။
XS
SM
MD
LG