သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်း သပိတ်စခန်းတွေဖျက်ဖို့ အမိန့်ထုတ်


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ဖွင့်ထားသည့် သပိတ်စခန်းများ အနက်မှ တခု။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ဖွင့်ထားသည့် သပိတ်စခန်းများ အနက်မှ တခု။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးအတွက် သပိတ်စခန်းတွေကို ည ၁၂ နာရီကျော်ရင် အဆုံးသတ်ပေးဖို့ အာဏာပိုင်တွေဘက်က ကြေညာပြီးတဲ့နောက်မှာတော့ လက်ပန်းတောင်းတောင် ကျော်ရွာဘက်က သံဃာအများစု ရှိတဲ့သပိတ်စခန်းမှာ ရဲတပ်ရင်းတွေနဲ့ သံဃာတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရဲတပ်ရင်းတွေဘက်က ခေတ္တေနောက် ဆုတ်သွားခဲ့တယ်လို့ စုံစမ်း သိရှိရ ပါတယ်။ လက်ပန်းတောင်းတောင် ဒေသရဲ့ နောက်ဆုံး အခြေ အနေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေက သံဃာတွေနဲ့ အာဏာပိုင်တွေဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ ညဦးပိုင်းက တင်းမာမှုတွေ ရှိနေခဲ့တာပါ။ သပိတ်စခန်း ထဲက မြန်မာနိုင်ငံဝိဇ္ဇာနဲ့သိပ္ပံ ကျောင်းသားများ ကွန်ယက်က ကျောင်းသား ခေါင်းဆောင်တဦး ဖြစ် တဲ့ ကိုသော်ဇင်ပြောပြတာက-

“သူတို့က ကျနော်တို့ရဲ့ အင်အားအနည်းဆုံးဖြစ်တဲ့ ကျော်ရွာဘေးဘက်ကနေပြီးတော့ ထိုးဖောက် ဝင်ရောက်လာတယ်။ ရဲအင်အား ၁၀၀ လောက်ရှိတယ်။ တုတ်တွေ၊ ဒိုင်းတွေနဲ့ပေါ့နော်။ အဲဒီ ဂိတ် မှာက ဘုန်းကြီးတွေချည့်ပဲရှိတယ်။ သံဃာတွေအကုန်လုံးက တန်းစီထိုင်လိုက်ကြပြီးတော့ သူတို့ မေတ္တာသုတ်တွေ ရွတ်တယ်။ ပရိတ်တွေရွတ်တယ်။ ရွတ်ပီးတော့ သူတို့က လုံးဝ မဖယ်ပေး ဘူး။ သူတို့ဘေးနားက ကွေ့ပြီးတော့ သွား၊ မသွားရင်လည်း သူတို့ကို ရိုက်ပြီးတော့ သွားရင်သွား ဆိုတဲ့ ပုံစံမျိုး လုပ်နေတယ်။ တခုပဲစိုးရိမ်တယ်။ သူတို့ ရဲတပ်ရင်းအနေနဲ့ တပ်ဆုတ်ပြီးတော့ စစ်တပ် အနေနဲ့ ဝင်လာ မလားဆိုပြီး စိုးရိမ်တာတခု ရှိတယ်။ သူတို့ကလည်း ရများရမလားဆိုပြီး ခြိမ်းခြောက်ကြည့်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းခံရတဲ့ ရွာလေးရွာထဲက ဇီးတော ချမ်းမြ ဝတီ်ကျောင်းတိုက်က ဆရာတော် ဦးအာလောက-ကတော့ ၁၂ နာရီကျော်မှာ ရဲတပ်ရင်းတွေ ပြန် ဆုတ် သွားတဲ့ သဘောမျိုး တွေ့ရကြောင်း အခုလို ပြောပြပါတယ်။

“အခုလောလောဆယ်တော့ သပိတ်စခန်းတွေ အားလုံး ငြိမ်သွားတယ်ဗျ။ ၁၂ နာရီလည်း ကျော် သွားပြီ။ ၁၁ နာရီ မကျော်ခင်ကတော့ လော်စပီကာတွေနဲ့အော်တာပေါ့ဗျာ။ ၁၂ နာရီအတွင်းမှာ ထွက်ခွာပေးဖို့၊ လူစုခွဲဖို့ လာပြီး လော်စပီကာနဲ့ အော်သွားတယ်ဗျ။ ကျော်ရွာဘက်က ဂိတ်မှာတော့ သူတို့ရဲအင်အားနဲ့ သံဃာတွေနဲ့ ထိပ်တိုက်တိုးပြီးတော့ လာတိုးတယ်ပေါ့ဗျာ။ ဝမ်ပေါင်ရှိတဲ့ ဘက် ကိုတော့ သူတို့ လော်စပီကာနဲ့ အော်နေတယ်ဗျ။ ၁၂ နာရီနောက်ပိုင်းမှာတော့ လှုပ်ရှားမှုအားလုံး ငြိမ်သက်သွားပါတယ်။ ရဲတွေက လောလောဆယ်တော့ မမြင်ရဘူးဗျ။ တချို့နေရာမှာတော့ ခြုံပုတ်တွေ ဘာတွေထဲတော့ တွေ့ရတယ်လို့ ပြောကြတယ်။ နောက်ဆုတ်သွားတယ်ဆိုပြီး အကြံထုတ်တယ်နဲ့ တူပါတယ်ဗျာ။ ဒီလို အကြမ်းဖက်တဲ့ ပုံစံမျိုးနဲ့တော့ဗျာ -တောနေ လူတန်းစားတွေကို မလုပ်ဖို့ရန် ဦးဇင်းတို့လည်း ပြောချင်ပါတယ်။”

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ မုံရွာခရိုင်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေမှာ ဖွင့်ထားတဲ့ သပိတ်စခန်းတွေကို ၂၇ ရက် နေ့ည ၁၂ နာရီမှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့နဲ့ ဖယ်ရှားခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်ဆိုပြီး မြန်မာ့ အသံကနေ ၂၇ ရက်နေ့ည ၈ နာရီ သတင်းမှာ ထုတ်ပြန်ကြေညာသွားပါတယ်။ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီရှေ့က ပင်မ သပိတ်စခန်းမှာ တာဝန်ယူနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုသောင်းထိုက် ကလည်း နောက်ဆုံးအခြေအနေတွေကို ပြောပြပါတယ်။

“တောင်ကြားထဲမှာရှိတဲ့ စခန်းကတော့ ဘယ်လိုမှ ဆုတ်လို့ မရဘူး။ ဘာလို့လဲဆိုတော့ အဲဒီ စခန်း ရှိတဲ့ အတွက် အပေါ်က သူတို့ လုပ်ငန်းခွင် လုပ်လို့မရအောင် တားနေတာဆိုတော့ အဲဒီစခန်းကို လုံးဝ အကျခံလို့ မရဘူး။ အဲဒါကြောင့် အဲဒီစခန်းကတော့ အမာခံ ထားရမယ်။ နောက် ဒီစခန်း ကလည်း ပင်မစခန်းဖြစ်တဲ့အတွက် နောက်ကို ဆုတ်လို့ မရဘူး။ အပေါ်ကစခန်းမရှိရင် သူတို့ လုပ်ငန်း ပြန် လည်ပတ်လို့ ရတယ်လေ။ အဲဒါကြောင့် သူတို့က အပေါ်ကစခန်းကိုပဲ အဓိကထားပြီး မဲနေတာပေါ့။ အပေါ်စခန်းကို လိုချင်နေတာပေါ့။ ရဲအင်အားက ပထမနေ့က ခန့်မှန်းခြေကတော့ ၅၀၀ လောက် ရှိတယ်။ ဒီနေ့မှာတော့ မသိနိုင်ဘူးလေ။ ကင်းပုန်းတွေ ဘာတွေလည်းယူထားတယ်။ သုံးရက်ရှိပြီ ဆက်တိုက် ရဲအင်အား တနေ့ကို ကား နှစ်စီး၊ နှစ်စီးနဲ့ ပုံမှန်ပို့ပေးနေတယ်။ ဒီတောင်ကြားထဲကိုပေါ့။

"တောင်ကြားထဲမှာရှိတဲ့ လယ်တီကျောင်းကိုတော့ သူတို့ ရဲအင်အားနဲ့ ဝိုင်းထားတယ်ပေါ့။ လက်ပန်းတောင်းတောင်မှာရှိတဲ့ ဒေသခံတွေက စီမံကိန်းကြီး မရပ်သေးသရွေ့ကတော့ သူတို့ နောက်ဆုတ်မှာ မဟုတ်ဘူး၊ သပိတ်စခန်းတွေကိုလည်း သူတို့ စွန့်ခွာသွားမှာ မဟုတ်ဘူး။”

၂၆ ရက်နေ့က ရန်ကုန်၊ ဆူလေစေတီအနီးမှာ ဆန္ဒပြခဲ့ကြတဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်း သားတွေနဲ့ ကွန်ယက်အသီးသီးက လူငယ် ၆ ဦးကို ပုဒ်မ ၁၈၊ ခွင့်ပြုမိန့်မရဘဲဆန္ဒပြမှု၊ ပုဒ်မ ၅၀၅ (ခ) ဆူပူမှုနဲ့ အင်းစိန်းထောင်ကို ပို့လိုက်ပြီးတဲ့နောက်မှာ ဗကသများအဖွဲချုပ်နဲ့ ကွန်ယက်က ကျောင်း သားတွေဟာ ဒုတိယနေ့အဖြစ် ဆက်ပြီး ဆန္ဒပြနေကြပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုဝင်ဘာလ ၂၉ ရက်နေ့မှာ လက်ပန်းတောင်းတောင် စီမံကိန်းကို သွားကြည့် ဖို့ ရှိနေခဲ့တာပါ။ ဆရာတော် ဦးအာလောက- ကတော့ နစ်နာမှုတွေရှိနေတဲ့ လူထုဘက်က ရပ်တည်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ကြား လိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သောအားဖြင့် ဒီမှာ တောသူတောင်သားတွေ အင်မတန်မှ ဒုက္ခ ရောက်နေတဲ့အချိန်မှာ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုခေါင်းဆောင် ဆိုသည့် အတိုင်း လူထုဘက်ကနေပြီးတော့ ကာကွယ်တားဆီးပေးဖို့ ဦးဇင်းတို့အနေနဲ့ ပြောချင်ပါတယ်။ ညှိနှိုင်းတိုင်ပင် ဆွေးနွေးဖို့ဆိုရင်တော့ လုံးဝ မဖြစ်နိုင်တဲ့အရာပဲ ဖြစ်ပါလိမ့်မယ်။ ညှိနှိုင်းလို့ မဖြစ်နိုင်တဲ့ အကြောင်းရင်းက ဒါဟာ လယ်ယာတွေ ဆုံးရှုံးတယ်ဆိုကတည်းက ဒါဟာ အင်မတန်မှ ထိခိုက်နိုင် ပါတယ်ဗျာ။ ဘိုးဘွားစဉ်ဆက်ကနေ လုပ်ကိုင်လာတဲ့ တောင်သူ လယ်ယာတွေကို အခု လူတွေ လက်ထက်ကျမှ ဆုံးရှုံးရမယ်ဆိုရင် အင်မတန်မှ ထိခိုက်နစ်နာပါတယ်။”

လက်ပန်းတောင်းစီမံကိန်းကို ရပ်ဖို့အတွက် ဒေသခံတွေက ဆနပြခွင့်ကို ပြီးခဲ့တဲ့ ၄ လကျော်ကစပြီး ၈ ကြိမ်ထက်မနည်း တင်ပြခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး တင်းကြပ်ထား ခဲ့ပြီး ခွင်ပြုမိန့်တောင်းခံတာတွေကို ပယ်ချခဲ့ပါတယ်။ သြဂုတ်လနောက်ပိုင်းမှာ သိမ်းဆည်းခံရတဲ့ လယ်မြေ ဧက ၇,၈၀၀ ကျော်နဲ့ ရွှေ့ပြောင်းခံရတဲ့ ရွာတွေအတွက် ဒေသခံတွေက နည်းအမျိုးမျိုး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

စီမံကိန်းလုပ်နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီ လီမိတက်နဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ကတော့ စီမံကိန်းဟာ ရပ်တန့်လို့ မရတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး ပြောခဲ့ပါတယ်။ ဒီ အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကတော့ စီမံကိန်းကိုရပ်ပစ်ဖို့ ဒေသခံတွေနဲ့ သံဃာတော်တွေ၊ ကျောင်းသားတွေဟာ သပိတ်စခန်း ၆ ခု ဖွင့်လိုက်ခဲ့ကြတာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG