သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဟန်းပျိုအဖွဲ့ ဆန္ဒပြပွဲ ရပ်ဆိုင်းကြောင်းကြညာ


လက်ပံတောင်းတောင်အရေး ရန်ကုန်သံဃာတော်များဆန္ဒပြပွဲ
လက်ပံတောင်းတောင်အရေး ရန်ကုန်သံဃာတော်များဆန္ဒပြပွဲ

လက်ပံတောင်းတောင် သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွင်းခဲ့တဲ့အပေါ် ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ သံဃာတော်တွေက ဆန္ဒပြပွဲတွေကို ခေတ္တရပ်ဆိုင်းထားမယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း စီမံကိန်းအနီးမှာ သပိတ်စခန်းတခု ပြန်ဖွင့်ပြီးတော့ ဆန္ဒပြနေကြတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေ ကတော့ သပိတ်စခန်းကို ဖျက်သိမ်းအုံးမှာ မဟုတ်ဘဲ ဆက်ပြီးတော့ ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။
ဒီအခြေအနေတွေ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးဒေသ လက်ပံတောင်တောင်သပိတ်စခန်းက စီမံ ကိန်း ရပ်ဆိုင်းပေးရေး ဆန္ဒဖော်ထုတ်နေတဲ့ သဃာတော်တွေကို အာဏာပိုင်တွေက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အတွက် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေတဲ့ ဗုဒ္ဓသာဝက ရဟန်းပျိုများ အဖွဲ့က သူတို့ရဲ့ ဆန္ဒ ထုတ်ဖော်မှုတွေကို ခေတ္တ ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောလိုက်တာပါ။

ပြည်ထောင်စု အစိုးရ အာဏာပိုင်တွေက ဒဏ်ရာရ သံဃာတွေကို ဝင်ချတောင်းပန်ခဲ့လို့ သံဃာထု အနေနဲ့ ကျေနပ်မှု တစ်စုံတစ်ရာရခဲ့ပြီး ဆန္ဒထုတ်ဖော်နေတာတွေကို ခေတ္တ ရပ်ဆိုင်းထားမယ်လို့ ဗုဒ္ဓ္ဓသာဝက ရဟန်းပျိုများအဖွဲ့က ဦးဆောင်ဆရာတော် ဦးအဂ္ဂသီရိက အခုလို မိန့်ပါတယ်။

“အခြေအနေပေါ်မူတည်ပြီးတော့ ခေတ္တနားထားမှာပေါ့လေ။ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ ကို ဖော်ထုတ် အရေးယူပေးရေးပေါ့လေ၊ နံပါတ်နှစ်အချက်ကတော့ လက်ပံတောင်းတောင် အကြမ်း ဖက်မှုနဲ့ ပတ်သက်၍ သံဃာ့ဆန္ဒဖော်ထုတ်ရာတွင် ဝိုင်းရံကူညီမှုကြောင့် ဖမ်းဆီးခံထားရသော ပုဂ္ဂိုလ် များကို အမြန်ဆုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး-ပေါ့။ နံပါတ်သုံးအချက်ကတော့ ဒေါ်အောင်ဆန်း စုကြည်တို့ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီ ကို စောင့်ကြည့် သွားမယ်ဆိုတာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။”

သပိတ်စခန်းတွေ ဖြိုခွင်းမှုအတွင်း သံဃာတော်တွေကို အင်အားသုံး ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ကို ဖော်ထုတ် အရေးယူပေးရေးနဲ့ ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေကို နိုင်ငံတော်အဆင့်က ပြန် လည်တောင်းပန်ပေးရေးတွေကို ဗုဒ္ဓသာဝကရဟန်းပျိုများ အဖွဲ့က ဒီဇင်ဘာ ၈ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
လောလောဆယ် ရန်ကုန်မှာ ဆန္ဒဖော်ထုတ်မှုတွေ ခေတ္တ ရပ်ဆိုင်းထားမှာဖြစ်ပေမဲ့ သံဃာတော်တွေ ကို အကြမ်းဖက်နှိမ်နှင်းစဉ်မှာ ကျူးလွန်ခဲ့တဲ့ တရားခံကိုတော့ ဖော်ထုတ်ပေးဖို့ ဒီကနေ့ ပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ သဘောထားထုတ်ပြန်ချက်မှာ ထည့်သွင်း တောင်း ဆိုထားပါတယ်။

ဒါ့အပြင် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ အနေနဲ့လည်း လက်ပံတောင်းတောင်ကိစ္စမှာ ဘယ်လောက် ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာကိုလည်း စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ဦးဆောင်ဆရာတော် ဦးအဂ္ဂသီရိက အခုလို မိန့်ပါတယ်။

“အခုလုပ်ဆောင်နေကြတဲ့ ဥပဒေတွေကို ကြည့်မယ်ဆိုရင် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးလို့ ကြွေးကြော်ထားတဲ့အတိုင်း တကယ်ပဲ စုံစမ်းစစ်ဆေးရေး ကော်မတီအနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အထူး အရင်ဆုံးပြုလုပ်ရင် ပိုကောင်းလိမ့်မယ်လို့ ဦးဇင်းတို့က အကြံပေးချင်ပါတယ်။”

အခုလို ဆန္ဒထုတ်ဖော်မှုတွေကို ခေတ္တရပ်ဆိုင်းလိုက်တာဟာ သီတဂူ ဆရာတော်တို့လို ဆရာတော်ကြီးတွေက သံဃာတော်တွေ ဆန္ဒပြတာ ခေတ္တရပ်ဆိုင်းထားဖို့ လိုနေပြီဆိုတဲ့ မိန့်ကြားချက်တွေကို လိုက်နာတဲ့ အနေနဲ့ ခေတ္တ ရပ်ဆိုင်းထားတာလည်း ဖြစ်တယ်လို့ ဦးဆောင် သံဃာအချို့က ပြောပါတယ်။

အာဏာပိုင်တွေဘက်က မကြာခဏဆိုသလို ဆန္ဒပြမှုတွေမှာ နောက်ကွယ်က ကြိုးကိုင်မှုတွေ ရှိနေတယ်ဆိုပြီး ပြောဆိုချက်တွေအပေါ် သံဃာတော်တွေအနေနဲ့ ဘယ်လို တ့ုံပြန်ချင်ပါသလဲဆိုတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ မေးမြန်းချက်ကို သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်လာတဲ့ ဆရာတော် တစ်ပါးက အခုလို ပြန်လည် မိန့်ကြားခဲ့ပါတယ်။

“အသက် ၁၈ နှစ် မပြည့်သေးတဲ့ သံဃာက ရှားပါတယ်။ အများစုက အသက် ၁၈ နှစ်အထက်မှာပဲ ရှိပါတယ်။ ကလေးကလားမဟုတ်ဘူး။ အားလုံးက ဦးနှောက်ကိုယ်စီနဲ့၊ အဲဒီတော့ အဲဒီ- သွေးထိုးလှုံ့ဆော်မှု ဆိုတဲ့ စကားဟာ သူတို့ရဲ့ ပရိယာယ်သုံးတဲ့စကား၊ မတရားစွပ်စွဲတဲ့ စကားပဲဖြစ်တယ်၊ ဦးဇင်းကတော့ ဒီလိုပဲမြင်တယ်။”

လက်ပံတောင်းအနီးက ကံကုန်းကျေးရွာမှာ လက်ပံတောင်းစီမံကိန်း ရပ်ဆိုင်းထားပေးရေး သပိတ်စခန်း တစ်ခုကို ဒေသခံ ပြည်သူတွေနဲ့ အဲဒီ အနီးအနားက သံဃာတော်တွေ ဦးစီးပြီး ဖွင့်လှစ်ထားပါသေးတယ်။

အဲဒီ သပိတ်စခန်းကိုတော့ ရပ်ဆိုင်းထားဖို့ အစီအစဉ်မရှိဘဲ ဆက်လက် ဖွင့်ထားမှာဖြစ်ပြီး အခုလို သပိတ်စခန်း ပြန်ဖွင့်ရတာဟာ ကြေးစင်တောင်နဲ့ စံပယ်တောင်အနီးမှာ ကြေးနီတူးဖော်ရေး လုပ်ငန်းတွေကို ဝမ်ပေါင် ကုမ္ပဏီက ပြန်လုပ်နေတာကြောင့်လို့ သပိတ်စခန်းက ဆရာတော် ဦးအာလောက-က ဗွီအိုအေကို အခုလို မိန့်ကြားခဲ့ပါတယ်။

“ဦးဇင်းတို့ တောက်လျှောက်ဖွင့်ထားမှာလား ဆိုတာက- သူတို့ဘက်က ဦးပိုင်လူကြီး၊ ဝမ်ပေါင်ကုမ္ပဏီတွေက သူတို့ရဲ့ဆိုတ်အတွင်းတွေမှာ လုပ်ငန်းတွေဆက်ပြီးလုပ်နေတယ်၊ မိုင်းခွဲတာတွေလည်း စံပယ်တောင်၊ ကြေးစင်တောင်ဘက်မှာလည်း လုပ်နေတယ်၊ ယန္တရားကြီးတွေ လည်ပတ်မှုတွေ လုပ်နေတဲ့အတွက်ကြောင့် မို့လို့ ဦးဇင်းတို့ သပိတ်စခန်းကို ဆက်ဖွင့်ထားမယ်။”

အခုလို ဒေသခံ သံဃာတော်တွေနဲ့ ဒေသခံ ပြည်သူတွေက အခုလို သပိတ်စခန်းတွေ ပြန်ဖွင့်လှစ်ထား တာဟာ လိုအပ်ချက်ကြောင့် လုပ်ဆောင်တာလို့ ရှုမြင်ပြီးတော့ ထောက်ခံအားပေးပါတယ်လို့လည်း ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့က ဦးဆောင်ဆရာတော် ဦးအဂ္ဂသီရိက မိန့်ပါတယ်။ လက်ပံတောင်းအရေးကြောင့် အဖမ်းခံနေရတဲ့ သူတွေ အမြန်ဆုံး ပြန်လွှတ်ပေးရေးကိုလည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ သံဃာတော်တွေက တောင်းဆိုခဲ့ပါသေးတယ်ခင်ဗျား။
XS
SM
MD
LG