သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းအခြေနေ တင်းမာဆဲ


လက်ပန်းတောင်းတောင် စိုက်ခင်းများကို သံဆူးကြိုးခတ်ပြီး ဒေသခံများနှင့် ထိပ်တိုက်တွေ့နေတဲ့အခြေအနေ။ (အောက်တိုဘာ ၁၃၊ ၂၀၁၃) ဓာတ်ပုံ ကိုဟန်ဝင်းအောင်ရဲ့facebook မှ ကူးယူဖော်ပြသည်။
လက်ပန်းတောင်းတောင် စိုက်ခင်းများကို သံဆူးကြိုးခတ်ပြီး ဒေသခံများနှင့် ထိပ်တိုက်တွေ့နေတဲ့အခြေအနေ။ (အောက်တိုဘာ ၁၃၊ ၂၀၁၃) ဓာတ်ပုံ ကိုဟန်ဝင်းအောင်ရဲ့facebook မှ ကူးယူဖော်ပြသည်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းထားတဲ့လယ်ယာမြေတွေကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတွေက ရဲအင်အား အလုံးအရင်းသုံးပြီး သံဆူးကြိုးခတ်ပြီး စိုက်ခင်းတွေကို ဖျက်ဆီးနေတဲ့အတွက် ဒေသခံတွေနဲ့ရဲတွေကြားမှာ အခြေအနေ တင်းမာနေကြပါတယ်။ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေ ဆုံးဖြတ်ထားချက်တွေကိုလည်း ကော်မတီက ဆောင်ရွက်ပေးတာမရှိဘူးလို့ ကော်ရှင်တာဝန်ရှိသူတွေက ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းထားတဲ့ မြေယာတွေကို ရွာသားအတော်များများက နစ်နာကြေးမယူဘဲ သူတို့စိုက်ခင်းတွေမှာ သီးနှံတွေကို စိုက်ပျိုးခဲ့ကြတာပါ။ စီမံကိန်းတာဝန်ရှိသူတွေက ရဲအင်အားတွေသုံးပြီး ဒေသခံတွေရဲ့ စိုက်ခင်းတွေပေါ် သံဆူးကြိုးတွေ ကာရံနေတဲ့အတွက် ၃ ရက်မြောက်နေ့အဖြစ် ဒေသခံတွေနဲ့ အာဏာပိုင်တွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်ဖြစ်နေကြပါတယ်။

မိုးကြိုးပြင်ရွာက ဒေသခံ တောင်သူတစ်ဦးက အခုလို ပြောပြပါတယ်။

“သံဆူးကြိုးတွေခတ်၊ ရဲတွေကင်းချ လုပ်နေတယ်။ အပင်တွေကို အတင်းဖျက်ဆီး၊ ဘူဒိုဇာတွေနဲ့ထိုး … နှမ်းခင်းတွေရော၊ ပဲစင်းငုံခင်းတွေရောကို အတင်း ဘူဒိုဇာတွေနဲ့ထိုး၊ သံဆူးကြိုးတွေခတ်နေတာ၊ ရွာသားတွေ စိတ်ညစ်၊ ကိုယ်ညစ် ညစ်နေကြတာ။ သွားနေကြတာ ထမင်းမစားနိုင်၊ ရေမသောက်နိုင်နဲ့၊ ဘယ်သွားတိုင်တိုင် အရေးမယူဘူး၊ ရှင်းလည်းမပေးဘူးတဲ့။ ရွာဖြင့် ရုံးလည်း သွားကြတယ်။ ရုံးရှိတဲ့ဆီသွားတော့လည်း သူက ဖြေရှင်းမပေးနိုင်ဘူးတဲ့- အဲလိုပြောတာ ဗိုလ်မှူးကြည်နိုင်က-”

ခမိန်းတောင်ဘုရားတောင်၊ ကျောက်ကြီးတောင်တွေနားက ဒေသခံတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ဖျက်ဆီးပြီး သံဆူးကြိုးခတ်နေတဲ့ အတွက် ဒေသခံအင်အား ၁၅၀ ကျော်နဲ့ ရာနဲ့ချီရှိတဲ့ ရဲတွေကြားမှာ မနက် ၈ နာရီလောက်ကနေစတင်ပြီး ညနပိုင်းအထိ အခြေအနေ တင်းမာနေခဲ့တာပါ။ ဆည်တည်းရွာနားက ကျောက်ကြီးတောင်ရဲ့အရှေ့ဘက်မှာတော့ -

“ဒေသခံပြည်သူလူထုနဲ့ ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်တာ။ အခုအချိန်အထိလည်း ထိပ်တိုက်ရင်ဆိုင်မှုဖြစ်နေပါတယ်။ ဒေသခံပြည်သူလူထုလည်း မိတဲ့သူတွေမိ၊ နေပူဒဏ်ကပြင်းတဲ့အခါ မိန်းကလေးတွေဖြစ်တဲ့အခါကျတော့ သတိလစ်တဲ့သူလည်း လစ်ကုန်ပါပြီ။ ဒါလည်း သူတို့တွေက တဖက်က သံဆူးကြိုးတွေ ဆက်ခတ်နေပါတယ်။ ဒိုင်းတွေနဲ့ကာထားပါတယ်။ ရဲအင်အား ၅၀၀ လောက် သုံးထားတယ်ခင်ဗျ။ ကျနော်တို့ယာမြေတွေကို မတရားလာပြီးတော့ သိမ်းပိုက်တာဖြစ်တဲ့အတွက် ကျနော်တို့ ခံမှာတော့ မဟုတ်တော့ပါဘူး။ အခု သူတို့တွေကို ကျနော်တို့ ကောင်းကောင်းမွန်မွန်တောင်းဆိုနေတာပါ။ ဒေသခံပြည်သူတွေရဲ့ဘဝတွေကို ညှင်းဆဲနေတာပဲဗျ။ အခု လောလောဆယ်မှာ ကျနော်တို့ဦးလေးအခင်းဆို လုံးဝကို လုပ်စားလို့ မရတော့ဘူးခင်ဗျ။ ဧက ၃၀ လုံးပါသွားတယ်ခင်ဗျ။ နှမ်းခင်းတွေလည်း အတော်လေးပေါက်နေပြီ၊ ဒီနှစ်အတွက် ကျနော်တို့ဘဝကသွားပါပြီ။ လမ်းဘေးခွက်ဆွဲပြီး တောင်းရမယ့်အနေအထားတောင် ဖြစ်ကုန်ပြီဗျ။ ကျနော်တို့ဘက်ကို ရဲတွေကလည်း မပါဘူးခင်ဗျ။ အစိုးရကလည်း ကျနော်တို့ဘက်မှာ မပါဘူး။ ကျနော်တို့ဒေသခံပြည်သူတွေဟာ ခိုကိုးရာမဲ့နေပါတယ်။ အကူအညီမဲ့နေပါတယ်ခင်ဗျ။”

လက်ရှိအာဏာပိုင်တွေနဲ့ ဒေသခံကြား တင်းမာမှုဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်လို့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူ့ရဲ့ ကိုယ်ရေးအရာရှိက အခုလို ပြောပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ ဗိုလ်မှူးကြီး ကြည်နိုင်လားရှင်။

“ကျနော် PSO ပါခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့။ ဗိုလ်မှူးကြီး ကြည်နိုင်များရှိပါသလားရှင့်။

“အော် - ဘယ်သူပြောနေတာပါလဲ။”

မေး။ ။ ကျမ ဗွီအိုအေ သတင်းဌာနကပါ။

“အော် ဟုတ်ကဲ့၊ အဘ ကားမောင်းနေလို့။”

ဒီစီမံကိန်းကို ကမကထလုပ်နေတဲ့ စီမံကိန်းတာဝန်ခံ ဦးလှစိန်ကိုလည်း ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ ဦးလှစိန်ပါလား။

“ဟုတ်ပါတယ်။”

ကျမ ဗွီအိုအေသတင်းဌာနကပါ။

“ဟဲလို… ဟဲလို.. ဟဲလို…ကြားလား”

အာဏာပိုင်တွေဘက်ကို ဆက်သွယ်တဲ့အခါမှာတော့ ဖုန်းကိုင်ခြင်းမရှိတဲ့အတွက် နောက်ထပ်ဆက်သွယ်လို့ မရတော့ပါဘူး။ စီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တာဝန်ရှိသူတစ်ဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်ကတော့ ကော်မရှင်ကပေးတဲ့တာဝန်တွေကို ကော်မတီက ဆောင်ရွက်ပေးနိုင်ခြင်း မရှိတာတွေကို ပြောထားပြီး ကော်မတီအနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ဒေသခံတွေနဲ့ ပြေလည်အောင်ဆောင်ရွက်ဖို့ အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူတွေရဲ့အပေါ်မှာ ကျမတို့ကော်မရှင်ရဲ့အစီရင်ခံစာကို ဆောင်ရွက်တဲ့နေရာမှာ တာဝန်ယူမှုတို့၊ တာဝန်ခံမှုတွေ မရှိတာတွေနဲ့ ပတ်သက်လို့ ဒီကနေ့ဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ကော်မတီအနေနဲ့ ဘယ်လိုဆောင်ရွက်ပေးသင့်တယ်ဆိုတဲ့အကြောင်း ကျမကတော့ အကြံဉာဏ်ပေးပြီးပြီ၊ ပြောလည်းပြီးသွားပါပြီ။ အကယ်၍ ပြည်သူလူထုရဲ့အသံက ဒိထက်ပိုပြီး ကျယ်လောင်လာပြီ၊ ကော်မတီရဲ့ဆောင်ရွက်ချက်ကလည်း တရားမျှတမှုမရှိဘူး၊ ပြည်သူတွေကျေနပ်အောင် ဆောင်ရွက်ပေးမှုမရှိဘူးဆိုရင်တော့ လွှတ်တော်ထဲကနေတင်ဖို့ရာအတွက် စီစဉ်နေပါတယ်။ ”

အခုလိုမျိုး ဒေသခံတွေ သဘောမတူဘဲ စိုက်ခင်းတွေကို ဖျက်ဆီးပြီး အတင်းအကြပ် သံဆူးကြိုးတွေ ခတ်နေတာဟာ အနိုင်ကျင့်တဲ့လုပ်ရပ်တစ်ခု ဖြစ်နေတဲ့အကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောသွားပါတယ်။
“ဒေသခံတွေဘက်ကစဉ်းစားလို့ရှိရင်တော့ ဒါမတရားမှုတစ်ခုပဲဖြစ်တယ်၊ လက်နက်တွေကလည်းပါနေတယ်၊ လုံခြုံရေးအင်အားတွေကလည်း ပါနေတယ်။ ငွေကြေးလျော်ပေးမှုအရပေါ်မှာ ဒေသခံတွေနဲ့ ကော်မတီနဲ့ကြားထဲမှာ ပြေလည်အောင်ညှိနှိုင်းပေးမှုလည်း မရှိသေးဘဲနဲ့ ဒီလိုဆောင်ရွက်နေတာကတော့ ဒါဟာ အနိုင်ကျင့်တဲ့အလုပ်မျိုးဖြစ်နေတယ်။ ဒီလိုအလုပ်မျိုးက မလုပ်ရဘူးလို့ ကျမ ဒီလိုပဲ နားလည်ပါတယ်။”

လက်ပန်းတောင်တောင် စီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက်နဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီအပါအဝင် နိုင်ငံတော်က အချိုးကျခွဲပြီး အကျိုးအမြတ်ခံစားနိုင်ဖို့ ဒုတိယအကြိမ် စာချုပ်သစ် ချုပ်ဆိုထားပါတယ်။ ဒေသခံတွေကတော့ သူတို့ရဲ့လယ်မြေတွေကို တန်ရာတန်ကြေးမပေးဘဲ သိမ်းယူနေတာကို လက်မခံနိုင်တဲ့အတွက် စီမံကိန်းကို ရပ်တန့်ပေးရပ်ကိုပဲ တောင်းဆိုနေကြတာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG