ကမ္ဘာကျော် One Direction ပေါ့ပ်ဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း Liam Payne ဟာ အသက် ၃၁ နှစ်မှာ ကွယ်လွန်သွားပါတယ်။ အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့တော် ဟိုတယ်တခုရဲ့ ၃ ထပ် လေသာဆောင်ကနေ ပြုတ်ကျပြီး သေဆုံးသွားတာဖြစ်တယ်လို့ အာဂျင်တီနားရဲတပ်ဖွဲ့က ပြောပါတယ်။
ပါလာမိုအရပ်မှာရှိတဲ့ CasaSur ဟိုတယ်က သူတို့ဆီမှာ မူးယစ်ဆေးနဲ့ အရက်တွေ မူးနေပုံရတဲ့သူတယောက် ထိန်းမနိုင်ဖြစ်နေတယ်လို့ ရဲကို ဖုန်းဆက်ခေါ် ခဲ့တယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။ ရဲတွေရောက်သွားတဲ့အချိန်မှာတော့ ဟိုတယ်မန်နေဂျာက ဟိုတယ်အတွင်းပိုင်းက အော်သံအကျယ်ကြီး ကြားရတယ်လို့ သတင်းပို့ပြီး၊ လူတယောက်ဟာ သူ့ရဲ့အခန်းဝရန်တာကနေ ပြုတ်ကျနေတာကို တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်မှာပြောပါတယ်။
Buenos Aires မြို့ရဲ့ လုံခြုံရေးဝန်ကြီးဌာနကရတဲ့ အသံဖိုင်တခုမှာတော့ ဧည့်သည်တယောက်က တခန်းလုံးကို ဖျက်ဆီးနေလို့ ရဲလွှတ်ပေးဖို့ ဟိုတယ်ဝန်ထမ်းတယောက်က အကူအညီတောင်းနေတာကို ဖော်ပြထားပါတယ်။ ဟိုတယ်ခန်းမှာ လေသာဆောင်ရှိတာကြောင့် ဧည့်သည်ရဲ့ အသက် စိုးရိမ်ရတယ်လို့လည်း ဟိုတယ်ဝန်ထမ်းက ပြောခဲ့ပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ ကမ္ဘာကျော် ဂီတအဖွဲ့ဝင်ဖြစ်လာတဲ့ Liam Payne ဟာ စိတ်ကျန်းမာရေးထိခိုက်မှုရှိပြီး ကျော်ကြားမှုဒဏ်ကိုခံနိုင်ဖို့အတွက် အရက်သောက်တယ်ဆိုတာကို တရားဝင်ပြောထားဖူးပါတယ်။ Liam ကွယ်လွန်သွားတဲ့အတွက် ဂီတလောကအတွင်းက မိတ်ဆွေတွေနဲ့ သူ့ရဲ့ ပရိသတ်တွေကလည်း ဝမ်းနည်းကြောင်းတွေ ပြောကြားပြီး ပရိသတ်တချို့ကလည်း သူ့ကွယ်လွန်ခဲ့တဲ့ ဟိုတယ်အပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။
၂၀၁၀ ခုနှစ်မှာ X Factor ဂီတပြိုင်ပွဲဝင် ဗြိတိန်နဲ့ အိုင်ယာလန်က ဆယ်ကျော်သက်လူငယ် ၅ ယောက်နဲ့ ဖွဲ့ခဲ့တဲ့ One Direction အဖွဲ့ ၂၀၁၆ ခုနှစ်မှာ လမ်းခွဲခဲ့ကြပေမဲ့ Liam အပါအဝင် အဖွဲ့ဝင်တချို့ တကိုယ်တော်အခွေတွေ ထုတ်ပြီး အနုပညာအလုပ်တွေ ဆက်လုပ်နေကြတာပါ။ အခုနှစ် မတ်လကပဲ Teardrop ဆိုတဲ့ သီချင်းကို Liam နောက်ဆုံး သီဆိုထုတ်ခဲ့ပါတယ်။ သူကွယ်လွန်သွားပေမဲ့ သူ့ရဲ့ ဂီတတွေကတော့ ဆက်လက်ရှင်သန်နေမှာဖြစ်တယ်လို့ သူ့ပရိတ်သတ်တွေက ဝမ်းနည်းစကားဆိုနေကြပါတယ်။
Forum