သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်နိုင်ငံတပ်တွေ လစ်ဗျားကို လေကြောင်းမှ တိုက်ခိုက်


အနောက်နိုင်ငံတပ်တွေ လစ်ဗျားကို လေကြောင်းမှ တိုက်ခိုက်
အနောက်နိုင်ငံတပ်တွေ လစ်ဗျားကို လေကြောင်းမှ တိုက်ခိုက်

လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီ (Muammar Gaddafi) ရဲ့တပ်တွေကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ မဟာမိတ်တပ်တွေနဲ့အတူ ပူးပေါင်းပြီး အမေရိကန်တပ်တွေကလည်း လစ်ဗျားလေတပ်ကို ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ကြပါတယ်။ မြေထဲပင်လယ်ထဲမှာ နေရာယူထားတဲ့ အမေရိကန်နဲ့ ဗြိတိသျှ စစ်သင်္ဘောနဲ့ ရေငုပ်သင်္ဘောတွေက လစ်ဗျားတပ်တွေကို ပစ်မှတ်ထားပြီး စနေနေ့မှာ Tomahawk ဒုံးကျည် ၁၁၀ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပန်တဂွန် (Pentagon) စစ်ဌာနချုပ်အရာရှိတွေက ပြောပါတယ်။

မဟာမိတ်တပ်တွေအတွက် တိုက်ရိုက်အန္တရာယ်ပေးနိုင်တယ်လို့ ယူဆရတဲ့ ပစ်မှတ် ၂၀ ကျော်အပြင် လစ်ဗျားအရပ်သားတွေလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

အခုချိန်ထိ လစ်ဗျားဝေဟင်မှာ အမေရိကန်လေယာဉ်တွေ ဖြတ်ပြီးမပျံသေးသလို မြေပြင်မှာလည်း အမေရိကန်တပ်သား တယောက်မှမရှိသေးဘူးလို့ အမေရိကန်စစ်တပ် အကြီးအကဲတဦးဖြစ်တဲ့ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Bill Gortney က ပြောပါတယ်။

ဘရာဇီးနိုင်ငံကိုရောက်နေတဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) ကတော့ လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီကို အနောက်နိုင်ငံတွေက စစ်ရေးအရအရေးယူဖို့ကလွဲပြီး ရွေးချယ်စရာ မပေးခဲ့ဘူးလို့ ပြောပါတယ်။ ဗြိတိသျှဝန်ကြီးချုပ် David Cameron ကလည်း မစ္စတာ ကဒါဖီအပေါ် အရေးယူမှုဟာ လိုအပ်လို့ဖြစ်ပြီး တရားဝင်အရေးယူတာဖြစ်သလို ဒီလိုအရေးယူမှုဟာ မှန်ကန်တယ်လို့ဆိုပါတယ်။

စနေနေ့ အစောပိုင်းတုန်းကတော့ ကုလသမဂ္ဂရဲ့ လစ်ဗျားအပေါ် လေယာဉ်မပျံသန်းရဇုံ သတ်မှတ်အရေးယူမှုကို အားဖြည့်တဲ့အနေနဲ့ ပြင်သစ်နိုင်ငံက ပထမဆုံး လစ်ဗျားကို လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ပြင်သစ်သမ္မတ နီကိုးလက်ဆာကိုဇီ (Nicolas Sarkozy) က ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာရပ်နိုင်ငံများအဖွဲ့ချုပ်နဲ့ အနောက်အင်အားကြီးနိုင်ငံတွေရဲ့ ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့ အစည်းအဝေးကနေ လိုအပ်ရင် လစ်ဗျားကို စစ်ရေးအရ အရေးယူဖို့သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။ လစ်ဗျားအစိုးရက အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပေမဲ့ လက်တွေ့မှာ ဒီကြေညာချက်ကို ချိုးဖောက်နေတာမို့ အချိန်ကြာလာတာနဲ့အမျှ လစ်ဗျားနိုင်ငံသားတွေအတွက် အန္တရာယ်ပိုပြီးတော့ ကြီးတယ်လို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ယုံကြည်ကြောင်း၊ ဒါကြောင့် အခုလို ဆုံးဖြတ်ချက်ချခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် (Hillary Clinton) က ပြောပါတယ်။

တချိန်တည်းမှာပဲ ကဒါဖီရဲ့ သစ္စာခံတပ်တွေက လစ်ဗျားအရှေ့ဘက်က အတိုက်အခံတွေ ချေကုပ်ယူထားတဲ့ ဘန်ဂါဇီကို (Benghazi) ရော၊ အနောက်ပိုင်း ထရစ်ပိုလီနား (Tripoli) က မစ်ရာတာ (Misratah) ကိုပါ တိုက်ခိုက်ခဲ့ကြပါတယ်။ သူတို့ဟာ လက်ဖြောင့်တပ်သားတွေသုံးပြီး ပစ်ခတ်ခဲ့ပြီး အရပ်သား ၉ ဦး စနေနေ့မှာ သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG