လစ်ဗျားနိုင်ငံမှာ ဗိုလ်မှူးကြီး ကဒါဖီရဲ့တပ်တွေနဲ့ အတိုက်အခံတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ အဆုံးသတ်သွားစေရေး ရည်ရွယ်ပြီးတော့ နိုင်ငံရေးအကူးအပြောင်း ကြားကာလတရပ်ထားရှိဖို့ အာဖရိကသမဂ္ဂ AU က ဒီကနေ့ ကမ်းလှမ်းချက်တရပ် တင်ပြလိုက်ပါတယ်။
ဒီအသွင်ကူးပြောင်းရေး ကြားကာလကနေ ရွေးကောက်ပွဲကိုလည်း ဖော်ဆောင်ပေးလိမ့်မယ်လို့ AU ရဲ့ အရာရှိတဦးက ဆိုပါတယ်။ အီသီယိုးပီးယားနိုင်ငံ အလစ်ဘာဘာမြို့တော်မှာ အာဖရိက သမဂ္ဂအဖွဲ့ဝင် ၅ နိုင်ငံရဲ့ ကိုယ်စားလှယ်တွေနဲ့ လစ်ဗျားက ဗိုလ်မှူးကြီးကဒါဖီရဲ့ အဖွဲ့တွေ တွေ့ဆုံကြပြီးတော့ လစ်ဗျားက ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
လစ်ဗျားရဲ့ကောင်းကင်ကို နိုင်ငံတကာလေကြောင်းတပ်ဖွဲ့တွေက လုံးဝ ထိန်းချုပ်ထားလိုက်နိုင်ပြီလို့ ဒီကနေ့ ပြင်သစ် ကာကွယ်ရေးဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး Edouard Guillaud က ပြောဆိုလိုက်ပြီး နိုင်ငံစုံညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လစ်ဗျားမှာ ဆင်နွှဲမယ့်စစ်ဆင်ရေးတွေဟာ သီတင်းပတ်တချို့ကြာမြင့်မှာ ဖြစ်ပြီးတော့ လတွေနဲ့ချီပြီးမကြာဖို့ သူ မျှော်လင့်တယ်လို့လည်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။