သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဒါဖီမထွက်မချင်း နေတိုးမဟာမိတ်တပ်တွေ ဆက်တိုက်မည်


ကဒါဖီမထွက်မချင်း နေတိုးမဟာမိတ်တပ်တွေ ဆက်တိုက်မည်
ကဒါဖီမထွက်မချင်း နေတိုးမဟာမိတ်တပ်တွေ ဆက်တိုက်မည်

ကဒါဖီ အာဏာက ဆင်းသွားရတဲ့အထိ နေတိုးမဟာမိတ်တွေက ဆက်လက် တိုက်ခိုက်မယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်တို့က ပြောလိုက်ကြပါတယ်။ ဒီအတောအတွင်းမှာပဲ ကဒါဖီအပေါ် သစ္စာရှိတဲ့ တပ်တွေက မစ်ရာတာ (Misrata) မြို့အနီးမှာ ကြာသပတေးနေ့က တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၃ ယောက် သေဆုံးခဲ့ရတယ်လို့ သူပုန်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နေတိုး စစ်လေယာဉ်ပျံတွေ ပျံသန်းပြီးမကြာခင်မှာပဲ လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ ဝန်းကျင်ဒေသမှာ ပေါက်ကွဲမှုတွေ ကြာသပတေးနေ့က ဆက်တိုက်ဖြစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အစိုးရတပ်တွေကို ဆန့်ကျင်တိုက်ခိုက်ရာမှာ နေတိုးက ပံ့ပိုးမှု မပေးခဲ့ဘူးဆိုရင် အနောက်ပိုင်းက မစ်ရာတာမြို့မှာ လူတွေ အစုလိုက်အပြုံလိုက် သတ်ပွဲ ဖြစ်လိမ့်မယ်လို့ သူပုန်တွေက သတိပေးလိုက်ပါတယ်။

လစ်ဗျားမှာ နေတိုးက လေကြောင်းစွမ်းရည် အပြည့်နဲ့ ဆက်လက် တိုက်ပွဲဝင်နိုင်မယ်လို့ အမေရိကန်က ယုံကြည်မြဲ ယုံကြည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ယာယီ ပြောရေးဆိုခွင့်ရှိသူ မတ်ခ် တိုနာ က ဝါရှင်တန်မှာ ပြောကြားပါတယ်။ အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်ဖို့ ပြင်သစ်က တောင်းဆိုခဲ့ပြီးတဲ့နောက် ခုလို သူက ပြောတာပါ။

ဘာလင်မှာကျင်းပတဲ့ နေတိုး အစည်းအဝေးမှာ ပြင်သစ်က အဲဒီလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ လစ်ဗျား နိုင်ငံက တိုက်သင့်တိုက်ထိုက်တဲ့ ပစ်မှတ်တွေကို တိုက်ရှိန်မြင့်မြင့်မားမားနဲ့ နေတိုးတပ်ဖွဲ့တွေက ဆက်လက် တိုက်ခိုက်နေနိုင်ပါတယ်လို့ နေတိုး အကြီးအကဲ Anders Fogh Rasmussen က အဖွဲ့ဝင် နိုင်ငံတွေကို ပြောပါတယ်။ ပိုပြီး ပစ်မှတ်ကို တိတိကျကျ ပစ်နိုင်တဲ့ လေယာဉ်တွေကိုတော့ နေတိုးက လိုအပ်နေပါတယ်လို့ သူက ဆိုပါတယ်။

လစ်ဗျားနဲ့ပတ်သက်တဲ့ နောက် ညီလာခံတရပ်ကိုတော့ ကိုင်ရိုမြို့မှာ ကျင်းပခဲ့ပါတယ်။ လစ်ဗျားအတွက် ရေရှည် ခိုင်မာမယ့် အဖြေတရပ်ကို ညီညီညွတ်ညွတ်နဲ့ ရှာဖွေဖို့ အာဖရိက၊ အာရပ် နဲ့ ဥရောပ ကိုယ်စားလှယ် တွေက သဘောတူခဲ့ကြပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

လစ်ဗျား အတိုက်အခံကို ငွေကြေး အရရော၊ နိုင်ငံရေး အရပါ ပံ့ပိုးဖို့ ပြီးခဲ့တဲ့တရက်က ဒိုဟာမှာကျင်းပတဲ့ နိုင်ငံတကာ ဆက်သွယ်ရေးအုပ်စု အစည်းအဝေးမှာ သဘောတူခဲ့ကြပြီး နောက်တရက်မှာ ဘာလင်နဲ့ ကိုင်ရို အစည်းအဝေးတွေကို ကျင်းပခဲ့ကြတာပါ။ လစ်ဗျား အစိုးရ တရားမဝင်တော့တဲ့အတွက် ကဒါဖီ နုတ်ထွက် ပေးဖို့ ဒီအုပ်စုရဲ့ နောက်ဆုံး ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

XS
SM
MD
LG