လစ်ဗျားခေါင်းဆောင် မိုမာဂဒါဖီကို လိုလားသူတွေရဲ့ အတိုက်အခံတွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတိုက်ပွဲတွေဟာ သောကြာနေ့မှာ နယ်စပ်ကျော်လွန်ပြီး အခု တူနီးရှား တပ်သားတွေနဲ့ပါ ပြဿနာတွေ ဖြစ်လာနေပါတယ်။ ဂဒါဖီလိုလားသူတွေဟာ အတိုက်အခံ လက်နက်ကိုင်တွေကို ချေမှုန်းဖို့အတွက် နယ်စပ်ကျော်ဖြတ်ပြီး လိုက်လံ တိုက်ခိုက်ခဲ့ပါတယ်။
အခုလို နယ်မြေကျူးကျော်မှုတွေ အတွက် တူနီးရှား အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပြီး တူနီးရှားနိုင်ငံက လစ်ဗျား သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ အတိုက်အခံတွေလက်ထဲ ရောက်သွားတဲ့ လစ်ဗျား အနောက်ပိုင်း ၀ါဇင် (Wazin) ဒေသက တူနီးရှားနယ်စပ်ဂိတ်ကို ပြန်သိမ်းပိုက်နိုင်အောင် ဂဒါဖီ လိုလားတဲ့ တပ်တွေက ကြိုးစားနေကြတာပါ။
တချိန်တည်းမှာပဲ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ မစ်ရာတာ (Misrata) မြို့မှာ ဂဒါဖီ လိုလားတဲ့ တပ်တွေက အနောက်ပိုင်း ဆိပ်ကမ်းမှာ သင်္ဘောဖျက် မိုင်းတွေ ချနေတာမို့ နေတိုးတပ်ဖွဲ့ရဲ့ စစ်သင်္ဘောက ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်။ နေတိုးတပ်ဖွဲ့ရဲ့ သတိပေး အကြောင်းကြားမှုကြောင့် မစ်ရာတာ ဆိပ်ကမ်း အာဏာပိုင် တွေက ဆိပ်ကမ်းကို ပိတ်ပစ်လိုက်ပြီး ဆိပ်ကမ်းကိုဆိုက်ကပ်မယ့် သင်္ဘော ၂ စင်းကိုလည်း ချက်ချင်း တားမြစ် လိုက် ပါတယ်။
အတိုက်အခံတွေ သိမ်းပိုက်ထားတာ ၂ လရှိပြီဖြစ်တဲ့ ဒီဆိပ်ကမ်းဟာ လူဦးရေ ၃ သိန်းရှိတဲ့ မစ်ရာတာမြို့ အတွက် တခုတည်းသော ၀င်ပေါက်ထွက်ပေါက် ဖြစ်ပါတယ်။