သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်စားချေမှုတွေ မလုပ်ဘူးလို့ လစ်ဗျားယာယီအုပ်ချုပ်ရေး အာဏာပိုင် ကတိပေး


လက်စားချေမှုတွေ မလုပ်ဘူးလို့ လစ်ဗျားယာယီအုပ်ချုပ်ရေး အာဏာပိုင် ကတိပေး

လစ်ဗျားနိုင်ငံမှာ ခေါင်းဆောင်ဟောင်း မိုမာဂဒါဖီ (Moammar Gadhafi) ရဲ့ဒေသဘက်က အရပ်သားတွေ သူတို့ဘက်ကိုကူးခဲ့ပါ၊ လက်စားမချေပါဘူးလို့ အမျိုးသားအသွင်ကူးပြောင်းရေး ကောင်စီ (NTC) က တိုက်တွန်းသွားပါတယ်။ အသွင်ကူပြောင်းရေးတပ်တွေဟာ လက်တုံ့နှင်းတာ မလုပ်ဆောင်ပါဘူး၊ သူတို့ရဲ့ ရန်ဘက်ကို ဂုဏ်သိက္ခာ မထိခိုက်စေအာင် ကောင်းကောင်းမွန်မွန် ဆက်ဆံပါမယ်လို့ NTC ရဲ့ ဒုဥက္ကဋ္ဌ အလီ တာဟိုနီ (Ali Tarhouni) က ထရစ်ပိုလီ (Tripoli) မြို့တော်မှာ စနေနေ့ကပဲ ပြောကြားသွားပါတယ်။

တိုက်ခိုက် သတ်ဖြတ်မှုတွေလုပ်ထားတဲ့သူတွေကို ဆက်ဆံတဲ့နေရာမှာတောင် တရားလက်လွတ် မလုပ်ပါဘူးလို့ သူကပြောသွားပါတယ်။ ထရစ်ပိုလီမြို့တော်က လုံခြုံရေးကို ကိုင်တွယ်ဖို့နဲ့ ဖမ်းဆီးထားသူတွေရဲ့ ကံကြမ္မာကိုဆုံးဖြတ်ဖို့ ကော်မတီတရပ် ဖွဲ့စည်းလိုက်တာကိုလည်း မစ္စတာ တာဟိုနီက ကြေညာသွားပါတယ်။

မနေ့က အစောပိုင်းမှာတော့ သူတို့ တပ်တွေဟာ အားသာမှုရထားတယ်၊ ဘယ်မြို့ကိုမဆို ဝင်ရောက်နိုင်တယ်၊ ဒါပေမဲ့ သွေးမြေကျ တိုက်ပွဲတွေ မဖြစ်စေချင်ပါဘူးလို့ NTC ခေါင်းဆောင် မူစ်တာဖာ အဘ်ဒဲလ် ဂျလယ် (Mustafa Abdel Jalil) က ပြောသွားပါတယ်။ လက်နက်မချတဲ့ အစိုးရအဖွဲ့ဟောင်းအတွက် တပတ်တာ အပစ်အခတ်ရပ်စဲရေး သတ်မှတ်ထားတယ်လို့ ဘန်ဂါဇီ (Benghazi) မြို့မှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဂျလယ် က ပြောသွားပါတယ်။ အခုအချိန်ဟာ မစ္စတာ ဂဒါဖီကို သစ္စာခံတဲ့ ဆာတဲ (Sirte)၊ ဘနီဝါလစ် (Bani Walid) နဲ့ တခြားဒေသ အများအပြားက လူတွေ အေးအေးချမ်းချမ်း လက်နက်ချဖို့ အချိန်ပါပဲလို့ သူကပဲ ပြောပါတယ်။

အတိုက်အခံဘက်က အားလုံး လက်နက်ချကြဖို့ နောက်ဆုံးသတ်မှတ်ရက်ကို လာမယ့် စနေနေ့အထိ သက်တမ်း တိုးပေးလိုက်ပါတယ်။ အရပ်သားတွေနေထိုင်နေတဲ့ ဒေသတွေကို ဝင်ရောက် စီးနင်းရတာမျိုးတွေ မလုပ်ရဖို့ NTC အရာရှိတွေက မျှော်လင့်ထားတာပါ။

လစ်ဗျား ခေါင်းဆောင်ဟောင်း မိုမာဂဒါဖီအနေနဲ့ နောက်ထပ် သွေးမြေကျမှုတွေ အဖြစ်မခံဖို့နဲ့ လစ်ဗျား လူထုအတွက် တရားမျှမျှတတ ဖြစ်အောင် လက်နက်ချဖို့ အခု လစ်ဗျားနိုင်ငံသစ်ကို လွှတ်ထားတဲ့ တူရကီသံအမတ် အလီ ခမ်မဲလ် အိုင်ဒင် (Ali Kemal Aydin) က တောင်းဆိုသွားပါတယ်။

လစ်ဗျားနိုင်ငံရဲ့ အနာဂါတ်နဲ့ပတ်သတ်ပြီး ပြောဆိုဆွေးနွေးမှုတွေလုပ်ဖို့အတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အီရန်မာတင် (Ian Martin) ကလည်း စနေနေ့က ထရစ်ပိုလီမြို့တော်ကို ရောက်ရှိသွားပါတယ်။

XS
SM
MD
LG