သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား ယာယီအစိုးရကို ကုလ အသိအမှတ်ပြု


လစ်ဗျား ယာယီအစိုးရကို ကုလ အသိအမှတ်ပြု
လစ်ဗျား ယာယီအစိုးရကို ကုလ အသိအမှတ်ပြု

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လစ်ဗျားအသွင်ကူးပြောင်းရေး ကောင်စီကို ကုလသမဂ္ဂမှာ လစ်ဗျားရဲ့ ကိုယ်စားပြုနေရာအဖြစ် မဲခွဲဆုံးဖြတ် အတည်ပြုပေးခဲ့ကြပါတယ်။ ဒါကြောင့် လာမယ့် အထွေထွေ ညီလာခံမှာတော့ NTC လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေးကောင်စီ အနေနဲ့ လစ်ဗျားနိုင်ငံကို ကိုယ်စားပြုပြီး တတ်ရောက် ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံ ယာယီအုပ်ချုပ်ရေးအစိုးရရဲ့ တပ်ဖွဲ့တွေဟာ လစ်ဗျားခေါင်းဆောင် ဂဒါဖီတပ်တွေရဲ့ ကျန်နေတဲ့ ခြေကုပ်စခန်းတွေကို အပြင်းအထန် တိုက်ခိုက်နေချိန်မှာပဲ ကမ္ဘာ့ခေါင်းဆောင် အတော်များများကတော့ ဒီ ယာယီအုပ်ချုပ်ရေးအစိုးရအဖွဲ့ကို ထောက်ခံကြောင်း ပြောဆိုလာကြပါတယ်။

ယာယီအစိုးရတပ်တွေဟာ သဲကန္တာရထဲက ဘန်နီ ဝါလစ် (Bani Walid) မြို့ကို ဝင်ရောက်ပြီး အဲဒီမှာ ဂဒါဖီ သစ္စာခံတပ်တွေနဲ့ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ မြို့တွင်းကနေ လက်ဖြောင့်သေနတ်သမားတွေ ချောင်းမြောင်း ပစ်ခတ်နေတာကြောင့် အစိုးရတပ်တွေဘက်က ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ဂဒါဖီရဲ့ မွေးရပ်မြေဖြစ်တဲ့ ဆာ့တ် မြို့မှာလည်း အသွင်ကူးပြောင်းရေး ကောင်စီရဲ့ တပ်တွေဟာ ဂဒါဖီသစ္စာခံတွေရဲ့ ခုခံမှုကို အပြင်းအထန် ရင်ဆိုင်နေရပါတယ်။ နေတိုးတိုက်လေယာဉ်တွေကလည်း ဆာ့တ်မြို့ပေါ်မှာ ပျံသန်းနေကြပြီး ကမ်းရိုးတန်းမြို့တလျှောက်လုံးမှာ သေနတ်သံတွေ ပေါက်ကွဲသံတွေနဲ့ မီးခိုးတွေ ဖုံးလွှမ်းနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဂဒါဖီတပ်တွေရဲ့ ခြေကုပ်နေရာတွေကို သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေချိန်မှာ ဂဒါဖီကတော့ ဘယ်ရောက်နေသလဲ ဆိုတာ ဘယ်သူမှ မသိရသေးပါဘူး။

နိုင်ဂျာ (Niger) အစိုးရကတော့ ဂဒါဖီရဲ့ သားတဦးဖြစ်တဲ့ ဆာဒီ (Saadi) ကို ဖမ်းထားပြီး သူ့ကို လစ်ဗျားနိုင်ငံကို ပြန်ပို့မှာမဟုတ်ဘူးလို့တော့ ကြေညာထားပါတယ်။ ဂဒါဖီရဲ့ လက်ထောက်တွေ မိသားစုဝင်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကတည်းက အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

မနေ့က သောကြာနေ့မှာပဲ လစ်ဗျားနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုတွေကို လျော့ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ လစ်ဗျား ပြည်တွင်းစစ်နောက်ပိုင်းမှာ ပုံမှန်အခြေအနေတွေ ပြန်ဖြစ်လာဖို့အတွက် အရင်တုန်းက နိုင်ငံပိုင် ရေနံကုမ္ပဏီနဲ့ ဗဟိုဘဏ်တွေကို အရေးယူထားတာတွေကို ပြန်လည် လျှော့ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗျားနိုင်ငံကို အကူအညီတွေပေးဖို့အတွက် ကုလသမဂ္ဂအဖွဲ့တခု ဖွဲ့ရေးကိုလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့ပါတယ်။

XS
SM
MD
LG