လစ်ဗျားနိုင်ငံထဲမှာ နိုင်ငံရပ်ခြားက စွမ်းအင်ကုမ္ပဏီ ၅ ခု လုပ်ငန်းတွေကို လုပ်ကိုင်နေပြီလို့ လစ်ဗျား ယာယီအစိုးရက ပြောကြားလိုက်ပါတယ်။ ဒါဟာ လစ်ဗျားနိုင်ငံကို စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေနဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် ယိုယွင်းနေတဲ့ စီးပွားရေး ပြန်ပြီး ထူထောင်ဖို့ကြိုးစားနေတဲ့ ခြေလှမ်းတရပ်လို့ ဆိုပါတယ်။ ဒီကုမ္ပဏီ ၅ ခုထဲမှာ အီတလီ ရေနံကုမ္ပဏီကြီးဖြစ်တဲ့ ENI လည်း ပါတယ်လို့ အမျိုးသား အသွင်ကူးပြောင်းရေး အာဏာပိုင်အဖွဲ့ NTC က Aref Ali Nayed က သောကြာနေ့က ပြောပါတယ်။
လစ်ဗျားခေါင်းဆောင် မိုမာဂဒါဖီရဲ့ သစ္စာခံတွေနဲ့ လပေါင်းများစွာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ လစ်ဗျားနိုင်ငံ ပြန်ပြီး နလန်ထူလာနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ NTC ခေါင်းဆောင်တွေနဲ့ နိုင်ငံရပ်ခြား အရာရှိတွေရဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ဆွေးနွေးပွဲအပြီးမှာ အခုလိုပြောကြားလိုက်တာပါ။
မနေ့ကတော့ လစ်ဗျား ယာယီအစိုးရအဖွဲ့ကို ထောက်ပံ့ဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ဒေါ်လာ ထောင်ပေါင်း ၁ သောင်း ၅ ထောင် ပေးဖို့အတွက် သတိထားခဲ့ကြပါတယ်။ ဒီငွေတွေကို အကောင်းဆုံး ဘယ်လိုသုံးနိုင်မလဲ ဆိုတာကို လစ်ဗျား ပြန်လည်ထူထောင်ရေး အဖွဲ့က ဆန်းစစ်နေပါတယ်။
တချိန်တည်းမှာပဲ တူရကီက သူ့နိုင်ငံထဲမှာ လစ်ဗျားသံရုံးကို သောကြာနေ့မှာ ပြန်ပြီးဖွင့်ပေးလိုက်သလို ကြာသပတေးနေ့ကတော့ ရိုမေးနီးယားနဲ့ ရုရှားနိုင်ငံတွေက လစ်ဗျားမှာ လက်ရှိအုပ်ချုပ်နေတဲ့ NTC အဖွဲ့ကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့ကြပါတယ်။