သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီ့သားကြီးကို လစ်ဗျားမှာ ရုံးတင်မည်


ဇင်တန်မြို့အသွား လေယာဉ်ပေါ်တွင် တွေ့ရသည့် Saif al-Islam Gadhafi။ နိုဝင်ဘာ ၁၉၊ ၂၀၁၁
ဇင်တန်မြို့အသွား လေယာဉ်ပေါ်တွင် တွေ့ရသည့် Saif al-Islam Gadhafi။ နိုဝင်ဘာ ၁၉၊ ၂၀၁၁

ကွယ်လွန်သူ လစ်ဗျား အာဏာရှင်ခေါင်းဆောင်ဟောင်း မွမ်မာ ဂဒါဖီရဲ့ အရိုက်အရာကို လက်ခံရယူမယ့်သူလို့ သတ်မှတ်ခံထားရတဲ့ သားကြီး Saif al-Islam Gadhafi ရဲ့အမှု ကို လစ်ဗျားနိုင်ငံအတွင်းမှာပဲ ကြားနာ စစ်ဆေးမှာဖြစ်ပြီး ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးကို လွှဲပြောင်းပေးမှာ မဟုတ်ဘူးလို့ လစ်ဗျားပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ICC ရဲ့ အကျိုးဆောင်ရှေ့နေ Luis Moreno Ocampo တနင်္လာနေ့ လစ်ဗျားနိုင်ငံကို လာတဲ့အခါ ဆွေးနွေးသွားမယ်လို့ ပြန်ကြားရေးဝန်ကြီး Mahmoud Shammam က ပြောပါတယ်။

Saif al-Islam က ရာဇဝတ်မှုတွေကို လစ်ဗျားနိုင်ငံအတွင်းမှာပဲ ကျူးလွန်ခဲ့တာဖြစ်တဲ့ အတွက် သူ့အမှုကို လစ်ဗျားနိုင်ငံအတွင်းမှာပဲ ကြားနာ စစ်ဆေးတာက ပိုပြီး သဘာ၀ ကျမယ်လို့ Mahmoud Shammam က အေပီသတင်းဌာနကို ပြောပါတယ်။

Saif al-Islam ကို တိုင်းပြည်တောင်ပိုင်း သဲကန္တာရအတွင်း နိုင်ဂျာနိုင်ငံအနီးမှာ ကြားဖြတ်အစိုးရ ပ်ဖွဲ့တွေက စနေနေ့ မိုးမလင်းခင်လေးမှာ ဖမ်းမိလိုက်ကြတာပါ။ နောက်ပိုင်း ညွန့်ပေါင်းအစိုးရက သူ့ကို ဇင်တန်းမြို့ကို လေယာဉ်နဲ့ ခေါ်သွားခဲ့ပါတယ်။

ဖခင်ဖြစ်သူ ဂဒါဖီ အာဏာရနေစဉ်အတွင်း ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့ရာမှာ လူမဆန်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့မှုနဲ့ တရားစွဲဆိုဖို့ နယ်သာလန်အခြေစိုက် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက Saif al-Islam၊ အာဏာရှင်ဟောင်း မွမ်မာ ဂဒါဖီနဲ့ ထောက်လှမ်းရေး အကြီးအကဲတို့ကို ဇွန်လအတွင်းမှာ ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။

အာဏာရှင်ဟောင်း မွမ်မာ ဂဒါဖီကတော့ ကြားဖြတ်အစိုးရ တပ်ဖွဲ့တွေရဲ့ လက်ချက် ကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က သူ့ရဲ့ ဇာတိ Sirte မြို့မှာ ပစ်သတ်ခံ ခဲ့ရပါတယ်။

XS
SM
MD
LG